ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ တိုးဂိတ်များ စစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ ကြည့်ရှုစစ်ဆေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း)ရှိ တိုးဂိတ်များ စစ်ဆေးခြင်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ ကြည့်ရှုစစ်ဆေး

နေပြည်တော်  မတ်  ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးလမ်းပိုင်း) ရှိ   ပန်းတင် တိုးဂိတ်   လမ်းအသုံးပြုခ ကောက်ခံနေမှု၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး  မိုင်တိုင်အမှတ် ၂၄၂ မိုင် ၁ ဖာလုံနှင့် ၂၄၃ မိုင်ရှိ ဆင်သေချောင်း တံတားအဝင်အထွက် ကွန်ကရစ်လမ်း နှစ်လမ်းသွားမှ လေးလမ်းသွား ချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ပေပင်လေးတိုးဂိတ်၊ သီးကုန်းတိုးဂိတ်တို့၌ လမ်းအသုံးပြုခ ကောက်ခံနေမှု၊ သီးကုန်းယာဉ်ရပ်နားကွင်း အတွင်းရှိ EV  Charging  Station   အသုံးပြု ဆောင်ရွက်နေမှု၊ ကံကောင်းတိုးဂိတ်၊ ပြင်စည်တိုးဂိတ်၊ စကားအင်း တိုးဂိတ်များ၏ လမ်း အသုံးပြုခ ကောက်ခံနေမှု၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ EV  Charging  Station ဆောင်ရွက် ပြီးစီးမှုနှင့် တံခွန်တိုင်တိုးဂိတ် လမ်းအသုံးပြုခကောက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက လမ်းအသုံးပြုခကောက်ခံရရှိငွေ   အပြည့်အဝရရှိရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ ငွေကြေးမသမာမှု မဖြစ်စေရေး၊ CCTV နှင့် Computer စနစ်ဖြင့် ဆောင်ရွက်ပြီး လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရေး၊ တာဝန်ရှိသူများက အမြဲမပြတ်စစ်ဆေးပြီး စာရင်းများ မှန်ကန်စွာ တင်ပြနိုင်ရေး အလေးထားကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အမြန် လမ်းမကြီး အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာ ရန်ကင်း ပြည်သူ့အငှားအိမ်ရာသို့ ရောက်ရှိရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်း ပြီးစီးမှုနှင့် အိမ်ခန်းနေရာချထားမှု၊ မြေညီထပ်အခန်းများအခန်းဖွဲ့  ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးက ပြည်သူ့ အငှားအိမ်ရာစီမံကိန်း မြေနေရာလွှဲပြောင်းရရှိမှု အခြေအနေ၊ Phase 1 တွင် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများ၊ အိမ်ရာအတွင်း  ရေ၊ မီးရရှိမှုနှင့်  လမ်း၊  တံတား၊ ရေမြောင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများကိုလည်းကောင်း၊ အိမ်ရာတာဝန်ခံအရာရှိက အိမ်ရာ သာယာရေး ကော်မတီ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှု၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲဆောင်ရွက်မှုနှင့် လူမှုကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်း အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးကအိမ်ရာလုံခြုံရေး၊  စည်းစနစ် တကျရှိစေရေးတို့နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားပြီး မင်္ဂလာရန်ကင်း ပြည်သူ့အငှား အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း  သိရသည်။                     

 (သတင်းစဉ်)