စည်းလုံးသော အင်အားဖြင့် ကြိုးပမ်းဆောင်ရွက်
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်)
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစတင်ကာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ထိုသို့ကျင့်သုံးရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် အခိုင်အမာ ပြဋ္ဌာန်းထားရှိသည်။ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး အဆိုပါစနစ်ကို ကျင့်သုံးခြင်းဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူတို့၏ လိုလားတောင့်တချက်နှင့် အညီ ပေါ်ပေါက်လာသည့်စနစ်ဖြစ်သည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရန်အတွက် တပ်မတော်၏ တာဝန်များကိုလည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်း ပေးထားသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀(က) “တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်” ဟုလည်းကောင်း၊ ပုဒ်မ ၂၀ (စ) "တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်" ဟု လည်းကောင်းပြဋ္ဌာန်းထားသည်။ ဤပြဋ္ဌာန်းချက်များမှာ နိုင်ငံတော်သည် စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးကာ နိုင်ငံတည်ငြိမ်ဖွံ့ဖြိုး တိုးတက်လာရေးကို ဦးတည်ခြင်းဖြစ်ပြီး တပ်မတော်ကိုလည်း ဤဖွဲ့စည်းပုံနှင့် ပတ်သက်လာလျှင် ကာကွယ် စောင့်ရှောက်ရန်ဖြစ်သည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် အရေးကြီးဆုံးအချက်မှာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဖြစ်သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအတွက် အကျည်းတန် အရုပ်ဆိုးစေခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများ ထင်ရှားစွာ ပေါ်ပေါက်ခဲ့သည်။
မဲမသမာမှုမှာ စစ်ဆေးတွေ့ရှိချက်များအရ မဲမသမာမှုအရေအတွက် ၁၁ သန်းခန့်ရှိခဲ့သည်။ မဲမသမာမှုကိုဖြေရှင်းပေးရန် အခြားသောနိုင်ငံရေး ပါတီများနှင့် တပ်မတော်က သက်သေအထောက်အထား အချက်အလက်ခိုင်မာစွာ တင်ပြတောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုသည်ကို မျက်ကွယ်ပြုခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီအရေး ပေါ်ကာလ ပေါ်ပေါက်လာရခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)နှင့် အညီ ပေါ်ပေါက်လာသည့် အစိုးရဖြစ်သည်။ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကို ဖော်ဆောင်ပေးနိုင်မည့် စစ်ဘက်၊ အရပ်ဘက်မှပုဂ္ဂိုလ်များကို ရွေးချယ်၍ ဖွဲ့စည်းတာဝန် ပေးထားခြင်းဖြစ်သည်။ စတင်တာဝန်ထမ်းဆောင်ခဲ့စဉ် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့ရသည့် အကျပ်အတည်းများနှင့် နိုင်ငံရေး အမြတ် ထုတ်လိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ ထိုဖြစ်စဉ် ဖြစ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် နိုင်ငံတော်တွင် နိုင်ငံရေးအရ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုကို အခွင့်ကောင်းရယူ၍ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ရှိလာခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၃ ရက်က ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် လုံခြုံရေးနှင့် ပတ်သက်၍ "ဒေသအတွက် ကောင်းရာ ကောင်းကျိုးဆောင်ရွက်မည့်သူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ပြည်သူ့လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆင့်ဆင့် သတင်းပေးသည့်စနစ်ကို ဖော်ဆောင်ခြင်းအားဖြင့် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ တစ်ဦးချင်းနှင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ လုံခြုံရေးအသိတရားဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက လုံခြုံရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံကောင်းအောင် ဆောင်ရွက်ခြင်း ပင်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေကာကွယ် စောင့်ရှောက်သွား မည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အဓမ္မ ဝင်ရောက်နေထိုင်သည့်မြို့၊ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အအုံများ၊ အရပ်ဘက် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိသည်။ တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုများ အမြန်ဆုံးပြန်လည် ရရှိရေးအတွက် စည်းလုံးသော အင်အားဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူတို့၏ အသုံးချခံရမှု မခံရစေရေးနှင့်ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။