မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

ပါတီယူနစ် ကော်မတီဝင်သည် လူမှုရေးလုပ်ငန်း စည်းရုံးရေးစကားပြောရင်း -

“ဒီဘက် ကျွန်းစဉ်နယ်က ၉ တန်းမှာ ခုံအမှတ် နပ/၁ နဲ့ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသားတစ်ယောက်ရှိတဲ့အကြောင်း၊  ဒီကျောင်းသား ဖြေဆိုထားမှုတွေ တော်တော်ကောင်းကြောင်း၊     မြန်မာစာပြဆရာ ဦးဖြူစိန်ဦး (မြေပုံဇာတိ) က ဒီကျောင်းသားရေးထားတဲ့ စာစီစာကုံးဟာ စာရေးကောင်းတဲ့ စာရေးဆရာတစ်ဦး ရေးထားသလိုပဲတဲ့ တင်စားချက်၊ တင်ပြချက် အထောက်အထားလေးတွေနဲ့ အရမ်းကောင်းတယ်လို့ပြောတယ်”

“နောက်ပြီး ဘောဂဗေဒပြတဲ့ ဆရာဦးသိန်းလွင် (ရန်ကုန်ဇာတိ)ကလည်း ခုံအမှတ် နပ/၁ (ပြင်ပဖြေ) ကျောင်းသားရဲ့ ဘောဂဗေဒဘာသာရပ်မှာ စာရင်းကိုင် တွက်ချက်ထားတာ   တော်တော်အဆင်ပြေတယ်၊ အစမ်းရှင်းတမ်းမှာ နှစ်ဖက်သွင်းစာရင်းတွေ အကုန်မှန်ပြီး အဖြေမှန်ထွက်တယ်၊ နောက်ပြီးတော့ ဇယားပုံစံနဲ့တွက်ထားတာ အဆင့်မြင့်တယ်၊ မြေပုံ အ.ထ.က ကျောင်းတွင်းက ကျောင်းသားတွေမှာတောင် T ပုံစံလေးနဲ့ဆိုတော့   သူ့ဖြေဆိုချက်က    တော်တော်ကောင်းနေတယ်လို့ ပြောတယ်”

ပါတီယူနစ်ကော်မတီဝင် ရွာသားတွေကိုခေါ်ပြီး ဝိုင်းဖွဲ့ပြောနေရာသို့   ကျွန်တော်ရောက်လာသည်။

သို့သော်   “နဝမတန်း  (ပြင်ပဖြေ)   နပ/၁ ဆိုတာ ကျွန်တော်ပါခင်ဗျ”  လို့   ကျွန်တော်မပြောရဲပါ။

ရင်ထဲမှာကျိတ်ခံစားရင်း အပျော်လုံးဆို့နေပါတော့သည်။

ကျွန်တော်သည် ၁၉၇၅-၁၉၇၆ ပညာသင်နှစ်တွင် နဝမတန်းဟူသော ကျောင်းတွင်းစာမေးပွဲကို (ပြင်ပဖြေ) ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့လေပြီ။ ကျွန်တော် စာမေးပွဲဖြေဆိုနိုင်ရေး အတွက် လှုပ်ရှားရုန်းကန်မှုနှင့်   စာမေးပွဲ အောင်မြင်ခြင်းတို့မှာ   ခက်ခဲပင်ပန်းလှပါသည်။ ပြောရလျှင် ဆူးကြားထဲတွင်သီးသော ဘူးသီးလို ချောချောမွေ့မွေ့ဖြစ်မလာခဲ့ဟု ဆိုရပေမည်။  ကျွန်တော်   ကျောင်းတော်မြေမှ နဝမတန်းစာမေးပွဲရှုံးပြီး ထွက်ခွာလာခဲ့သည်မှာ ၁၉၆၇ ခုနှစ်ဖြစ်ပြီး  ယခုနဝမတန်းကို ပြန်ဖြေဖြစ်သည့်ကာလသည်  ၁၉၇၆  ခုနှစ်ဟုဆိုပါလျှင် နှစ်ပေါင်း ၁၀ နှစ်တိတိ ကြာခဲ့လေသည်။ ပြောရလျှင် ၁၉၆၇ ခုနှစ်တွင် မွေးသော ကလေးတစ်ယောက် ၁၀ နှစ်ဆိုသော အသက်အရွယ်သည်     စတုတ္ထတန်းကျောင်းသား အရွယ်သို့ရောက်နေချေလေပြီ။

ဆန်းစစ်ကြည့်ရလျှင်  မိသားစုဘဝ အဆင်မပြေခြင်း၊  လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် စာပေဝမ်းစာဖြည့်သွင်းရာတွင် အချိန်ယူရခြင်းတို့ကြောင့်ပင် ဖြစ်ပေတော့သည်။

 

၁၉၇၆-၁၉၇၇  ပညာသင်နှစ်သည်ကား ကျွန်တော် ဘညွန့်အတွက်  ၁၀ တန်းတည်းဟူသော ဘဝအဆုံးအဖြတ်စာမေးပွဲကို  ဆင်နွှဲရမည့်   ရာသီကာလပေတည်း။ ကျွန်တော်ရပ်တည်နေသည့် အမေ့ရွာ သရက်တောင်တွင်    ခုအချိန်၊ ခုကာလအထိ  ၁ဝ တန်းဟူ၍ တစ်ဦးတလေမျှပင် မရှိဖူးသေးချေ။ ခုတော့ ကျွန်တော်စာမေးပွဲအတွက်  တိုက်ပွဲဝင်တော့မည်။

၁၉၆၇ ခုနှစ်က စာမေးပွဲရှုံးသည်ဟု သိလိုက်ရသည့်နေ့တွင်  စပ်ဆိုခဲ့သည် “ယုံကြည်ချက်” ကဗျာကို အကောင်အထည်ဖော်ရတော့မည်။ ဘဝစာမေးပွဲအတွက်  တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသလို ပြင်ဆင်မှုတွေ အသင့် လုပ်ရပေတော့မည်။ ကျွန်တော်ဖြေဆိုရမည့် ဝိဇ္ဇာတွဲဘာသာရပ်တွင်– ပင်ရင်းမြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီဝင်၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာတို့ ဖြစ်ကြသည်။

အထက်တန်းကျောင်းသား   ဘဝတစ်လျှောက် ကျွန်တော့်အား   ဒုက္ခလှလှပေးခဲ့သော သင်္ချာ(၁)၊ သင်္ချာ(၂)ဘာသာရပ်ဟူသည်တို့ ပြုတ်ကျကျန်ခဲ့ပြီး ကျွန်တော့်အတွက်   ကိုယ်ပိုင်ဘာသာလိုဖြစ်နေခဲ့သော   စိတ်ကြိုက်မြန်မာစာက  အစားထိုး နေရာယူလာခဲ့ပေရာ ကျွန်တော်အလွန် ကျေနပ်သွားသည်။ “အားမလျှော့နဲ့ တောင့်ထား” ဆိုသလို ဖြစ်နေခဲ့သည်မှာကား အမှန်ပင်။

၁၉၇၆-၁၉၇၇ ပညာသင်နှစ် အခြေခံပညာ အထက်တန်းစာမေးပွဲကိုဖြေဆိုရန် ကျွန်တော်   ကြိုတင်ပြင်ဆင်လိုက်ပေပြီ။   မြန်မာစာဘာသာရပ်တွင် ပင်ရင်းစကားပြေ လက်ရွေးစင်နှင့် အထက်တန်းကဗျာ လက်ရွေးစင်တို့ကို ပြဋ္ဌာန်းထားသည်။ စိတ်ကြိုက်မြန်မာစာတွင်  စိတ်ကြိုက်စကားပြေ လက်ရွေးစင်နှင့်  အထက်တန်းကဗျာ လက်ရွေးစင်တို့ကို ပြဋ္ဌာန်းထားသည်။ မြန်မာစာဘာသာရပ် နှစ်ခုကို နဝမတန်းဖြေဖို့ ပြင်ဆင်တုန်းကပင် အလီလီအခါခါ ဖတ်ရှုလေ့ကျင့်ပြီးသား ဖြစ်သည့်အပြင်  ဖြေလည်းဖြေပြီးထား၍   ယဉ်ပါးနေသလိုတောင်   ဖြစ်နေခဲ့ပေပြီ။ ပင်ရင်းမြန်မာစာနှင့် စိတ်ကြိုက်မြန်မာစာတို့အတွက် ကဗျာတွင် အထက်တန်းကဗျာလက်ရွေးစင် တစ်အုပ်တည်းကို ပြဋ္ဌာန်းထားပေသည်။ နဝမတန်းတုန်းက စာမေးပွဲတွင်ပါနိုင်သည်ဟု အာရုံရသော ကဗျာများကို ဦးစားပေး၍ ဖတ်သည်။ ဦးစားပေး၍ လေ့ကျင့်သည်။ သည်နှစ်တွင်တော့ နင်လားငါလား အကျိတ်အနယ် ယှဉ်ပြိုင်ပြီး အနိုင်ယူရမည်ဖြစ်၍ ပင်ရင်းမြန်မာစာနှင့်  စိတ်ကြိုက်မြန်မာစာမှာပါ  ပြဋ္ဌာန်းထားသော ကဗျာများကို မူရင်းအတိုင်း တစ်ပုဒ်မကျန် အလွတ်ရအောင် ကျွန်တော်ကျက်တော့သည်။ ဘာသာရပ်နှစ်ခုအတွက် အကုန်လုံး ၅၆ ပုဒ်တိတိ ပါဝင်သည်။ ကျွန်တော့်မှာ  ကျောင်းနေတုန်းကပင် ကဗျာဖတ်ခြင်း၊   ကဗျာရေးခြင်း၊   ကဗျာလေ့လာခြင်းတို့ကို အလေးထားပြီး လေ့ကျင့်ခဲ့သဖြင့်   ကဗျာမူရင်းကို ကျက်မှတ်ထားလျှင်  မည်သည့်ပုံစံနဲ့ပင်  မေးသည်ဖြစ်စေ  စကားပြေပြန်ပြီး  ဖြေဆိုနိုင်စွမ်းရှိသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားသည်။

စကားပြေတွင်လည်း ပင်ရင်းစကားပြေ လက်ရွေးစင် ၆၁ ပုဒ်၊ စိတ်ကြိုက်စကားပြေ လက်ရွေးစင် ၅၁ ပုဒ် တို့ကို  အခါခါဖတ်ပြီး  အထပ်ထပ်လေ့ကျင့်သည်။ စာသင်နှစ်  နှစ်လယ်လောက် အရောက်တွင်  ကမ်းထောင်းကြီးရွာက မောင်မောင်ထွန်းနှင့် ရွှေတင်အေးတို့ဆီက ဝိဇ္ဇာဘာသာရပ် မှတ်စုတချို့ကို ဗလာစာအုပ်တွင်ရေးပြီး ပေးပို့လာကြပြန်သည်။ သူတို့လည်း ၁၀ တန်း (ပြင်ပဖြေ) ဝင်ဖြေကြသူများပင် ဖြစ်ကြသည်။ သူတို့နှစ်ယောက် ကျွန်တော့်ကို  တတ်နိုင်သည့် အနေအထားကလေးဖြင့် ကူညီကြခြင်းပင်ဖြစ်ပေသည်ဟု နားလည်မိပါသည်။  ယင်းနှစ်ထဲမှာပင် ကျောက်ဖြူမြို့က အခြေခံပညာ အထက်တန်းစာမေးပွဲ မေးခွန်းလွှာများ ကျွန်တော့်ဆီရောက်လာခဲ့သည်။ မည်သူပေးပို့လိုက်မှန်း ကျွန်တော် သေသေချာချာ မမှတ်မိတော့ပါ။ ကျွန်တော့်အပေါ် မေတ္တာရှိသော  အသိုင်းအဝိုင်းကပဲ ဖြစ်ပါလိမ့်မည်။  ယင်းမေးခွန်းလွှာများကို လေ့လာမှု(Question Study) လုပ်ခွင့်ရသဖြင့် လွန်စွာပျော်ရပြီး စာမေးပွဲဖြေဆိုနိုင်ရေးအတွက် များစွာအထောက်အကူပြုခဲ့ပေသည်။ ဒေါ်ခင်မြရွှေ  (ထက်/ပြ) (ထ/၂)  ကျောက်ဖြူမြို့မှ ပို့လိုက်ကြောင်း နောက်မှသိရသည်။ ဒေါ်ခင်မြရွှေတို့ မိဘများမှာ ကျောက်ဖြူမြို့သို့   အပြီးပြောင်းရွှေ့ သွားကြသည်။  ၁၉၆၇ ခုနှစ် ကျွန်တော် နဝမတန်းဖြေနေချိန်တွင် ဒေါ်ခင်မြရွှေကို ပဉ္စမတန်းကျောင်းသူအဖြစ်  တွေ့ခဲ့ရသည်။  ယခု  ကျွန်တော့်ဘဝနှင့် ဖြစ်ပျက်မှုအစုံစုံတို့ကို သူသိရပြီး ကျွန်တော်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် အထောက်အကူဖြစ်စေရန် ပို့ပေးခြင်းပင် ဖြစ်တန်ရာပေသည်။

ဆက်လက်ဖော်ပြပါမည်။