သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာနှင့် ICT Training Center များအား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ
နေပြည်တော် မတ် ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ပြီး ဂေဟာတွင် လူမှုရေးအရအထီးကျန်နေသော၊ နာတာရှည်ဝေဒနာ ခံစားနေမှုမရှိသော အသက် ၇၀ နှစ်နှင့် အထက်ဘိုးဘွားများအား နေ့ပိုင်းစောင့်ရှောက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။
ဦးစွာ ဂေဟာတာဝန်ခံက ဘိုးဘွားများအား တစ်ဦးချင်းစီနှင့်အုပ်စုအလိုက် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊ ဘိုးဘွား များအား မိမိတို့၀ါသနာပါရာလုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ဘုရားဖူးနှင့် လေ့လာရေးခရီးများ စီစဉ် ဆောင်ရွက်ပေးခြင်း၊ မူလတန်းကြိုကျောင်းများမှ ကလေးများ၊ လူငယ်များ၊ အခြားဘိုးဘွားရိပ်သာများမှ ဘိုးဘွားများနှင့် တွေ့ဆုံပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘုရားခန်း၊ အဘိုး၊ အဘွားအိပ်ဆောင်၊ စာကြည့်တိုက်၊ ပန်းချီခန်း၊ ကာရာအိုကေခန်း၊ ဆေးကုသခန်း၊ ဆံသခန်း၊ မီးဖိုဆောင်နှင့် ထမင်းစားဆောင်၊ သက်ကြီး ရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Care Giver) သင်တန်းဖွင့်လှစ်သော သင်တန်းဆောင် များ ကြည့်ရှုပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး အစည်း အဝေးခန်းမ၌ ဦးစီးဌာနသုံးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ စေတနာထား၍ ဆောင်ရွက် ရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနသုံးခုမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာ ကို အတူတကွသုံးဆောင်ကြပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးက ရန်ကုန်တိုင်း ဒေသကြီး အတွင်း လူမှုဝန်ထမ်းလုပ်ငန်းရပ်များ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် Nippon Foundation တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မသန်စွမ်းသူများအတွက် ICT နည်းပညာဆိုင်ရာ အသက်မွေး ဝမ်းကျောင်း သင်တန်းများပို့ချပေးလျက်ရှိသော သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာ သင်ကြား လေ့ကျင့်ရေးစင်တာ (Information Communication Technology (ICT) Training Center)သို့ ရောက်ရှိပြီး စင်တာ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ ပြည်ထောင်စုဝန်ကြီးက ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)