၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များတက်ရောက်
နေပြည်တော် မတ် ၁
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့် စနူကာ အားကစားရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့မှ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည်သည်တော်များသည် “၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲဗိုလ်လုပွဲ” ပွဲစဉ်များအဖြစ် စနူကာ 15 Red အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ စနူကာ 6 Red အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ 9 Ball Pool အမျိုးသား တစ်ဦးချင်းပြိုင်ပွဲနှင့် 9 Ball Pool အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို ကြည်ရှု အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က 9 Ball Pool အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမား ဆုရရှိကြသူများကို ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဘိလိယက်အမှတ် အများဆုံးဆု၊ စနူကာ 15-Red အမှတ်အများဆုံးဆုနှင့် စနူကာ 15-Red အတိုးတက်ဆုံးဆု ရရှိကြသူများကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုး က ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က အမျိုးသမီး 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်း ကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က အမျိုးသား 9 Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်က အမျိုးသမီး 9 Ball Pool တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား 9 Ball Pool တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က စနူကာ 6- Red တစ်ဦးချင်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက စနူကာ 15-Red တစ်ဦးချင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူ များ ကိုလည်းကောင်း ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက် ဆုဖလားရရှိ သည့် ဧရာဝတီတိုင်းဒေသကြီးအသင်းကို တံခွန်စိုက်ဆုဖလားပေးအပ်သည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အမျိုးသားအသင်း ၁၃ သင်းနှင့် အမျိုးသမီး အသင်း ၁၀ သင်းဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)