ဟွန်ဒူးရပ်၌ ဟာရီကိန်းမုန်တိုင်းများကြောင့် ဒေါ်လာ ၁ဝ ဘီလီယံခန့် ဆုံးရှုံးပြီး နိုင်ငံတကာ အကူအညီများ လိုအပ်နေ

ဟွန်ဒူးရပ်နိုင်ငံ၌  ဟာရီကိန်းမုန်တိုင်းများ ဖြစ်သော အီတာနှင့်အိုင်အိုတာတို့ တိုက်ခတ်မှုကြောင့် အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံခန့်ဆုံးရှုံးပြီး ပြည်သူ ၄ သန်းကျော်မှာ   သဘာဝဘေး ခံစားခဲ့ရသည့်အတွက်   နိုင်ငံတကာမှ အကူအညီများ လိုအပ်နေကြောင်း ဟွန်ဒူးရပ်နိုင်ငံခြားရေး ဝန်ကြီးက ဒီဇင်ဘာ ၁၄ ရက်တွင်ပြောသည်။

အဆိုပါ ဟာရီကိန်းမုန်တိုင်းများသည် ပြီးခဲ့သည့်လတွင် နှစ်ပတ်အတွင်း တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်း တိုက်ခတ်မှုကြောင့် အလွန်ဆိုးဝါးသော ရေကြီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံအတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီများပေးရန် တောင်းဆိုလိုကြောင်း ဥရောပသမဂ္ဂ၊ လက်တင်အမေရိကနှင့်   ကာရေဘီယံကျွန်းဆွယ်ဒေသမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးစဉ် ဟွန်ဒူးရပ်နိုင်ငံခြားရေးဝန်ကြီး လီဆန်ဒရိုရိုဆေးကပြောခြင်း ဖြစ်သည်။

အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသော ဂျိုးဘိုင်ဒင်က    သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် ဗဟိုအမေရိက ဒေသသို့ ပေးထားသည့်   ထောက်ပံ့မှုများ ဖြတ်တောက်ထားခြင်းကို ရုပ်သိမ်းပေးမည်ဟု ကတိပြုထားသည်။

မုန်တိုင်းဒဏ်ကြောင့်  ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မည်သည့်နည်းဖြင့် တွက်ချက်သည်ကို အတိအကျ မသိရသော်လည်း ထိုသို့ ဆုံးရှုံးမှု တန်ဖိုးသည်   ဟွန်ဒူးရပ်နိုင်ငံ၏ ပြည်တွင်းအသားတင်   ကုန်ထုတ်လုပ်မှု တန်ဖိုးထက်ဝက်ခန့် ရှိကြောင်း    သိရသည်။

Ref: TST