ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး

 

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ အောက်တိုဘာ  ၁၃  ရက်)

    မြန်မာနိုင်ငံအတွင်း  ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လျက်ရှိသည်။ အောက်တိုဘာလ ၉ ရက်က တတိယအကြိမ် အလှူငွေပေးအပ် လှူဒါန်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက ပြန်လည်ထူထောင်ရေး ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသည့် ဒေသများရှိ  အဆောက်အဦများ၊ လမ်းတံတားများနှင့် ပြည်သူများ၏ ဘဝပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရမှ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များ အနေဖြင့်လည်း တတ်နိုင်သရွေ့ လှူဒါန်းခြင်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက်ဖြင့် အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အတွက်  အလှူငွေပေးအပ်ပွဲများ ဆောင်ရွက်ခဲ့ရာတွင် ပထမအကြိမ်၌ ငွေကျပ် ၃၂ ဘီလီယံကျော် ရရှိခဲ့ပြီး  ဒုတိယအကြိမ်တွင်  ငွေကျပ် ၁ဝ  ဘီလီယံကျော်ရရှိခဲ့သည်။  စေတနာရှင်၊အလှူရှင်များ အနေဖြင့်  အခက်အခဲများကြားမှ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထင်မှတ်မထားလောက်သည့် များပြားသော အလှူငွေပမာဏများ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခြေအနေများ ကြုံတွေ့ချိန်၌ လူတစ်ဦးချင်းနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း အသီးသီးမှလည်း လှူဒါန်းမှုများရှိသည်။ ထို့အတူဒေသ အသီးသီးတွင်လည်း လူမှုရေးအသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အလိုက် မိမိတို့အစီအစဉ်ဖြင့် လိုက်လံကူညီ လှူဒါန်းပေးနေခြင်းများရှိပြီး ၎င်းတို့လှူဒါန်းသည့် ပစ္စည်းအင်အား၊ ငွေအင်အားများမှာလည်း များပြားလျက်ရှိသည်။ ထိုသို့ကူညီဆောင်ရွက်ပေးနေမှုအပေါ် နိုင်ငံတော်အစိုးရ အနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ပြောကြားထားပြီးဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ချိန် တွင်လည်း နိုင်ငံတော်အစိုးရနှင့် အတူ စေတနာရှင်၊ အလှူရှင်များအနေဖြင့် ပါဝင်လှူဒါန်းခဲ့ကြသည်။ မြန်မာနိုင်ငံသားများအနေဖြင့် လူမှုရေး ကိစ္စရပ်များတွင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းလိုသည့် စိတ်ရင်း စေတနာများ၊ အခြေခံစိတ်ဓာတ်ကောင်းများကို ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရခြင်းမှာ ကြည်နူးဖွယ်ကောင်းလှသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် အောက်တိုဘာလ ၉ ရက်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံအတွင်း ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက  အလှူငွေများ တတိယအကြိမ် ပေးအပ်လှူဒါန်းပွဲတွင် ကျေးဇူးတင်စကား ပြန်လည်ပြောကြားစဉ် ‘‘ရေဘေးသင့်ခဲ့ရသည့်ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  အလှူရှင်များ အနေဖြင့်လည်း ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်းပေးခြင်းကြောင့် လုပ်ငန်းများ ပိုမိုမြန်ဆန်စွာဖြင့် ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ရေဘေးသင့်ပြည်သူများ အတွက် လှူဒါန်းငွေစုစုပေါင်းမှာ ငွေကျပ်ဘီလီယံ ၅ဝ  ကျော်ရှိပြီဖြစ်ကြောင်း၊   နိုင်ငံတော်အနေဖြင့်   နှစ်စဉ်ဖြစ်ပေါ်လာခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လိုအပ်သည့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအနေဖြင့် ရုတ်တရက်ရေကြီး ရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် လက်လှမ်းမီသည့် ရရာပစ္စည်းများကိုသာ ယူ၍ ဘေးလွတ်ရာသို့ ရေဘေးရှောင်ခဲ့ရခြင်းဖြစ်သည်။ တစ်ဦးချင်းစီအလိုက်၊ မိသားစုချင်းစီအလိုက် ပျက်စီးဆုံးရှုံးမှု ပမာဏများ များပြားသည်။ ယခင်နှစ်ပေါင်း များစွာကတည်းက ရေကြီးရေလျှံမှု တစ်ကြိမ်မျှဖြစ်ပေါ်ခဲ့ခြင်း မရှိသည့်ဒေသများ၌ မျှော်လင့်မထားသည့် ညအချိန်တွင် တောင်ကျရေများ ရုတ်တရက် အရှိန်အဟုန် အလုံးအရင်းဖြင့် စီးဆင်းလာခြင်းကြောင့် အချို့မှာရှောင်တိမ်းချိန်မရဘဲ အသက်ဆုံးရှုံးခဲ့ရမှုများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ အနက် ပျက်စီးမှု အများဆုံးပင်ဖြစ်သည်။

လူနေအိမ်များနှင့် စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတားများ၊ လျှပ်စစ်တာဝါတိုင်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ အလားတူ မွေးမြူရေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ရသည်။ ရေဘေးသင့်ခဲ့ရသည့် ဒေသများ၌  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလှူရှင်များအနေဖြင့်   တစ်ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်းပေးခြင်းကြောင့် လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ ပြီးမြောက်နိုင်မည်ဖြစ်သည်။ လက်ရှိအချိန်အထိ အချို့ဒေသများ၌ ရေကျဆင်းမှုမရှိသေးခြင်း၊ ရေဝင်ရောက်မှု များပြားခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို လုပ်ဆောင်၍မရသေးကြောင်း သိရှိရသည်။

အနှစ်ချုပ်ဆိုရသော် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။     ။