မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

    ကိုစောသိန်းမောင်ရော    ကျွန်တော်ပါ    ဘာပြန်ပြောရမှန်းမသိ။ မှင်တက်မိသလို ဖြစ်နေကြပေပြီ။

"မဖြစ်ဘူး သား၊ အဲဒီ ကျွန်းစဉ်ဆိုတာ ဗ.က.ပ တွေ ကြီးစိုးတဲ့နေရာတဲ့၊ သားဝါသနာနဲ့ မဖြစ်ဘူး၊ မလိုက်ရဘူးနော် သား"

"ဘော် ဘူ ဘော်"

သင်္ဘောကား ကမ်းမှထွက်ခွာဖို့ ဥဩသံပေးနေလေပြီ။

"ကိုစောသိန်းမောင်ရေ   အဆင်မပြေရင်လည်း   ကျန်ခဲ့တော့ဗျာ၊ ကျွန်တော် ကျောက်ဖြူမြို့မှာပဲ စုံစမ်းကြည့်ဦးမယ်၊ ရပါတယ် ကျန်ခဲ့ပါ၊ သင်္ဘောလည်း ဥဩဆွဲနေပြီ"

ကိုစောသိန်းမောင်မှာ    အမေ့စကားကိုလည်း   လွန်ဆန်လို့မဖြစ်၊

ကျွန်တော့်ကိုလည်း အလွန်အမင်းအားနာစွာ  ရီဝေမျက်ဝန်းနှင့် စိုက် ကြည့်နေ ပေတော့သည်။

"သားရေ   စိတ်မရှိနဲ့နော်၊   အမေ့သားစိတ်ဓာတ်နဲ့    သားတို့ဆီမှာ အဆင်ပြေမယ် မထင်လို့ပါကွယ်"

ကိုစောသိန်းမောင်၏အမေသည်  ကျွန်တော့်ကိုလည်း အားနာစွာ တောင်းပန်နေပေသည်။

"ရပါတယ်  အမေ  ရပါတယ်၊  ကျွန်တော်   ကျောက်ဖြူရောက်ရင် အဆင်ပြေသွားမှာပါ"

ကျွန်တော်သည် ကိုစောသိန်းမောင်ကိုရော ကိုရွှေထွန်းအောင်ကိုပါ လက်ပြနှုတ်ဆက်ပြီး အပြေးတစ်ပိုင်းလှမ်းကာ သင်္ဘောပေါ်သို့ တက်လာ ခဲ့ပေတော့သည်။

ကျောက်ဖြူမြို့သို့ရောက်သည်ဆိုလျှင်ပဲ ကျောင်းတက်ဖော် သူငယ်ချင်းများကို စုံစမ်းကြည့်ရာ ကိုကျော်ဌေးကို သွားတွေ့သည်။ ကိုကျော်‌‌‌ဌေးမှာ ကုန်းလမ်းပို့ဆောင်ရေးတွင် အလုပ်လုပ်ခဲ့ဖူးပြီး အလုပ်ထွက်လာသူဟု သိရသည်။ ကျွန်တော်ကျောင်းတက်တုန်းက ကိုကျော်ဌေးမှာ နဝမတန်း (D) သိပ္ပံခန်းတွင် ကျောင်းတက်ခဲ့သူဖြစ်သည်။ ယခု ကျွန်တော်နှင့် နဝမတန်း(ဃ) တွင် အတူကျောင်းတက်ခဲ့သူ မခင်ခင်ရွှေနှင့် အိမ်ထောင်ကျပြီး  သမီးလေးတစ်ယောက် ရနေခဲ့လေပြီ။ ၁၉၆၇ ခုနှစ်တွင် ကျွန်တော်သည် ကျောင်းထွက်လက်မှတ်ရ စာမေးပွဲရှုံးပြီး ကျောင်းထွက်ရချိန်တွင် မခင်ခင်ရွှေက စာမေးပွဲအောင်ပြီး ကျွန်တော့်အမေရွာ သရက်တောင်တွင် မူလတန်းပြဆရာမအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။

ကျွန်တော် ကိုကျော်ဌေးနှင့် တွေ့ချိန်တွင် ကိုယ့်ရပ်ရွာ၏ အခြေအနေနှင့်  တွဲဖက်အလယ်တန်းကျောင်း ဖွင့်လှစ်နိုင်ရေးအတွက်  ဘွဲ့ရဆရာတစ်ဦး မဖြစ်မနေ လိုအပ်နေ၍ ကူညီပေးပါရန် ပြောပြသည်။ ကိုကျော်ဌေး မှာ ကျွန်တော်နှင့်လည်း ကျောင်းနေဖက်ဖြစ်သည့်အပြင် သူ့ဇနီးသည် တာဝန်ကျခဲ့ရာ ရွာလည်းဖြစ်သဖြင့်     စိတ်ဝင်စားသွားပုံရသည်။ ကိုကျော်ဌေးသည် ကျွန်တော်နှင့်အတူ ရွာသို့တစ်ပါတည်း လိုက်ပါလာခဲ့ပေသည်။ ရွာရောက်တော့ ကျောင်းဖွင့်ရေးကို ညှိနှိုင်းကြရာ ကိုကျော်ဌေး အား တာဝန်ခံဆရာအဖြစ် တာဝန်ပေးကြပြီး ကျွန်တော့်ကိုလည်း သူနှင့် တွဲဖက်ကာ ဝိဇ္ဇာဘာသာရပ်များကို ပြသရန်တင်ပြပြီး အကူအညီတောင်းကြသည်။ ကျွန်တော့်မှာ  ကျောင်းဆရာဇော ကပ်နေသူဖြစ်ပေရာ လက်ခံဖြစ်သွားသည်။ ကိုကျော်ဌေးအတွက် လစာ ၃၀၀ ကျပ်ပေးရန် ညှိနှိုင်း အတည်ပြုကြသည်။ ကျွန်တော့်ကို ဒေသခံလည်း ဖြစ်သည့်အတွက် ၂၀၀ ကျပ် လက်ခံပေးပါရန် အကူအညီတောင်းကြသည်။ ကျွန်တော် သည် ဤကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ စောဒကမတက်သည့်အပြင် "ကျွန်တော် ကိုယ့်ရပ်ကိုယ့်ရွာက ကလေးတွေကို အရမ်းစာသင်ပြချင် နေတာပါ၊ ခုလို  ကျွန်တော့်ကို အလယ်တန်းအဆင့်စာတွေ  သင်ပြပေးဖို့  အကူအညီတောင်းတဲ့အတွက် ကျွန်တော်‌ကျေနပ်ပါတယ်။   ဒါပေမဲ့ ကျွန်တော့်ကို ၂၀၀ မပေးပါနဲ့၊ ၁၅၀ ပဲပေးပါ။  ကိုယ့်ရပ်ကိုယ့်ရွာက ကလေးတွေပဲ။ အတတ်နိုင်ဆုံး ကူညီပြီးတော့ ကြိုးစားပြီး သင်ပြပေးပါ့မယ်"

ကျွန်တော့်စကားအဆုံးမှာ ကျောင်းအုပ်ချုပ်မှု ကော်မတီဝင်များ အထူးအားရ ကျေနပ်သွားကြပြီး ကျွန်တော့်ကို ကျေးဇူးတင်မဆုံးဖြစ်နေကြကြောင်း သူတို့မျက်နှာများတွင် မြင်နေရသည်။ သူတို့ အပြုံးမျက်နှာ များကိုကြည့်ပြီး ကျွန်တော် အားရကျေနပ်မိသည်။ ကျွန်တော်သည် မိမိလစာ ၁၅၀ အနက် ငွေကြေးအခက်အခဲရှိသည့် ပဉ္စမတန်းကျောင်းသူ တစ်ယောက်အတွက်လည်း  တစ်လလျှင်   ငွေကျပ် ၃၅ ကျပ်   လစဉ် ထောက်ပံ့ခဲ့ပေသည်။

ကျောင်းဆရာဝိညာဉ် စွဲကပ်နေ‌သော ကျွန်တော်သည် ဝင်ကစွပ်ဆရာ ဘဝဖြင့် ငပသုန်ရွာတွင် မူလတန်းပြဆရာ တစ်နှစ်၊ သရက်တောင်ရွာသို့ ရောက်ပြီး အလွတ်ပညာသင် ကျူရှင်ဆရာအဖြစ် ငါးလ၊ ယခုအခါ တွဲဖက် အလယ်တန်းကျောင်းတွင် တွဲဖက်အလယ်တန်းပြ ဆရာအဖြစ် တိုက်ရိုက်တာဝန်ပေးခြင်း ခံခဲ့ရပြန်လေပြီ။ ကျွန်တော့်မှာ ကျောင်းဆရာလုပ်ရလျှင် မည်သည့်နည်းနှင့်ဖြစ်စေ လုပ်မည့်သူပင်။ ကလေးများကို စာသင်စာပြလုပ်နေရလျှင် ကျွန်တော်ပျော်သည်။ အလယ်တန်းပြဆရာ အဖြစ် အလယ်တန်းသင်ခန်းစာများကို သင်ပြရင်း ဆယ်တန်းစာအတွက်လည်း အထောက်အကူဖြစ်သည်ကို ကျွန်တော်သိလာခဲ့သည်။ ကောင်းကျိုးလုပ်လျှင် ကောင်းကျိုးရသည်ဆိုသော     ဗုဒ္ဓအဆိုအမိန့်သည် ကျွန်တော့်အသိအိမ်ထဲသို့ စိမ့်ဝင်ခဲ့ပေသည်။

ဆယ်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အားလုံး အောက်တိုဘာလ ဆိုလျှင် နှစ်စဉ်ပုံမှန် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်ရသည်။ ကျွန်တော်သည် ကိုယ်တိုင်ကျောင်းတက်ခဲ့ သော ကျောက်ဖြူမြို့ကို ရွေးချယ်လိုက်သည်။ ထိုစဉ် ကိုဘဆွေ(မူလတန်းပြ) နှင့် ကိုစံရွှေ(ကောင်စီစာရေး) တို့က သူတို့ မာန်အောင်မြို့ စာစစ်ဌာနတွင် ဖြေဆိုရန် တိုက်တွန်းကြသည်။

ကိုဘဆွေကဆိုလျှင် သူတို့အဖေ၊ အမေတို့မှာ မာန်အောင်မြို့တွင် နေထိုင်ကြသဖြင့် စာမေးပွဲဖြေရန် လွယ်ကူသည်။ သူတို့အိမ်မှာပဲ တည်းခိုနေထိုင်ပြီး  ဖြေဆိုရန်တိုက်တွန်းသည်။  သို့ဖြစ်၍ ကိုဘဆွေတို့အိမ်မှာ တည်းခိုနေထိုင်ပြီး ဖြေဆိုရန်အတွက်    မာန်အောင်မြို့ စာစစ်ဌာနကိုပဲ ရွေးပြီး  ကျွန်တော် လျှောက်လွှာ တင်လိုက်သည်။

ဆယ်တန်းစာမေးပွဲကြီးနှင့် ရင်ဆိုင်တိုးရတော့မည်ဖြစ်၍ ကျွန်တော် ပိုပြီး စာဖတ်သည်၊ စာကျက်သည်။ နှစ်အလိုက်မေးခွန်းဟောင်းများကို လေ့လာပြီး မည်သည့်ခုနှစ်တွင် မည်သည့်ပုစ္ဆာကို မေးသွားသည် စသည်ဖြင့် ဘာသာရပ်အလိုက် လေ့လာပြီး ယခုနှစ်တွင် မည်သည့်ဘာသာရပ်တွင် မည်သည့်စာပုဒ် ပါနိုင်သည်ဟုထင်လျှင်   အလေးအနက်ထားပြီး လေ့လာသည်၊  ကျက်မှတ်သည်။  ခန့်မှန်းခြေအလိုက်  ဦးစားပေး(၁)၊ ဦးစားပေး(၂)၊ ဦးစားပေး(၃) စသည်ဖြင့်သတ်မှတ်ပြီး  ကြိုးစားသည်။ ဤအပုဒ်သည် မပါနိုင်ဟူ၍ ကိုယ့်ကိုယ်ကိုယ်ထင်ကြေး ပေးပြီး မကျက်မမှတ်ဘဲ ထားသည်ဟူ၍ လုံးဝမရှိခဲ့ပေ။ တကယ်လို့များ မေးလာလျှင် ဖြေနိုင်သည်ဆိုသည့် အဆင့်မျိုး ဖြစ်အောင် လေ့လာထားသည်။

ဆက်လက်ဖော်ပြပါမည်။