ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတဲ့ ကမ္ဘာကြီးပေါ်က အကြိမ်ကြိမ် ရှုံးနိမ့်နေရသူများ

ဒီနေ့အချိန်အထိ လူပေါင်း ၁ ဒသမ ၆ သန်းကျော်ကို သေဆုံးစေခဲ့ပြီ ဖြစ်တဲ့ ကိုဗစ်-၁၉  ရောဂါက ကမ္ဘာ့နိုင်ငံတွေကြားမှာ ကြီးမားတဲ့ မညီမျှမှုတွေကိုလည်း ဖြစ်ပေါ်စေပြန်ပါတယ်။

နိုင်ငံတချို့ရဲ့   ယိုင်နဲ့နဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ သူ့ကြောင့် လုံးဝပြိုလဲသွားရသလို  ထွက်ငွေသာများပြီး ဝင်ငွေနည်းနေတဲ့ နိုင်ငံတွေကလည်း ဆင်းရဲမှု ကပ်ဆိုက်သွားရပါတယ်။

မညီမျှမှုတွေက  ဘယ်အချိန်မှာပိုပြီး သိသာလာလဲဆိုရင် အခုလို ကာကွယ်ဆေးတွေပေါ်ချိန်   သူသူငါငါအလုအယက် ဝယ်ယူရချိန်မှာ သိသာလာပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့  ကနေဒါနိုင်ငံသားတို့ကတော့   ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးထိုးမှု ခံယူဖို့အတွက် သူတို့ရဲ့ အင်္ကျီလက်တွေကို ခေါက်တင်နေမှုနဲ့အတူ အနောက်ကမ္ဘာခြမ်းရှိ နိုင်ငံအများအပြားမှာ ကိုဗစ်-၁၉ ရောဂါပျောက်ကင်း တော့မယ့်လမ်းကြောင်းကလည်း ဖြောင့်ဖြူးနေပါပြီ။

ဆင်းရဲတဲ့နိုင်ငံတွေ အတွက်ကတော့ အဲဒီလမ်းကြောင်းပေါ်ကို ရောက်ရှိဖို့ အလွန်ဝေးကွာနေဆဲ ဖြစ်တဲ့အပြင် ကြမ်းတမ်းနေဦးမှာပါ။

ကိုဗက်လို့သိထားတဲ့ ကမ္ဘာ့ကာကွယ်ဆေးခွဲတမ်း အစီအစဉ်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ တခြားအဖွဲ့တွေ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာ ရှိပါတယ်။

အဲဒီအစီအစဉ်က     လာမယ့်နှစ်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးပေါင်း ၂ ဘီလီယံအထိဝယ်ပြီး လိုအပ်တဲ့ နိုင်ငံတွေကို အချိုးကျ ခွဲပေးသွားမှာပါ။

ဒါပေမဲ့လည်း      ဒီနေ့အချိန်အထိ ဘယ်ကာကွယ်ဆေးကို    အရေအတွက် ဘယ်လောက်ဝယ်မယ်ဆိုပြီး     တရားဝင် ထုတ်ပြန် ထားတာတွေလည်း မရှိသလို ငွေကြေးအရလည်း    လုံလောက်မှုမရှိနေတာကို တွေ့ရပါတယ်။

ကိုဗက်အစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က ကာကွယ်ဆေးတွေကို အလုအယက်ဝယ်ယူရမှု၊  လက်ဝါးကြီးအုပ်မှုတွေကို ရှောင်ရှားဖို့အတွက်ဖြစ်ပါတယ်။ ဒါဟာလည်း အတိတ်ကရခဲ့တဲ့သင်ခန်းစာတွေကို အခြေခံပြီး     အကောင်အထည်ဖော်တာပါ။

သို့သော်   ဒီလိုကာကွယ်ဆေးတွေကို ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေ ကြားမှာ အချိုးညီညီမျှမျှနဲ့ ရရှိနိုင်ဖို့ မျှော်လင့်ချက်ကတော့ မှေးမှိန်နေဆဲဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။

လက်ရှိကာလမှာ ကာကွယ်ဆေးရရှိမှုက အကန့်အသတ်နဲ့သာ ရှိပါသေးတယ်။ ချမ်းသာတဲ့ နိုင်ငံတွေကတော့ အခွန်ထမ်း ပြည်သူတွေရဲ့ငွေကို ကာကွယ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့ သုတေသနလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး သူ့နိုင်ငံသားတွေအတွက် ကာကွယ်ဆေးတွေ စောစောစီးစီး ရရှိစေဖို့နဲ့ လုံလုံလောက်လောက် ရရှိစေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဆင်းရဲတဲ့နိုင်ငံ အများစုကတော့ သူတို့တတ်နိုင်တဲ့ ငွေကြေးနဲ့ ကိုဗက်အစီအစဉ်မှာ ပါဝင်လာကြပါတယ်။ သို့ပေမယ့်လည်း ကိုဗက်အစီအစဉ်ရဲ့ လက်ရှိအနေအထားအရ ဆင်းရဲတဲ့ နိုင်ငံတွေက သူတို့အနေနဲ့ ကာကွယ်ဆေးမရမှာ  စိုးရိမ်တဲ့အတွက် တခြားနည်းလမ်းတွေကို    ရှာဖွေလာပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေ အနေနဲ့ အခုလိုမျိုးစိုးရိမ်တာ လွန်တော့မလွန်ပါဘူး။ ဘာကြောင့်လဲဆိုတာကို     အောက်မှာ ဆက်ရှင်းပါမယ်။

တစ်ကမ္ဘာလုံးမှာရှိတဲ့ ကာကွယ်ဆေးလုပ်ငန်းတွေကနေ လာမယ့်နှစ်မှာ ထုတ်လုပ်နိုင်မယ့် ကာကွယ်ဆေးအလုံးပေါင်း က ၁၂ ဘီလီယံခန့်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ  ၁၂  ဘီလီယံခန့်ထဲကမှ ၉  ဘီလီယံဝန်းကျင်ကို  ချမ်းသာတဲ့ နိုင်ငံတွေက ဝယ်ပြီးသွားပါပြီ။

ကိုဗက်အစီအစဉ်ကကျတော့ ယခုအချိန်အထိ ကာကွယ်ဆေး သန်း ၂ဝဝ ကိုသာ တရားဝင်စာချုပ်ချုပ်ဆိုပြီး ဝယ်ထား နိုင်ပါသေးတယ်။

နောက်ထပ်ကာကွယ်ဆေး သန်း ၅ဝဝ ဝယ်ယူဖို့အတွက်လည်း သဘောတူညီချက် ရရှိထားတယ် ဆိုပေမယ့် တရားဝင်မဖြစ်သေးတော့ စိတ်ချရမှုမရှိပါဘူး။

ဒါကြောင့် လာမယ့်နှစ်မှာ ကာကွယ်ဆေး ၂ ဘီလီယံရရှိဖို့ဆိုတာ ခက်ခဲမယ့် အနေအထားဖြစ်တဲ့အတွက် ဆင်းရဲတဲ့ နိုင်ငံတွေက သူတို့အတွက် ဝေစုမရမှာကို စိုးရိမ်တာ လွန်တော့မလွန်ပါဘူး။

ကိုဗက်အစီအစဉ်က ဝယ်ထားတဲ့ ကာကွယ်ဆေးသန်း ၂ဝဝ ဆိုတာကလည်း ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်မှု စက်ရုံဖြစ်တဲ့ ဆီရမ်ကနေဝယ်ထားတာပါ။

အဲဒီအစီအစဉ်က အက်စထရာဇီနီကာနဲ့ အောက်စဖို့ ကုမ္ပဏီထုတ်ကာကွယ်ဆေးနဲ့ နိုဗိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေးတို့ကို တစ်မျိုးကိုသန်း ၁ဝဝ နှုန်းနဲ့သာ ဝယ်ထားတာဖြစ်တယ်လို့      ဆီရမ်မှအမှုဆောင်အရာရှိချုပ် အဒါပူးနာဝါလာက ပြောပါတယ်။

ဆီရမ်ကုမ္ပဏီဆိုတာကလည်း ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို သူတို့နိုင်ငံ အတွက်သာ ဦးစားပေးမှာ ဖြစ်တာကြောင့်  ကာကွယ်ဆေးအားလုံးကို မရနိုင်ဘူးဆိုသော်ငြား သူများတွေထက်စာရင် အရင်ဆုံးနဲ့ အများဆုံးကို ရရှိပါလိမ့်မယ်။

ပြီးရင်  စာချုပ်အတိုင်း  ကုမ္ပဏီတွေအတွက် ထုတ်လုပ်ပေးမှာ ဖြစ်တာကြောင့် သက်ဆိုင်ရာကုမ္ပဏီတွေကနေ မဝယ်ထားနိုင်သေးတဲ့ နိုင်ငံတွေကတော့ နောက်နှစ်အတွင်းမှာ ကာကွယ်ဆေးအများအပြား ရရှိဖို့ မျှော်လင့်ချက် တော်တော်လေးကို နည်းနေပါသေးတယ်။

ကိုဗက်အစီအစဉ်ကို နှောင့်နှေးစေတဲ့ အကြောင်းရင်း နောက်တစ်ချက်က အဲဒီအစီ အစဉ်ကဝယ်ထားတဲ့ ကာကွယ်ဆေးတွေဟာ မည်သည့်တာဝန်ရှိသူတွေရဲ့ ဘယ်လို အတည်ပြုချက်မျှ မရသေးတာပါပဲ။

ဆိုလိုတာက ဖိုင်ဇာနဲ့ ဘိုင်အိုအန်တက် ကုမ္ပဏီထုတ်နဲ့     မိုဒန်နာကုမ္ပဏီထုတ်ကာကွယ်ဆေးတွေဆိုရင် ကမ္ဘာ့နိုင်ငံ အများအပြားမှာ အသုံးပြုခွင့် ရရှိထားပြီးပါပြီ။

အက်စထရာဇီနီကာနဲ့   အောက်စဖို့ကုမ္ပဏီထုတ် ကာကွယ်ဆေးနဲ့   နိုဗိုဗက်ကုမ္ပဏီထုတ် ကာကွယ်ဆေးတွေကိုတော့ ဘယ်နိုင်ငံကမှ      အတည်မပြုသေးပါဘူး။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း ကိုဗက်အစီအစဉ်မှာ အသုံးပြုမယ့် ကာကွယ်ဆေးတွေကို စစ်ဆေးအတည်ပြုမှုတွေ လုပ်ဦးမှာပါ။ သူတို့ကခွင့်ပြုမှသာ သက်ဆိုင်ရာနိုင်ငံတွေဆီကို      ဖြန့်ဖြူးရမှာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗက်အစီအစဉ်ဟာ ပြည်သူတွေရဲ့   ထောက်ခံမှုကိုရရှိထားပေမယ့်လည်း ကာကွယ်ဆေးတွေကိုအချိုးညီညီနဲ့ ဖြန့်ဖြူး ပေးနိုင်ဖို့ကတော့ အားနည်းချက်တွေ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူ တွေကလည်း ဝန်ခံထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာရှိတဲ့  အစိုးရအသီးသီးက သူတို့နိုင်ငံသားတွေအတွက် ကိုဗက်အစီ အစဉ်ပြင်ပကနေ ကာကွယ်ဆေးတွေဝယ်ယူဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းလာရပါတယ်။

သို့သော်လည်း  လက်ထဲမှာရှိတဲ့  ဓနအင်အားက ချမ်းသာတဲ့နိုင်ငံတွေကို မယှဉ်နိုင်တဲ့ အခါမှာတော့ သူတို့ရရှိတဲ့ကာကွယ် ဆေးပမာဏက ချမ်းသာတဲ့နိုင်ငံတွေက ဝယ်ယူတဲ့ကာကွယ်ဆေးစုစုပေါင်းရဲ့ အစွန်းထွက်လောက်သာရှိပါတယ်။

ဥပမာအားဖြင့်    ကနေဒါနိုင်ငံဆိုရင် ကာကွယ်ဆေးသန်း  ၂ဝဝ  နီးပါးဝယ်ယူ ထားပြီးပါပြီ။ သူ့နိုင်ငံအတွင်းမှာတော့ လူဦးရေ ၃၈ သန်းသာရှိပါတယ်။ လူတစ်ဦးကို   ဆေးနှစ်လုံးထိုးရမယ် ဆိုရင်တောင် လိုအပ်တဲ့ ပမာဏက ၇၆ သန်းသာရှိပါတယ်။  ဒါပေမဲ့လည်း တကယ်လိုအပ်တဲ့ ပမာဏထက် သုံးဆနီးပါးကို ဝယ်ယူထားတာကို တွေ့ရပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ ရေတိုကာလမှာ မသိသာပေမယ့် ရေရှည်ကာလမှာတော့ ဆင်းရဲတဲ့နိုင်ငံတွေကြောင့်  ကိုဗစ်-၁၉ ကပ်ရောဂါထပ်မံ ဖြစ်ပွားလာနိုင်ပါတယ်။

အားလုံးကို  ခြုံငုံသုံးသပ်ရမယ်ဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေက ကာကွယ်ဆေးတွေကို ငွေရှိသလောက် ဝယ်ထားကြပေမယ့်    ဆင်းရဲတဲ့နိုင်ငံ အများစုကတော့ ကာကွယ်ဆေးအနားကိုတောင်   မသီနိုင်ပါဘူး။

ဒီအတွက်ကြောင့် ဆင်းရဲတဲ့နိုင်ငံတွေက ကမ္ဘာ့ကာကွယ်ဆေးခွဲတမ်း အစီအစဉ်ကို အားကိုးမယ်ဆိုတော့လည်း ကိုဗက်အစီအစဉ်က ဒီနေ့အချိန်အထိ ကာကွယ်ဆေးသန်း ၂ဝဝ သာ ဝယ်ထားရပါသေးတယ်။ နောက်ထပ်ဝယ်ဖို့ ၁ ဒသမ ၈ သန်းကျန်ရှိနေပါတယ်။  ဒါပေမဲ့  အဲဒါတွေကို ဝယ်ဖို့လည်း ငွေကမလုံလောက်ပါဘူး။

လတ်တလောဝယ်ထားတဲ့ ကာကွယ်ဆေး တွေကိုလည်း ဘယ်သူကမှ အသုံးပြုခွင့် မပေးကြသေးပါဘူး။ နိုင်ငံတစ်ခုခုက အသုံးပြုခွင့်ပေးရင်တောင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က လေ့လာဆန်းစစ်ပြီးမှသာ ခွင့်ပြုပေးမှာပါ။

ဒါကြောင့်   ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလွန်းတဲ့ ယနေ့ကမ္ဘာကြီးမှာဖြစ်ပေါ်လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ချမ်းသာတဲ့နိုင်ငံတွေအတွက်ကတော့    ဆင်ပိန်ကျွဲလောက်ဆိုတဲ့ မြန်မာစကားပုံအတိုင်း ထိခိုက်မှုသိပ်မရှိပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေ အတွက်တော့      ဆင်ကျီစားရာ ဆိတ်မခံသာဆိုသလို    ဆုံးရှုံးမှု အလွန်ကြီးမားပြီး အရာရာမှာ အကြိမ်ကြိမ်ရှုံးနိမ့်မှုကို ဖြစ်ပေါ်စေကြောင်း    ရေးသား တင်ပြလိုက်ရပါတယ်။        ။

Ref:AP