နေပြည်တော်တွင်ကျင်းပမည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား နှုတ်ဆက်အားပေး

 

နေပြည်တော်တွင်ကျင်းပမည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား နှုတ်ဆက်အားပေး

 

ရန်ကုန်  အောက်တိုဘာ   ၁၂

    ၂၀၂၄ ခုနှစ် နေပြည်တော်တွင် ကျင်းပမည့် ဗဟိုအဆင့်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး(ကိုယ်စားပြု) ပြိုင်ပွဲဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက  မရမ်းကုန်းမြို့နယ်  မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌   ယ‌နေ့နံနက်ပိုင်းတွင်တွေ့ဆုံ၍   အားပေးစကား ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး (ကိုယ်စားပြု)ပြိုင်ပွဲဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားရာတွင် ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ်အောင်ပန်း ဆွတ်ခူးနိုင်ခဲ့သည့် အစဉ်အလာများအတိုင်း မလျော့သော ဇွဲ၊ စွဲမြဲ‌သော ဝါသနာများဖြင့် ကြိုးစားယှဉ်ပြိုင်ကာ ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြု၍ ဘာသာရပ်အလိုက် ပြိုင်ပွဲများတွင် ဆုတံဆိပ်များပိုက်ကာ အောင်ပွဲနှင့်အတူပြန်လာနိုင်ပါစေကြောင်း အားပေးစကားနှင့် လိုက်ပါသွားကြသည့် အုပ်ချုပ်သူများ၊ တာဝန်ရှိသူများ အနေဖြင့် ပြိုင်ပွဲဝင်များ၏ ကျန်းမာ‌ရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို အထူးဂရုစိုက် ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်ဘာသာရပ် ၂၆ မျိုးတွင် ပြိုင်ပွဲဝင် ၂၈၇ ဦး၊ ဘာသာရပ်အလိုက်ပြိုင်ပွဲဝင် ၃၉၄ ဦးဖြင့် ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်၍ ‌ယနေ့တွင် နေပြည်တော်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မော်တော်ယာဉ်များဖြင့် ထွက်ခွာရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်ပို့‌ဆောင်ခဲ့ကြကြောင်း သိရသည်။