ငွေရတုသဘင်ပွဲ ဆင်နွှဲပျော်ရွှင် အားလုံးပါဝင်စိတ်ကြည်လင်
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်)
၂ဝ၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်(ယနေ့)မှ ၂၀ ရက်အထိ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပညာရပ်များသည် မြန်မာတို့အတွက် မြတ်နိုးဂုဏ်ယူဖွယ်ဖြစ်သည်။ မျိုးဆက်သစ် အဆက်ဆက်တို့က ဘိုးဘွားအမွေအနှစ်အဖြစ် လက်ဆင့်ကမ်း ထိန်းသိမ်းရမည့် ပညာရပ် များလည်းဖြစ်သည်။
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဦးတည်ချက်များအဖြစ်-
(၁)အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသား ရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
(၂)တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေး မှုအနုပညာ အမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ရေး၊
(၃) မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူ အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုထွန်းကားပြန့်ပွားနေစေရေး၊
(၄) နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဟူ၍ ဦးတည်ချက်များ ချမှတ်ထားသည်။
ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ (မဟာဂီတ၊ ကာလပေါ်၊ အမျိုးဂုဏ်မြှင့်တင်ရေး တေးသီချင်း)၊အကပြိုင်ပွဲ (တိုင်းရင်းသားတို့၏ရိုးရာတူရိယာ တိုင်းရင်းသားရိုးရာ/ကျေးလက်ရိုးရာအက၊ ကဗျာလွတ်၊ ချင်းတိုင်းရင်းသားရိုးရာ အက၊ ရုပ်သေးကြိုးဆွဲ)၊ အတီးပြိုင်ပွဲ(စန္ဒရား၊ ဂီတာ၊ ဒုံမင်း၊ မယ်ဒလင်)တို့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန-၂ ၌လည်းကောင်း၊ အရေးပြိုင်ပွဲ၊ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲတို့ကို သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ လည်းကောင်း၊ အတီးပြိုင်ပွဲ(ဒိုးပတ်၊ အိုးစည်၊ တယော)၊ ကွက်စိပ်ပြိုင်ပွဲတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ လည်းကောင်း၊ အတီးပြိုင်ပွဲ (ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဆိုင်းတစ်ဦးချင်း)တို့ကို အမျိုးသားစာကြည့်တိုက်၌ လည်းကောင်း၊ အတီးပြိုင်ပွဲ(စောင်း၊ နှဲ၊ ပလွေ၊ ပတ္တလား)တို့ကို အမျိုးသားပြတိုက်၌ လည်းကောင်း၊ ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီရှိ လဟာပြင်ဇာတ်ရုံ၌ လည်းကောင်း ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲအသီးသီးသို့ ပြိုင်ပွဲဝင်စုစုပေါင်းဦးရေ ၂၅ဝဝ ကျော်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု နယ်ပယ်တွင် အဆို၊ အက၊ အရေး၊ အတီးပညာရပ်များသည် လွန်စွာခက်ခဲနက်နဲလှသော ပညာရပ်များဖြစ်သည့်အတွက် သင်တိုင်းမတတ်သော ပညာရပ်အဖြစ် မှတ်တမ်းပြုထားကြသည်။ ခက်ခဲနက်နဲလှသော ပညာရပ်ဖြစ်သည့်အတွက် လက်ဆင့်ကမ်း အမွေဆက်ခံသူနည်းပါးလှသည်။
တော်သင့်ရုံဝါသနာပါရုံမျှဖြင့်လည်း သင်ယူ၍ မတတ်မြောက်နိုင်လှပေ။ နိုင်ငံတော်အဆင့်မှ အားပေးချီးမြှောက်မှသာ ဤပညာရပ်များ ပြန့်ပွားထွန်းကားမည်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော်အစိုးရ အနေဖြင့်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကျင်းပပြီး ရွက်ပုန်းသီးဝါသနာရှင်များ၊ ပညာရှင်များကို ဖော်ထုတ်ပေးလျက်ရှိသည်။
ယဉ်ကျေးမှုဆိုသည်မှာ ‘‘သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှု အဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း’’ ဟူ၍ အဘိဓာန်တွင် ဖွင့်ဆိုထားသည်။ ယဉ်ကျေးမှု၏ အနက် အဓိပ္ပာယ်သည် နယ်ပယ်ကျယ်လှသည်။ တန်ဖိုးထားမှုများ၊ ယုံကြည်မှုများ၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ ထုံးဓလေ့များ၊ အနုပညာရပ်များဟူ၍လည်း ဖွင့်ဆိုနိုင်သည်။
ယဉ်ကျေးမှုအစစ်သည် လူ့အနှစ် အမြုတေရတနာဖြစ်သည်။ ကောင်းမွန်သော အမျိုးသားယဉ်ကျေးမှုဟူသည် အမျိုးသားရေးစိတ်ဓာတ် အခြေခံရှိရပေမည်။ အမျိုးသားရေးသဘောတရား သက်ဝင်ကိန်းအောင်းနေရမည်။ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားရေးသဘောတရား ကင်းကွာဆိတ်သုဉ်းခဲ့လျှင်ဖြစ်စေ၊ ခေါင်းပါးခဲ့လျှင်ဖြစ်စေ၊ ဆန့်ကျင်ခဲ့လျှင်ဖြစ်စေ၊ မဆီလျော်ခဲ့သည်ဖြစ်စေ ဤယဉ်ကျေးမှုမျိုးသည် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဟု မဆိုနိုင်တော့ပေ။ မြန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် မြန်မာ့ယဉ်ကျေးမှု စစ်စစ်ကို ခိုင်ခိုင်မာမာ ထိန်းသိမ်းလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအဆင့်အတန်း မည်ရွေ့မည်မျှ မြင့်မားကြောင်းကို ယခုကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးက ထင်ရှားစွာပြသမည်ဖြစ်သည်။ ရိုးရာပျောက်လျှင် လူမျိုးပါ ပျောက်တတ်သည့်အတွက် မိမိတို့ရိုးရာအမွေအနှစ်ကို မိမိတို့တိုင်းရင်းသားအပေါင်းက ထိန်းသိမ်းကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် သတ်မှတ်နေရာများတွင် လာရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်များအားလုံးနှင့် ကျင်းပမည့် ပြိုင်ပွဲအသီးသီးသို့ လာရောက်ကြည့်ရှု အားပေးကြသော ပြည်သူအားလုံး စိတ်ကြည်လင်ချမ်းမြေ့မှုကို ပျော်ရွှင်ကြည်နူးစွာ ရရှိနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။