မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

    ၁၉၇၇   ခုနှစ်   နှစ်စမှာပဲ   ကျွန်တော့်အတွက် ဝမ်းသာစရာသတင်းတစ်ခု မင်္ဂလာရှိစွာ ကြားလာရ သည်။  ဒီနှစ်  ၁၉၇၇  ခုနှစ်တွင်  ရခိုင်ပြည်နယ် မြေပုံမြို့နယ်၌ အခြေခံပညာအထက်တန်း စာစစ်ဌာန ရသည်ဆိုသော     မင်္ဂလာသတင်းပင်ဖြစ်ပေတော့သည်။ ကျွန်တော်သည် ကိုယ့်မြို့နယ်တွင် စာစစ်ဌာန ရသွား၍ အလွန်ပျော်သည်။ မာန်အောင်ဆိုလျှင် ခရီးဝေးလွန်းသည်။ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်  မြို့နယ်နှစ်ခုကို ရေလမ်းခရီးဖြတ်သန်းပြီး ဘင်္ဂလား ပင်လယ်ပြင်ထဲရှိ မာန်အောင်ကျွန်းအထိ သွားရမည်။ မာန်အောင်ကျွန်းဟူသည် ရမ်းဗြဲကျွန်းကြီးလွန်အောင် သင်္ဘောခုတ်မောင်းပြီးမှ    ရမ်းဗြဲကျွန်းအောက်နား ပင်လယ်ပြင်ကြီးတွင်ရှိသည်။

ကျွန်တော်သည်  မာန်အောင်မြို့နယ်စာစစ်ဌာန သို့ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားခြင်းကို စာစစ် ဌာနသစ် ကိုယ့်မြေပုံမြို့နယ်သို့ ပြောင်းရွှေ့ဖြေဆိုခွင့် ပြုပါရန် လျှောက်ထားလိုက်ရာ မြေပုံစာစစ်ဌာနတွင် ဖြေဆိုခွင့်ရရှိခဲ့ပါသည်။  ကျွန်တော်၏ ပညာရေးခရီးလမ်းမှာ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်လာခဲ့ပြီဟူ၍ ကျွန်တော် နှလုံးပိုက်မိလိုက်သည်။

စာမေးပွဲဖြေရန် တစ်ပတ်အလိုကပင် ကျွန်တော် မြေပုံမြို့သို့ သွားလိုက်သည်။ သရက်တောင်ရွာတွင် မူလတန်းပြတာဝန်နှင့် ရောက်နေသော   ဦးသန်းရွှေ (မူလတန်းပြ) အိမ်တွင်ပဲ တည်းခိုလိုက်သည်။ ဦးသန်း ရွှေမှာ သရက်တောင်မှာ ရှိနေစဉ် ကျွန်တော်နှင့်တတွဲ တွဲနေကြသူများထဲတွင် သူလည်းပါဝင်သည်။ ရွာသို့ တာဝန်နှင့်ရောက်လာသမျှသော  ဆရာ၊  ဆရာမ အားလုံးမှာ ဆယ်တန်းအောင်ပြီးသားများ ဖြစ်ကြ၍ ကျွန်တော့်ထက်  တော်ကြသည်၊   ကျွန်တော့်ထက် အရည်အချင်းရှိကြသည်ဟု   ကျွန်တော်ခံယူသည်။ သို့ဖြစ်ပါ၍  ဆရာ၊  ဆရာမအားလုံးကို  ကျွန်တော် တည့်အောင်ပေါင်းပြီး အဆင်အပြေဆုံးဖြစ်အောင် ဆက်ဆံသည်။  ဘာသာရပ်ဆိုင်ရာ  သင်ခန်းစာများကို   သူတို့ဆီက ရသလောက်သင်ယူပြီး    လေ့ကျင့်သည်။

ယခုလည်း ဆရာသန်းရွှေကို ကျွန်တော် ညီလေး တစ်ယောက်လို ဆက်ဆံသည်။ လုပ်ဖော်ကိုင်ဖက် မိတ်ကောင်းတစ်ယောက်လို ပေါင်းသင်းသည်။ မြေပုံ စာစစ်ဌာနမှာ စာမေးပွဲဖြေမည်ပြောတော့ သူတို့အိမ်ကပဲ တည်းခိုနေထိုင်ပြီး ဖြေရန်ပြောသည်။ ကျွန်တော် ဆရာသန်းရွှေတို့အိမ်ရောက်တော့ သူ့မှာ အဖေနှင့် အမေအပြင် အစ်မတစ်ယောက်ရှိသည်။  အစ်မနှင့် ဆရာသန်းရွှေ   ဆယ်တန်းကို တစ်နှစ်တည်းမှာပဲ နှစ်ယောက်စလုံး (က) စာရင်းဖြင့် အောင်ခဲ့ကြသည်။ အစ်မက     ပြည်သူ့ကောင်စီရုံးတွင်  ရပ်/ကျေး ပြည်သူ့ကောင်စီစာရေး လုပ်သည်။    မောင်ဖြစ်သူ သန်းရွှေက  မူလတန်းပြဆရာဝင်လုပ်ပြီး  သရက် တောင်ရွာတွင် တာဝန်ကျသည်။

ကျွန်တော်ရောက်သည့်နေ့မှာပဲ   ဆရာသန်းရွှေ က ကံ့ကော်ဆိုသည့် ဘာသာစုံအထောက်အကူပြု စာအုပ်ကြီးတစ်အုပ် ထုတ်ပေးသည်။   ဦးသန်းထွန်း ဦးစီးတည်ထောင်သော     သင်တန်းဟု သိရသည်။ မေးခွန်းနှင့်အဖြေများကို စနစ်တကျဖြေဆိုထားရာ ကျွန်တော် အရမ်းဘဝင်တွေ့သွားသည်။ ချက်ချင်းပဲ လေ့လာသည်၊    ကျက်မှတ်သည်။   မိမိလေ့ကျင့်၊ လေ့လာထားသည်များနှင့်  ပေါင်းဖက်လေ့ကျင့်ရာ ပိုပြီးအဆင်ပြေသွားသည်။   အင်္ဂလိပ်စာနှင့် ပတ်သက်၍ ဆရာကြီးဦးအောင်သိန်းဟန်၏ English for every- one စာအုပ်ကို လေ့လာထားရာ ဆရာကြီးဦးသန်းထွန်း အင်္ဂလိပ်စာနှင့် ပေါင်းစပ်လိုက်လျှင်  Grammer  ပိုင်း တော်တော်အားကောင်းသွားသည်။

ဆယ်တန်း (အခြေခံပညာအထက်တန်းစာမေးပွဲ) စဖြေသောနေ့ပါပဲ။ ကျွန်တော်သည် လှုပ်ရှားမှုစိတ် အစဉ်ကို  သတိနှင့်ထိန်းပြီး  စာမေးပွဲခန်းသို့သွားရန် ပြင်လိုက်သည်။ ကျွန်တော် ပုဆိုး၊ အင်္ကျီကို သပ်သပ် ရပ်ရပ်ဝတ်ကာ   ခေါင်းဖြီးပြင်ဆင်လိုက်သည်။ ဦးစွာ ဘုရားခန်းသို့သွားပြီး  ဘုရားရှိခိုး  ငါးပါးသီလခံယူလိုက်သည်။ ဘုရားရှိခိုးပြီးလျှင်  မြန်မာစာဘာသာ ရပ်စာအုပ်တွေ ထည့်ထားသော  လွယ်အိတ်လေးကို ကောက်လွယ်ပြီး အိမ်ပေါ်ကအဆင်း ခြေလှမ်းစလိုက် သည်ဆိုလျှင်ပဲ  မိုးကရွာချလိုက်တော့သည်။  ထိုစဉ်   ရုံးသွားရန်ပြင်ဆင်နေသော  မသန်းကြည် (ကောင်စီ စာရေး)က "ကိုဘညွန့်ရေ  မိုးရွာတာ  မင်္ဂလာမိုးပဲ၊ နွေခေါင်ခေါင်ကြီးမိုးရွာတာ    ထူးဆန်းနေသလိုပဲ၊ ကိုဘညွန့်  သေချာပေါက် စာမေးပွဲအောင်လိမ့်မယ် ရော့ ရော့"  ဆိုပြီး  ကျွန်တော့်ကို  ထီးတစ်ချောင်း လှမ်းပေးသည်။ ကျွန်တော်လည်း ဖြေဆိုရမည့် သဲတန်း အလယ်တန်းကျောင်းဘက်သို့  ဆက်လျှောက်လာ ခဲ့သည်။   ကျောင်းရောက်သည်ဆိုလျှင်ပဲ  စိုးရိမ်စိတ်ကြောင့်ဟုပဲ ထင်သည်၊ လွယ်အိတ်ထဲက စာအုပ်တွေ ကိုထုတ်ပြီး ဟိုစာပုဒ်ခဏ၊ ဒီစာပုဒ်ခဏ ဖတ်သလိုမျိုး လုပ်မိသည်။ သိပ်တောင်မကြာ စာဖြေခန်းထဲဝင်ရန်  အချက်ပေး ခေါင်းလောင်းမြည်လာခဲ့လေပြီ။

ကျွန်တော် အခန်းထဲသို့ သုတ်ခနဲဝင်ပြီး ကိုယ်ဖြေဆို ရမည့်ထိုင်ခုံကို ရှာကြည့်လိုက်သည်။ အခန်းစောင့် ဆရာနှင့် အနီးဆုံးနေရာ ရှေ့ဆုံးမှာတွေ့လိုက်ရသည်။ ကျွန်တော် ခုံမှာဝင်ထိုင်လိုက်ပြီး  Identity   Card (သက်သေခံကတ်ကလေး) ကို ခုံပေါ်တင်ထားလိုက်သည်။ သိပ်တောင်မကြာ အဖြေလွှာစာရွက်လာချပေးသည်။ ကျွန်တော် စိတ်ကိုငြိမ်ငြိမ်ထားပြီး အဖြေလွှာ စာရွက်ပေါ်တွင် ဘေးမျဉ်းသားလိုက်သည်။ ပြီးတော့ ခုံအမှတ်နှင့် ဖြေဆိုမည့်ဘာသာရပ်ကို ရေးမှတ်လိုက် သည်။

ဟော ပင်ရင်းမြန်မာစာမေးခွန်းအတွက် ရောက်လာပါပြီ။ အသက်ကိုမှန်မှန်ရှူပြီး ကျွန်တော် ကောက် ဖတ်လိုက်သည်။ ကျွန်တော် တော်တော်ပျော်သွား သည်။ ဖြေဆိုရန် သတ်မှတ်ထားသည့် ပုဒ်ရေအတိုင်း ကျွန်တော်  အကုန်လုံးဖြေဆိုနိုင်သည်။   Choice ပါသောမေးခွန်းများကို စိတ်ကြိုက်ရွေးချယ်ကာ ကိုယ်ဖြေရမည့်မေးခွန်းများကို အမှတ်သင်္ကေတပြုပြီး Tick လုပ်ပေးလိုက်သည်။ တစ်ပုဒ်ပြီးတစ်ပုဒ်  မနားတမ်း ဖြေသည်။ လက်တွေ ညောင်းညာလာလျှင် လက်ချောင်းများကို  ဖြန့်လိုက်ဆုပ်လိုက်လုပ်ပေးသည်။  ဖြေဆို ချိန်ပြည့်ရန် ၁၀ မိနစ်ခန့်အလိုတွင် ကျွန်တော်သည် ပုဒ်စေ့ဖြေပြီးရုံမက   ဖြေဆိုထားပြီး   စာပုဒ်များကို လည်း နှစ်ကြိမ်တိုင်တိုင် ဖတ်ရှုထားပြီး၍ ကျေကျေ နပ်နပ်ကြီးဖြစ်နေခဲ့ပေပြီ။ အဖြေလွှာစာရွက်ပိုသုံးရွက်တောင်   တောင်းဖြေထားခဲ့သည်။  ကိုယ့်ကိုယ်ကိုယ် လည်း   ယုံကြည်နေပြီဖြစ်၍   အခန်းစောင့်ဆရာကို အဖြေလွှာစာရွက်အပ်ပြီး     အိမ်ပြန်လာခဲ့ပေတော့သည်။

ကျွန်တော်   စာဖြေခန်းထဲမှ  ထွက်လာချိန်တွင် ကျွန်တော့်လိုပဲ   တချို့စာဖြေသားတွေ   လမ်းပေါ် ရောက်နေခဲ့ကြပေပြီ။ ကျွန်တော့်အပြန်လမ်းတစ်ဝက် ပါတီယူနစ်ရုံးရှေ့ အရောက်မှာတော့ ကျွန်တော့်အသိအိမ်အား  တစ်စုံတစ်ရာက  ဝင်ဆောင့်လိုက်သည်။ ကျွန်တော်  ဆောက်တည်ရာမရဖြစ်သွားပြီး သုတ်ခြေ တင်ခဲ့မိပါတော့သည်။   ရင်ခုန်လိုက်သည်မှာလည်း ပြောစရာမရှိပြီ။   ရင်ဘတ်ကြီး   တဒုန်းဒုန်းခုန်နေ သည်။  ကျွန်တော်  ကျောင်းကိုရောက်တော့ စာဖြေ ချိန်ပြည့်လို့ စာဖြေသားတွေ အပြုံလိုက်ထွက်လာနေကြပြီ။ ကျွန်တော်သည်  ကျောင်းဝင်ပေါက်က လူအုပ် ကြီးကိုတိုးဝှေ့ပြီး အတင်းဝင်လိုက်သည်။  ကျောင်းလှေကားကို ပြေးတက်ပြီး စာဖြေခန်းထဲဝင်လိုက်သည်။  အခန်းစောင့်ဆရာသည်  အဖြေလွှာများကို တစ်အုပ်ပြီးတစ်အုပ် စီပြီး ထပ်နေသည်။

ဆက်လက်ဖော်ပြပါမည်။