(၁၀၄)နှစ်မြောက်မြန်မာ့ရုပ်ရှင်နေ့နှင့်(၄၇)ကြိမ်မြောက်မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ မိသားစုက ငွေကျပ်သိန်း၁၀၀လှူဒါန်း

 

(၁၀၄)နှစ်မြောက်မြန်မာ့ရုပ်ရှင်နေ့နှင့်(၄၇)ကြိမ်မြောက်မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ မိသားစုက ငွေကျပ်သိန်း၁၀၀လှူဒါန်း

 

ရန်ကုန်  အောက်တိုဘာ ၁၃

    (၁၀၄)နှစ်မြောက်   မြန်မာ့ရုပ်ရှင်နေ့၊  (၄၇)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲနှင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက  ငွေကျပ် သိန်း ၁၀၀  လှူဒါန်းပွဲကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌   ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ   နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အစည်းအရုံးဝင်များ၊ မြန်မာ့ရုပ်ရှင်သက်ကြီး အနုပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

 ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်   အကယ်ဒမီ ခန့်စည်သူတို့က(၁၀၄)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများက    ရာပြည့်ရင်ပြင်နှင့် ရုပ်ရှင်ဖခင်ကြီးများ ရုပ်တုကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဝင်းအတွင်း နိဗ္ဗာန်ကုသိုလ်အဖြစ် ဖွင့်လှစ်ထားသည့် ဈေးဆိုင်များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ (၄၇)ကြိမ်မြောက် ရုပ်ရှင်အနုပညာရှင် သက်ကြီးပူဇော်ပွဲကို ကျင်းပရာ ရုပ်ရှင်သက်ကြီး အနုပညာရှင်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး   ဒေါ်ကြူကြူလှ မိသားစုကလှူဒါန်းသည့်   အလှူငွေကျပ် သိန်း ၁၀၀ ကို  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်ရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက ဦးအောင်လွင်က လက်ခံရယူသည်။

ထို့နောက်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ်သိန်း ၁၄၀ ကို  ပေးအပ်သည်။

ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းသည့် ငွေကျပ် သိန်း ၂၀၊ Forever Group Co.,Ltd. က ငွေကျပ်သိန်း  ၇၀၊ ရွှေသံလွင်မီဒီယာ(Sky Net) မိသားစုက  ငွေကျပ် ၁၆၇ သိန်း တန်ဖိုးရှိ Sky Net DTH ကြည့်ရှုခွင့်  ခြောက်လစာနှင့် DTH စက်ခြောက်လုံး၊ မင်္ဂလာရုပ်ရှင်မိသားစုက ငွေကျပ် ၂၈ သိန်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ငွေကျပ် သိန်း ၂၀ တို့ကို ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  မုဒိတာစကားပြော ကြားရာတွင် ယနေ့အခမ်းအနားသို့ ရုပ်ရှင်လောကသား အားလုံး တက်ရောက်လာကြပြီး   ရုပ်ရှင်လောကကြီး  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိနေသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း၊ မြန်မာ့ရုပ်ရှင်သမိုင်းကို ပြန်ကြည့်ပါက  (၁၀၄)နှစ်တိုင် နိုင်ငံနှင့် ပြည်သူအတွက် ရုပ်ရှင်အနုပညာရှင်များက  အနုပညာဖြင့် ပေးဆပ်ခဲ့သည်ကို တွေ့ရကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း အနုပညာရှင်များကို တန်ဖိုးထားပြီး ရုပ်ရှင်လောကကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပံ့ပိုးပေးနေကြောင်း ပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ရုပ်ရှင်သက်ကြီးပညာရှင်များအား ပူဇော်ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများ ပေးအပ်ရာ  ရုပ်ရှင်သက်ကြီးပညာရှင် အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေက ဆုတောင်းမေတ္တာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရုပ်ရှင်သက်ကြီး ပညာရှင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

မြန်မာနိုင်ငံ၌ ပထမဆုံး မြန်မာဇာတ်ကားဖြစ်သည့်  မေတ္တာနှင့်သူရာဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်တွင် ပြသခဲ့ပြီး ထိုနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၄၇) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။