သွေးချိုဆီးချိုရောဂါနှင့် သွေးတွင်းဂလူးကို့စ်လျော့နည်းခြင်း အန္တရာယ်
သွေးချိုဆီးချိုရောဂါကုသရေး ရည်မှန်းချက်မှာ သွေးတွင်းဂလူးကို့စ် ပမာဏ ပုံမှန်ရှိရန်၊ ခံစားနေရသောရောဂါ လက္ခဏာများ သက်သာရန်နှင့် သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားနိုင်ရန်ဖြစ်ပါသည်။ သို့သော် သွေးတွင်းဂလူးကို့စ် ထိန်းညှိသော ကုထုံးများသည် သွေးချိုကျခြင်း (Hypoglycemia) ခေါ် သွေးတွင်းဂလူးကို့စ်ပမာဏလျော့နည်းခြင်းကို မကြာခဏဖြစ်ပေါ်စေနိုင်ပြီး အချိန်မီမကုသနိုင်ပါက နောက်ဆက်တွဲ ပြဿနာများကို ခံစားရနိုင်ပါသည်။
အမျိုးအစား (၁) သွေးချိုဆီးချိုရောဂါ ရှိသူများ၏ ခန့်မှန်းသေဆုံးမှု ၂ - ၄ ရာခိုင်နှုန်းသည် သွေးတွင်းဂလူးကို့စ် လွန်စွာလျော့နည်းခြင်းကြောင့်ဖြစ်သည်။ သွေးချိုကျခြင်းသည် အမျိုးအစား( ၂) သွေးချိုဆီးချိုရောဂါထက် အမျိုးအစား(၁) သွေးချိုဆီးချိုရောဂါရှိသူများတွင် ပို၍အဖြစ်များသည်။ အမျိုးအစား(၂) သွေးချိုဆီးချိုလူနာများတွင် အင်ဆူလင်ကုထုံးခံယူသူများ၏ ၇၀ - ၈၀ ရာခိုင်နှုန်းခန့်သည် သွေးချိုကျခြင်းအန္တရာယ်ကို ကြုံတွေ့ရနိုင်ပါသည်။သွေးတွင်းဂလူးကို့စ်ပမာဏ လျော့နည်းခြင်းသည် ကြိုတင်ကာကွယ်နိုင်သော အကြောင်းရင်းတစ်ခုဖြစ်သော်လည်း အချိန်မီမကုသနိုင်ပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားခြင်း၊ သေဆုံးခြင်း၊ ကုန်ကျစရိတ်မြင့်မားခြင်းနှင့် လူနေမှုဘဝအရည်အသွေး ချို့ယွင်းခြင်းတို့ကို ဖြစ်စေပါသည်။
သွေးချိုဆီးချိုရောဂါမရှိသူများတွင် ပုံမှန်သွေးတွင်းဂလူးကို့စ် ပမာဏသည် နေ့ရောညပါ ပြောင်းလဲနေလေ့ရှိပြီး ယေဘုယျအားဖြင့် ၇၀ မှ ၁၄၀ mg/dl ဖြစ်ပါသည်။ အစာရှောင်ခြင်း/နိုးလာချိန် အစာမစားမီတွင် ၈၀ မှ ၉၉ mg/dL နှင့် အစာစားပြီးနောက်/အိပ်ခါနီးတွင် ၈၈ မှ ၁၄၀ mg/dL ဖြစ်ပါသည်။ သွေးချိုဆီးချိုရောဂါ ရှိသူများ၏ တစ်နေ့တာ သွေးတွင်းဂလူးကို့စ် ပမာဏသည်လည်း အကြောင်းအမျိုးမျိုးကြောင့် မြင့်တက်ခြင်း သို့မဟုတ် လျော့ကျခြင်းဖြစ်နိုင်ပါသည်။ သို့သော် သတ်မှတ်ထားသော အတိုင်းအတာ တစ်ခုအတွင်း ပုံမှန်ရှိသင့်ပါသည်။ အကယ်၍ သတ်မှတ်အတိုင်းအတာထက် ကျော်လွန်သွားပြီး မကုသပါက အန္တရာယ်ရှိလာနိုင်ပါသည်။
ပုံမှန်အားဖြင့် သွေးတွင်းဂလူးကို့စ် နည်းလာလျှင် သတ်မှတ်ပမာဏသို့ ပြန်လည်ရောက်ရှိစေရန် ခန္ဓာကိုယ်မှ ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုများ ဆောင်ရွက်ပါသည်။ ဂလူးကို့စ်သည် ခန္ဓာကိုယ်အတွက် အဓိကစွမ်းအင်ဖြစ်သဖြင့် သွေးတွင်းဂလူးကို့စ် ပုံမှန်ထက်လျော့နည်းပြီး မလုံလောက်သောအခါ ကတုန်ကယင်ဖြစ်ခြင်း၊ အားနည်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ပူပန်ခြင်းကဲ့သို့သော လက္ခဏာများ ခံစားရနိုင်သည်။ Adrenaline ဟော်မုန်းထွက်သဖြင့် နှလုံးခုန်ခြင်း၊ ချွေးထွက်ခြင်း လက္ခဏာများကိုဖြစ်စေနိုင်သည်။ ဂလူးကို့စ် အလုံအလောက် မရတော့သဖြင့် ဦးနှောက် အလုပ်မလုပ်နိုင်တော့ဘဲ အမြင်အာရုံမှုန်ဝါးခြင်း၊ အာရုံစူးစိုက်ရ ခက်ခဲခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အတွေးများရှုပ်ထွေးခြင်း၊ စကားလေးလံခြင်း၊ ထုံကျဉ်ခြင်းနှင့် အိပ်ငိုက်ခြင်း လက္ခဏာများဖြစ်စေနိုင်သည်။
သွေးတွင်းဂလူးကို့စ် အလွန်အမင်းကျဆင်းနေသော အခြေအနေများတွင် ဦးနှောက်မှ ဂလူးကို့စ်ကိုမရရှိသဖြင့် တက်ခြင်း၊ မေ့မြောခြင်းနှင့် တစ်ခါတစ်ရံ သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။
သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းဂလူးကို့စ် ၇၀ mg/dL ထက်နည်းနေလျှင် သွေးချိုကျခြင်း (Hypoglycemia) ဟု သတ်မှတ်ပါသည်။ ထိုအတိုင်းအတာအောက် ရောက်သွားပြီး ကုသမှုမခံယူလျှင် အသက်အန္တရာယ် ရှိလာနိုင်ပါသည်။ သွေးတွင်းဂလူးကို့စ်လျော့နည်းခြင်း၏ လက္ခဏာများစတင်ဖြစ်ပေါ်မှုသည် လူတစ်ဦးနှင့်တစ်ဦးမတူဘဲ သိသိသာသာကွဲပြားသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် မှတ်ဉာဏ်ချို့ယွင်း အားနည်းသူများတွင် ဂလူးကို့စ်လျော့နည်းခြင်း၏လက္ခဏာရပ်များ ဖြစ်ပေါ်မှုနှောင့်နှေးကြန့်ကြာပြီး သိသာထင်ရှားမှုအားနည်းသဖြင့် အထူးဂရုစိုက်ရပါမည်။ သွေးချိုဆီးချိုရောဂါဖြစ်ပွားမှု သက်တမ်းကြာလာသည်နှင့်အမျှ အာရုံကြောများ အားနည်းလာသောကြောင့် သွေးချိုကျခြင်း၏ လက္ခဏာများကို သိရှိနိုင်မှုလျော့နည်းလာကြောင်း တွေ့ရသည်။
အမျိုးအစား (၁) သွေးချိုဆီးချိုရောဂါရှိနေသူများ အတွက် သွေးချိုကျခြင်းမှ ရှောင်ကြဉ်ရန် အင်ဆူလင်ကို အချိန်မှန်ထိုးရန်နှင့် အစာကို အချိန်မှန်စားရန် လိုအပ်သည့်အပြင် လှုပ်ရှားမှုနှင့် စားသောက်မှုပမာဏအရ အင်ဆူလင်လိုအပ်ချက် အတိုးအလျော့ရှိနိုင်သဖြင့် သွေးတွင်းဂလူးကို့စ်ပမာဏကို ပုံမှန်စစ်ဆေးသင့်သည်။ Sulfonylureas နှင့် အင်ဆူလင် ဆေးဝါးများဖြင့် ကုသနေသော အမျိုးအစား(၂) သွေးချိုဆီးချိုရောဂါ လူနာများတွင် သွေးချိုကျခြင်းကိုကြုံတွေ့ရနိုင်ပါသည်။ အမေရိကန် ဆီးချိုရောဂါအသင်းမှ အကြံပြုထားသည်မှာ သွေးတွင်းဂလူးကို့စ် ပမာဏထိန်းသိမ်းမှုကို အလွန်တင်းကျပ်စွာ မပြုလုပ်ရန်၊ အထူးသဖြင့် နာတာရှည်သွေးချိုဆီးချို ဝေဒနာရှင်များနှင့် သက်ကြီးရွယ်အိုလူနာများအား ကုသရာတွင် အလွန်အရေးကြီးကြောင်း အကြံပြုထားသည်။ အမေရိကန်ဆီးချိုရောဂါအသင်းနှင့် ဥရောပဆီးချိုရောဂါ လေ့လာမှု အသင်း၏ လမ်းညွှန်ချက်များသည် အမျိုးအစား(၂) သွေးချိုဆီးချိုရောဂါ လူနာများကိုကုသစဉ်တွင် သွေးချိုကျခြင်း ဖြစ်နိုင်ခြေရှိသော အချက်များကို ထည့်သွင်းစဉ်းစားရန် အကြံပြုထားသည်။
သွေးတွင်းဂလူးကို့စ်လျော့နည်းခြင်း၏ ရောဂါလက္ခဏာများ ခံစားရလျှင် သွေးတွင်းဂလူးကို့စ် ပမာဏကို Glucometer ဖြင့် သွေးဖောက်စစ်ဆေးရန်ဖြစ်သည်။ အကယ်၍ မစစ်ဆေးနိုင်ပါက သကြား သို့မဟုတ် ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်း သို့မဟုတ် အချိုရည်ဖန်ခွက်တစ်ဝက် ၁၅၀ စီစီ သောက်ပေးပါ။ ၁၅ မိနစ်အကြာတွင် သွေးချိုဓာတ်ကိုပြန်စစ်ဆေးပါ။ သွေးတွင်းသကြားဓာတ် ၇၀ mg/dl အောက်တွင် ရှိနေသေးပါက အထက်ပါအတိုင်း ထပ်မံသောက်ပါ။ သွေးတွင်း သကြားဓာတ် ၇၀ mg/dl ကျော်လျှင် ပေါင်မုန့်တစ်ချပ်၊ ဘီစကွတ်နှစ်ချပ်၊ နို့တစ်ဖန်ခွက် (၂၀၀- ၃၀၀ စီစီ) စသည်ဖြင့် တစ်ခုခုကို သုံးနာရီမှ လေးနာရီခြားတစ်ကြိမ်စားပါ။ ထမင်းစားချိန်ဖြစ်လျှင် ထမင်းစားပါ။သွေးတွင်းသကြားဓာတ် ဆက်လက်ကျဆင်းနေပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးပြသရန် လိုအပ်ပါသည်။
သွေးတွင်းဂလူးကို့စ်လျော့နည်းရသောအကြောင်းများ
သွေးချိုကျဆေးသောက်ပြီး သို့မဟုတ် အင်ဆူလင်ထိုးပြီး အစာမစားမိခြင်း၊ အစာစားချိန်နောက်ကျခြင်း၊ ပုံမှန်ထက်အစားနည်းခြင်း၊ အင်ဆူလင်ထိုးသောနေရာတွင် အဆီများလွန်ကဲစွာ စုခဲနေခြင်းကြောင့် အင်ဆူလင်စုပ်ယူမှုလျင်မြန်ခြင်း၊ ပြင်းထန်သော လေ့ကျင့်ခန်းများကို အချိန်ကြာမြင့်စွာပြုလုပ်ခြင်း၊ အရက်ဘီယာများ အလွန်အကျွံသောက်ခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကြောင့် သွေးတွင်းဂလူးကို့စ် လျော့နည်းနိုင်ပါသည်။
သွေးတွင်းဂလူးကို့စ်လျော့နည်းခြင်းအန္တရာယ်ဖြစ်နိုင်ခြေရှိသူများ
အသက်အရွယ်ကြီးသူများ (အသက် ၇၅ နှစ်နှင့်အထက်)၊ အရက်ဘီယာ အလွန်အကျွံသောက်သူများ၊ ကိုယ်ဝန်ရှိခါစနှင့် နို့တိုက်မိခင်များ၊ အမျိုးအစား(၁) သွေးချိုဆီးချိုရောဂါရှိသူများ၊ အမျိုးအစား(၂) သွေးချိုဆီးချိုရောဂါရှိပြီး အင်ဆူလင်ကုထုံးဖြင့် ကုသနေရသူများ၊ Sulphonylurea နှင့် Repaglinide ကဲ့သို့ သွေးချိုကျဆေး သောက်နေသူများ၊ သွေးချိုဆီးချိုရောဂါအပြင် တခြားနာတာရှည်ရောဂါများ ဖြစ်သည့် ပြင်းထန်သော အသည်းရောဂါ၊ ကျောက်ကပ်ပျက်စီးသော ရောဂါ၊ အစာအိမ်ရောဂါရှိသူများ၊ အူသိမ်အူမခွဲစိတ်ထားသော သူများ၊ မှတ်ဉာဏ်ချို့ယွင်းသောရောဂါ၊ အာရုံကြောရောဂါနှင့် စိတ်ကျရောဂါရှိသူများ၊ အစားအသောက်ပုံမှန်စားလေ့ မရှိသူများတွင် ဖြစ်နိုင်ပါသည်။ ပုံမှန်ထက်ပို၍ လေ့ကျင့်ခန်းများ တိုးမြှင့်ပြုလုပ်ခြင်းသည် သွေးတွင်းဂလူးကို့စ် ကျတတ်သဖြင့် အထူးသတိပြုစစ်ဆေးသင့်ပါသည်။
သွေးတွင်းဂလူးကို့စ်အလွန်အမင်းကျဆင်းခြင်း၏ နောက်ဆက်တွဲပြဿနာများ
သွေးချိုဆီးချိုရောဂါရှိသူများတွင် သွေးတွင်းဂလူးကို့စ် အလွန်အမင်း ကျဆင်းခြင်းသည် အရေးပေါ်အခြေအနေဖြစ်ပြီး နောက်ဆက်တွဲ အန္တရာယ်များ လျင်မြန်စွာဖြစ်လာနိုင်သောကြောင့် အမြန်ဆုံးကုသရန် တခြားသူများထံမှ အကူအညီ လိုအပ်မည်ဖြစ်သည်။ သွေးချိုကျခြင်းသည် အချိန်မရွေးဖြစ်နိုင်ပြီး အချိန်မီမကုသနိုင်ပါက သတိမေ့မြောခြင်း နှင့် သေဆုံးခြင်း သို့မဟုတ် နာတာရှည်နောက်ဆက်တွဲပြဿနာများ ကို ခံစားရနိုင်ပါသည်။
ပြင်းထန်သော သွေးတွင်းဂလူးကို့စ်ပမာဏ ကျဆင်းခြင်းကြောင့် နှလုံးသွေးကြောနှင့် ဦးနှောက်သွေးကြောထိခိုက်မှု ဖြစ်ရပ်များ တိုးလာခြင်း၊ သွေးချိုကျခြင်းကိုကြောက်ရွံ့သော စိတ်ခံစားမှုဖြစ်ခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်မှုဖြစ်စေခြင်း၊ ဆေးရုံတွင် နေထိုင်ကုသရမှုကြာရှည်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များ မြင့်မားခြင်းတို့ကို ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် သွေးချိုဆီးချိုရောဂါရှိသူ တစ်ဦးချင်းစီတွင် သွေးတွင်းဂလူးကို့စ် လျော့နည်းခြင်းအန္တရာယ်ဖြစ်နိုင်ခြေရှိသော အချက်များကို ဖော်ထုတ်၍ ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။
သွေးတွင်းဂလူးကို့စ်လျော့နည်းခြင်းကိုကာကွယ်ရန်နည်းလမ်းများ
- သွေးတွင်းဂလူးကို့စ်ပမာဏကို မကြာခဏစစ်ဆေးသင့်ပါသည်။ သို့မှသာ သွေးချိုကျသည့်အခါသိနိုင်ပြီး အလွန်အမင်းလျော့ကျမသွားမီ ကုသနိုင်သည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် မကြာခဏစစ်ဆေးပါ။
- အမျိုးအစား (၁) သွေးချိုဆီးချိုလူနာသည် လေးနာရီခြားစစ်ဆေးရန်နှင့် အမျိုးအစား (၂) လူနာသည် အနည်းဆုံး တစ်ရက်လျှင် နှစ်ကြိမ် စစ်ဆေးရန်၊ အစာမစားမီနှင့် စားပြီး နှစ်နာရီအကြာ သို့မဟုတ် ဆရာဝန်မှ အကြံပြုထားသည့်အတိုင်း စစ်ဆေးရန်၊ နာမကျန်းဖြစ်လျှင် မကြာခဏစစ်ဆေးရန် လိုအပ်ပါသည်။
- ဆရာဝန်ညွှန်ကြားချက်အတိုင်း သွေးချိုကျဆေးများကို အချိန်မှန်သောက်ရန် (စည်းမျဉ်းများအတိုင်း အစာမစားမီ သို့မဟုတ် အစာစားပြီးနောက်)နှင့် အင်ဆူလင်ကို အချိန်မှန်ထိုးရန်လိုအပ်ပါသည်။
- အစာကိုအချိန်မှန်စားရန်လိုအပ်ပါသည်။ နံနက်စာ၊ နေ့လယ်စာနှင့် ညနေစာတို့ကို အချိန်မှန်စား၍ ကြားအချိန်များတွင် အဆာပြေ အချိုနည်းသော သရေစာများကို အသင့်အတင့်စားနိုင်ပါသည်။
- အပြင်သွားလျှင် သွေးချိုတိုင်းစက်နှင့် အဆာပြေစားရန် မုန့်တစ်ခုခု ယူဆောင်သွားပါ။ ခရီးရှည်သွားလျှင် ကားမမောင်းခင် သွေးချိုစစ်ဆေးပါ။
- လေ့ကျင့်ခန်းလုပ်လျှင် သွေးချို ရုတ်တရက်ကျနိုင်သောကြောင့် လေ့ကျင့်ခန်းမလုပ်မီနှင့် ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်အပြီးတွင် သွေးချိုစစ်ဆေးရပါမည်။ လိုအပ်ပါက အဆာပြေတစ်ခုခုစားပါ။အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပြီး ညသန်းခေါင်မှာ စစ်ဆေးပါ။ အိပ်ရာမဝင်မီ စစ်ဆေးပါ။
- ညအိပ်ရာဝင်ချိန် သွေးချိုကျခြင်း အန္တရာယ်များကို ကုသရန်အမျိုးအစား(၁)သွေးချိုဆီးချိုရောဂါရှိသူများအတွက် အလိုအလျောက် အင်ဆူလင်ပေးပို့မှု စနစ်ပါရှိသော CGM (Continuous Glucose Monitoring) စက်သည် ဂလူးကို့စ်နည်းသော အချိန်တွင် အင်ဆူလင်ပေးပို့မှုကို အလိုအလျောက်ဆိုင်းငံ့ထားပြီး သွေးတွင်းဂလူးကို့စ်နည်းခြင်းကို ထိရောက်စွာလျှော့ချနိုင်သည်။
- သွေးချိုဆီးချိုရောဂါ ရှိသူတိုင်းတွင် ပြင်းထန်စွာနေမကောင်းဖြစ်ခြင်း၊ ငိုက်မျဉ်းခြင်း၊ လေးလံစွာစကားပြောခြင်း၊ စိတ်တိုခြင်း၊ ခေါ်၍မရခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းဖြစ်လျှင် သွေးတွင်းဂလူးကို့စ်နည်းခြင်း အန္တရာယ်ဖြစ်နိုင်သည်ကို သတိပြုရပါမည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ပိုမိုသတိထားသင့်သည်။
- သွေးတွင်းဂလူးကို့စ်ပမာဏ လျော့နည်းခြင်းကို မကြာခဏခံစားနေရပါက ဆရာဝန်နှင့်ပြသတိုင်ပင်၍ ဆေးညှိရန် သို့မဟုတ် သွေးချိုကျခြင်း ဖြစ်နိုင်ခြေနည်းပါးစေမည့် ကုထုံးအသစ်များကို ပြောင်းလဲရန် လိုအပ်နိုင်ပါသည်။
ထို့ကြောင့် သွေးချိုဆီးချိုရောဂါရှိသူတိုင်းသည် သွေးတွင်းဂလူးကို့စ်ပမာဏလျော့နည်းခြင်း၏ သဘောသဘာဝနှင့် လက္ခဏာများကို သတိပြုရန်၊ သွေးချိုကျလျှင် မိမိကိုယ်ကိုစီမံခန့်ခွဲနိုင်ရန်နှင့် ရေရှည်နောက်ဆက်တွဲ ပြဿနာများကို စောစီးစွာကာကွယ်နိုင်ရန် အသိပညာ ပေးလိုခြင်းဖြစ်ပါသည်။