လက်တွေ့အသုံးချ ဆေးနည်းတို(ဆေးမြီးတို) များ
ဆရာကြီးခင်ဗျာ။ ကျွန်တော် ပြီးခဲ့တဲ့ ၁ဝ ရက်က ဖျားပြီး အဖျားပျောက်တော့ ချောင်းဆိုးကျန်ခဲ့ပါတယ်။ အထူးသဖြင့် ဆီပါတဲ့အစာ၊ အကြော်အလှော် တစ်ခုခုစားမိရင် ချက်ချင်းချောင်းဆိုးပါတယ်။ သလိပ် တော့ မထွက်ပါဘူး။ အခုနောက်ပိုင်းမှာ အစား အသောက်ဆင်ခြင်ရင် ချောင်းဆိုးတာသက်သာပေ မယ့် ညအိပ်ရာဝင်ချိန်မှာ ချောင်းဆိုးပါတယ်။ အိပ်မပျော်မီ ချောင်းအဆက်မပြတ် ဆိုးပါတယ်။ ချောင်းဆိုး ပျောက်စေမယ့် ဆေးနည်းရှိရင်ပြောပြပေး စေလိုပါတယ်။
အဖျားပျောက်ပြီးနောက် ရေကောင်းကောင်းမချိုးရရင် အပူငုပ်ကျန်နေတတ်ပါတယ်။ နံနက်စောစော ရေချိုးပါ။ ရေမချိုးမီ ရေတစ်ခွက်သောက်ပါ။ ရေမချိုးမီ အုန်းသီးအနု အုန်းစိမ်းရည်သောက်ပေးရင် ပိုကောင်းပါတယ်။ ဆားကိုလှော်ပြီး သံပရာရည်နဲ့ ဖျော်လျက်ပေးပါ။ ညအိပ်ရာဝင်ခါနီး ဒူးအထက်ကနေ အောက်ကိုရေလောင်းခြေဆေးရင် အပူတွေအောက် ကိုဆင်းပြီး ချောင်းဆိုးသက်သာပါတယ်။ ရှောက်ရည် သုံးဇွန်း၊ ပျားရည်တစ်ဇွန်းရောပြီး ဖျော်စပ်သောက်ပါ။ အိပ်ခါနီး ရင်ဘတ်နဲ့လည်ပင်းမှာ ပရုတ်ဆီ ဒါမှမဟုတ် မုန်ညင်းဆီကို မီးနဲ့မွှေးပြီး လိမ်းအိပ်ပါ။
ဆရာကြီးခင်ဗျာ။ ကျွန်တော်အသက် ၆၀ ရှိပါပြီ။ နေမကောင်းဖြစ်ခဲပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆောင်းတွင်းနံနက် လမ်းထလျှောက်ရာက အအေးပတ်တယ် ထင်ပါတယ်။ ချောင်းဆိုးပြီး တစ်ခါတစ်ရံ သလိပ်ပါထွက်ပါတယ်။ ညနေပိုင်းဆိုရင် အနည်းငယ် ကိုယ်ပူပြီး ခပ်ငွေ့ငွေ့ဖျားပါတယ်။ အစား အသောက် တော့မပျက်ပါဘူး။ ဆေးခန်းပြကြည့်တော့ အဆုတ်ပွပြီး နာတာရှည် အဆုတ်လေပြွန် ရောင်ရောဂါလို့ ပြောပါတယ်။ ကျွန်တော်ငယ်စဉ်က သောက်ပေမယ့် အသက် ၄ဝ ကျော်တော့ ဆေးလိပ် ဖြတ်ပြီးဖြစ်ပါတယ်။ အဲဒါကြောင့် အဆုတ်လေပြွန် ဆေးလိပ်ရောင်ရောဂါ ဖြစ်သလားတော့ မသိပါဘူး။ အဆုတ် အတွက်သင့်လျော်မယ့် မြန်မာဆေးနည်းများရှိရင် ပြောပြပေးပါ။
အဆုတ်ပွ၊ အဆုတ်ရောင် ရောဂါဖြစ်ရင် ကုန်း ကန်စွန်းရိုးနီကို မကြာခဏစားပေးပါ။ အဆုတ်ပွခြင်း အတွက် ကုန်းကန်စွန်းရိုးနီက ဆေးဖက်ဝင်ပါတယ်။ အဆုတ်အတွက် ဓာတ်စာလို့လည်း ဆိုနိုင်ပါတယ်။ လောက်သေရွက်ကိုပြုတ်သောက်ရင် အခြောက်လှန်းပြီး လက်ဖက်ခြောက်လို ရေနွေးထဲဒါမှ မဟုတ် ခတ်သောက်ရင် နာတာရှည် အဆုတ်ရောဂါတွေ သက်သာတယ်လို့ဆိုပါတယ်။ လောက်သေရွက်က ပိုးကိုနိုင်တဲ့အတွက် အဆုတ်ထဲမှာ ခိုအောင်းနေတဲ့ရောဂါ ပိုးတွေကို သေစေနိုင်ပါတယ်။ နောက် တစ်ခုကတော့ စာရေးဆရာကြီး ဓူဝံရေးသားတဲ့ ပန်းနာဆိုတဲ့စာအုပ်ထဲကနည်းပါ။ ပန်းနာရောဂါဆိုတာ အဆုတ်ကြောင့်ဖြစ်တာပါ။ ဇော်ဂျီတောင်ဝှေးပင်ဆိုတာ ရှိပါတယ်။ အထူးသဖြင့် ပန်းခြံတွေမှာ အလှစိုက်ပါတယ်။ ဘုရားပန်းရောင်းသူတွေဆီမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဇော်ဂျီတောင်ဝှေးပင်က ဘုရားပန်းအိုးထိုးထားပြီး ရေမပြတ်လဲပေးရင် ပန်းအိုးထဲမှာ အမြစ်တွေ ထွက်လာတတ်ပါတယ်။ အရွက်က အစိမ်းရောင်မှာ အနားကွတ်အနီရောင်ဖြစ်ပါတယ်။ အပင်က တောင်ဝှေး လို ၄ ပေ၊ ၅ ပေ လောက်အထိ ရှည်ပါတယ်။ ဇော်ဂျီ တောင်ဝှေးပင် အရိုး၊ အရွက်တွေကို ပြုတ်သောက်ရင်လည်း အဆုတ်ပွရောဂါ၊ ပန်းနာ၊ ရင်ကျပ်ရောဂါတွေ ပျောက်နိုင်ပါတယ်။ ဆရာကြီးဓူဝံကတော့ ငယ်စဉ် ကတည်းကဖြစ်ခဲ့တဲ့ ပန်းနာ၊ ရင်ကျပ်ရောဂါကို ဇော်ဂျီတောင်ဝှေးပင် အရိုးရော အရွက်ပါစဉ်းပြီး ပရဆေးဆိုင်က ဝယ်လို့ရတဲ့ ဒိုဘာလာသကြားခေါ် မှန်ယောင်သကြားခဲနဲ့ ရောပြုတ်ပြီး နေ့စဉ် ရေနွေး ကြမ်းသောက်သလိုသောက်ခဲ့တာ နှစ် ၄၀ ကျော် ကြာဖြစ်ခဲ့တဲ့ ပန်းနာ၊ ရင်ကျပ်ရောဂါအမြစ်ပြတ် ခဲ့တယ်လို့ ရေးသားထားတာ ဖတ်ရဖူးပါတယ်။
အဆုတ်အတွက် တမာပင်ကလည်း အကျိုးပြုပါတယ်။ တမာပင်အောက်မှာနေထိုင်တာ၊ တမာပင် တန်းကလေကို ရှူရှိုက်တာတွေက အဆုတ်ရောဂါ ကို ကုသရာရောက်တယ်လို့အဆိုရှိပါတယ်။ အဆုတ်ပွ ချောင်းဆိုးသူ လူကြီးတွေ ရေချိုးတဲ့အခါ တမာရွက် ပြုတ်ရည်နဲ့ချိုးရင် အဆုတ် အအေးပတ်တာသက် သာတယ်လို့ဆိုပါတယ်။ အဆုတ်ပွသူတွေ ရင်ဘတ်နဲ့ နောက်ကြောမှာ မုန်ညင်းဆီကို မီးနဲ့ချက်ပြီး လိမ်းပေးရင် အထူးသဖြင့် ညအိပ်ရာဝင်ချိန်မှာ လိမ်းပြီး အိပ်ရင် အဆုတ် အအေးပတ်ရောဂါကို သက်သာစေပြီးချောင်းဆိုးလည်း သက်သာစေနိုင်ပါတယ်။ အဆုတ်ပွသူတွေက လေဝင်လေထွက်မကောင်းတဲ့ တိုက်ခန်းတွေမှာ မနေသင့်ပါဘူး။ လေကောင်းလေသန့် ရတဲ့နေရာမှာ နေသင့်ပါတယ်။ နံနက်ခင်းနေရောင် ခြည်ရတဲ့အချိန်မှာ လမ်းလျှောက်ရင်း နေရောင်ခံ ပေးပါ။ ရေချိုးတဲ့အခါ နေမြင့်မှချိုးတာ၊ နေရောင်ခံ ပြီးမှချိုးတာ ပိုပြီးကောင်းပါတယ်။ ဆီများတဲ့အစား အသောက်တွေကို ရှောင်ပါ။ မီးခိုးငွေ့၊ ဆေးလိပ်ငွေ့ တွေမရှူမိအောင်သတိပြုပါ။ ဖုန်ထူတဲ့နေရာ၊ အနံ့အသက်မကောင်းတဲ့နေရာတွေ သွားလာနေထိုင်ခြင်း ကို ရှောင်ကြဉ်ပါ။ ရေအေးကိုသိပ်မသောက်ဘဲ ကျိုချက်ထားတဲ့ရေ၊ ရေကျက်အေး ဒါမှမဟုတ်ရေနွေးသောက်ပါ။ အေးတဲ့နေရာမှာနေထိုင်ရင် အနွေး ထည်ဝတ်ထားပါ။ လည်ပင်းနဲ့ အဆုတ်အအေး မပတ်အောင် လည်ပင်းမှာ တဘက် ဒါမှမဟုတ် မာဖလာ ပတ်ထားရင် အအေးပတ်ခြင်း မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ဆရာကြီးခင်ဗျာ။ အခုဆောင်းအကုန် နွေအကူးမှာ ကျွန်တော်တို့တစ်မိသားစုလုံး ချောင်းဆိုးနေကြပါ တယ်။ လျက်ဆားနဲ့ သံပရာရည်ကိုဖျော်ပြီးလျက်ရင် ချောင်းဆိုးသက်သာပါတယ်။ ဒါပေမဲ့ အိမ်က လူကြီးတွေက သွေးတိုးရှိလို့ လျက်ဆားကိုမလျက်ရဲ ကြဘူး။ သွေးတိုးနဲ့လျက်ဆား မတည့်ဘူးလို့ပြောပါ တယ်။ တချို့ကလည်း လျက်ဆားက သံပရာရည်နဲ့ ဖျော်လျက်ရင် သွေးမတိုးဘူးလို့ ပြောကြပါတယ်။ ဘယ်ဟာက အမှန်ပါလဲခင်ဗျာ။ သွေးမတိုးအောင် ဘယ်လိုလုပ်ရမလဲခင်ဗျာ။
လျက်ဆားဆိုတာ မြန်မာဆေးကျမ်းမှာပါတဲ့ ရှေးရိုးအစဉ်အဆက် သုံးစွဲလာခဲ့တဲ့ အိမ်သုံးသက်စောင့် ဆေးတစ်မျိုးပါ။ တိုင်းရင်းဆေးသိပ္ပံမှာ ဆရာကြီးတစ်ဦးက လျက်ဆားကို လျက်ဆေးလို့ခေါ်ရမယ်လို့ လျက်ဆားလို့ မခေါ်ဘဲ အမိန့်ရှိဖူးပါတယ်။ ခုနောက်ပိုင်း ရောင်းတမ်းထုတ်လုပ်တဲ့ လျက်ဆားတွေ မှာ ဆားကိုလှော်၊ ဆားပုပ်အတုမျိုးပြုလုပ်ပြီး ထည့်ကြိတ် လာကြတာတွေ့ရပါတယ်။ မူရင်းဆေးကျမ်း မှာပါတဲ့ ဆားပုပ်ခဲက တွင်းထွက်ဆားပါ။ ပင်လယ်ထွက်ဆား မဟုတ်ပါဘူး။ ဈေးလည်းကြီးပါတယ်။ ပင်လယ်ထွက် ဆားက သွေးတိုးပါတယ်။ လျက်ဆားမှာ သွေးတိုးတာက ဆားကိုလှော်ထားတဲ့ ဆားပုပ်ခဲ အတုထည့် လို့ဖြစ်ပါတယ်။ ဆားပုပ်ခဲမပါတဲ့ လျက်ဆား ဆေးနည်းလည်း ရှိပါတယ်။ သွေးတိုးရှိတဲ့ သူတွေ သုံးစွဲနိုင်တဲ့ လျက်ဆားဖော်နည်းကို တင်ပြပေးပါမယ်။ အဲဒီ လျက်ဆားက သလိပ်ကိုလည်း ပျော်စေနိုင်ပါတယ်။ သလိပ်ပျော်လျက်ဆားဆေးနည်းကတော့- စမုန်မျိုးငါးပါး ၄ ပဲစီ ၁ ကျပ် ၈ ပဲသား၊ ကပ်မျိုး ငါးပါး ၄ ပဲစီ ၁ ကျပ် ၈ ပဲသား၊ လေးညှင်းပွင့် ၈ ပဲသား၊ ကျောက်ချဉ် ၈ ပဲသား၊ နွယ်ချို ၁ ကျပ် ၈ ပဲသား၊ ပရုတ် ၂ ကျပ် ၈ ပဲသား၊ ဇဝက်သာ ၂ ကျပ်သား၊ ဖုံးမသိန် ၃ ကျပ်သား၊ သိန္ဓောဆား ၁၃ ကျပ်သားတို့ကို အားလုံးစုပြီး အမှုန့်ပြုလုပ်ပါ။ လေလုံအောင်ထားပြီး မကြာခဏလျက်ပေးရင် လည်ချောင်းထဲက ချွဲသလိပ်တွေထွက်ကျလာစေနိုင်ပါတယ်။ နွေ၊ မိုး၊ ဆောင်း အသုံးပြုနိုင်ပါတယ်။
ဆရာကြီး။ ဦးပဉ္စင်းချောင်းဆိုးပြီး သလိပ်ကပ် နေပါတယ်။ သလိပ်ထွက်ရင် ချောင်းဆိုးသက်သာ ပါတယ်။ လွယ်လွယ်နဲ့ သလိပ်ထွက်အောင် ဘာဆေး တွေသုံးစွဲရမလဲဆိုတာ သိလိုပါတယ်။ သလိပ်ထွက် စေမယ့် အစားအစာဓာတ်စာတွေကိုလည်း သိလိုပါတယ်။
သလိပ်ရစေဖို့ ပရဆေးဆိုင်တွေမှာ မက်လင်ချဉ် လျက်ဆားဆိုပြီး မေးဝယ်ရင်ရပါတယ်။ အစိုးရ တိုင်းရင်းဆေးခန်းတွေမှာတော့ ဆေးခန်းသုံးဆေး အမှတ်(၁) သေမှပုတိက ခေါ် သလိပ်ပုပ်နိုင်ဆေး လို့မေးပြီး တောင်းယူရရှိနိုင်ပါတယ်။ အရင်က ဆေးဝါး ထုတ်လုပ်ရေးစက်ရုံ (BPI) ကလည်း မက်လင်ချဉ် ဆေးဆိုပြီး ငုံလို့ရတဲ့ဆေးပြားတွေ ထုတ်လုပ်ရောင်းချ ဖူးပါတယ်။ တကယ်လို့ လျက်ဆားဝယ်မရရင် အိမ်သုံး ဆားကို ကွမ်းရွက်နဲ့ထုပ်၊ မီးဖုတ်ပြီး သံပရာရည်နဲ့ ဖျော်လျက်ပေးပါ။ သလိပ်ထွက်စေ နိုင်ပါတယ်။ သလိပ်ရစေနိုင်မယ့် အစားအစာဓာတ်စာက ဖီးကြမ်း ငှက်ပျောသီးများများစားပေးပါ။ ဖီးကြမ်းငှက်ပျော သီးကို အပြင်ခွံအနည်းငယ်ညိုသွားအောင် မီးဖုတ်ပြီး စားရင်လည်း သလိပ်ပျော်ဖို့ ရင်ကျပ်၊ ချောင်းဆိုးအတွက် ကောင်းတဲ့ဓာတ်စာဖြစ်ပါတယ်။ တခြား သလိပ်ပျော်စေနိုင်တဲ့ နည်းလမ်း တွေကတော့ သိန္ဓော ဆား၊ ဇဝက်သာနဲ့ ပတဲကောတစ်ကျပ်သားစီကို နွယ်ချိုသုံးကျပ်သားနဲ့ ရော ကြိတ်ပြီး လျက်ပေးပါ။
နောက်တစ်နည်းက ချင်းပါးပါးခုနစ်လွှာ၊ ကွမ်းရွက် သုံးရွက်၊ ထန်းလျက်ငါးခဲကို တစ်လုံးစာမှာထည့်၊ ရောကျိုပြီး ဆူတဲ့အခါ ဆားလှော် အနည်းငယ်ထည့်သောက်ရင် သလိပ်ကပ်ရောဂါ၊ အဖျားနဲ့တွဲပြီးဖြစ်တဲ့ ချောင်းဆိုးရောဂါတွေ ပျောက်ကင်းပါတယ်။ ဓာတ်စာအနေနဲ့ တောင်အော်ရွက်၊ လဲလူရွက်၊ ဥသျှစ်ရွက် တို့ကို ဟင်းချိုချက်သောက်ရေနွေးမတ်ခွက်ပါ။
ချောင်းဆိုး သွေးပါရောဂါဖြစ်နေတဲ့ အသက် ၈ဝ အရွယ်အဖွားအတွက် ဆေးနည်းများ ပြောပြပေးစေ လိုပါတယ်။
စံပယ်ရွက်(စံပယ်ကြီးပင်မှအရွက်ရလျှင် ပိုကောင်းသည်)ကို သကြားအနည်းငယ်ထည့်၊ သုံးခွက် တစ်ခွက်တင်ကျိုပြီး ရေနွေးကြမ်းပန်းကန် တစ်လုံးစာကို တစ်နေ့သုံးကြိမ် သောက်ပေးပါ။ ချောင်းဆိုး သွေး ပါရောဂါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဆီးဖြူသီးခြောက်ကို ငါးပတ်နဲ့ချက်ကျွေးရင်လည်း ချောင်းဆိုးသွေးပါရောဂါ သက်သာစေနိုင်ပါတယ်။
ကြည်လွင်မြင့်(မုဒြာ)