မျိုးဂုဏ်မြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု

 

မျိုးဂုဏ်မြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ အောက်တိုဘာ  ၁၅ ရက်)

    မြန်မာနိုင်ငံသည်  တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့်နိုင်ငံဖြစ်သည်။ တိုင်းရင်းသား အားလုံး၏ ရိုးရာဂီတကိုဖန်တီးသည့် အခြေခံတူရိယာများမှာ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဆိုသည့် တူရိယာငါးပါးဖြစ်သည်။ ထို့အတူ  တိုင်းရင်းသားတို့၏ အကအခြေခံမူ အားလုံးမှာလည်း ခေါင်း၊ ခါး၊ ခြေ၊ လက်ဆိုသည့် အကအခြေခံစနစ်မှာ တူညီလျက်ရှိသည်။ မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပညာရပ်များကို ပြိုင်ပွဲကျင်းပကာ ဖော်ထုတ်ပေးခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာပြီး ရိုးရာယဉ်ကျေးမှုများကို ပိုမိုလေးစားအလေးထား လာကြသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီနှင့် ပတ်သက်သည့် တိုင်းရင်းသား ရိုးရာ/ကျေးလက်ရိုးရာအက တို့ကိုထည့်သွင်းထားသည်။ ယခုနှစ်ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား ရိုးရာအကကိုယှဉ်ပြိုင်ရန် ထည့်သွင်းထားရှိသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၌ ရှိကြသည့် လူမျိုးတိုင်းတွင် ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ ထုံးစံအမွေအနှစ်များ ရှိကြစမြဲဖြစ်သည်။ မြန်မာတိုင်းရင်းသားများတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများ ထင်ရှားခိုင်မာစွာရှိပြီးဖြစ်သည်။ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်  ထုံးဓလေ့များနှင့် မြန်မာ့မူ၊ မြန်မာ့ဟန်စစ်စစ်များကို ရှေးမြန်မာတိုင်းရင်းသား ဘိုးဘွားအစဉ်အဆက်က ဖန်တီးပုံဖော် တည်ဆောက် ထိန်းသိမ်းလာခဲ့ကြသည်မှာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီဖြစ်သည်။ မိမိတို့၏ကိုယ်ပိုင် အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ် သွားပါက နိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှု လျော့နည်းပြီး အမျိုးသားရေး အားမာန်များ  ခန်းခြောက်လာမည်ဖြစ်သည်။  အမျိုးသားရေးအားမာန် ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံ၏ အချုပ်အခြာအာဏာကို နှောင့်ယှက်ထိပါး လာကြမည်ဖြစ်သည်။

မြန်မာ့ရှေးဟောင်းမြို့ပြနိုင်ငံများမှ တွေ့ရှိခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်အထောက်အထားများ၊ စာပေအထောက်အထားများနှင့် အိမ်နီးချင်းနိုင်ငံများ၏ ခေတ်ပြိုင် မှတ်တမ်းများအရ မြန်မာလူမျိုးများသည် ရှည်လျားသည့်သမိုင်းကြောင်း တစ်လျှောက်တွင် ဘာသာတရားဆိုင်ရာ အဆုံးအမများ၊ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုထုံးဓလေ့များ၊ သိမ်မွေ့နက်နဲသည့် အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်အမျိုးသား ယဉ်ကျေးမှုကို ခြေခြေမြစ်မြစ် ထူထောင်ခဲ့ကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာ နေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်ကြောင်း ခိုင်မာစွာတွေ့ရှိနိုင်သည်။

မြန်မာတို့၏ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ပိုမို ထွန်းတောက်ရေး၊ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟု ဝင့်ဝင့်ထည်ထည် သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ မြဲမြံစွာ မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင် ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ ဝင့်ထည်စွာ တည်တံ့စေရေးအတွက်ဦးတည်ပြီး အမျိုးသားယဉ်ကျေးမှု အဆင့်အတန်း အစဉ်ထာဝရ မြင့်မားစေရအောင် အနုပညာစွမ်းအားဖြင့် ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးတို့၏ ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့်အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့နေစေရန် ရည်မှန်းပြီး  အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ  ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများကို နိုင်ငံတော်က အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများအနက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများ ကျင်းပခြင်းသည်လည်း တစ်မျိုးသားလုံးပါဝင် ဆောင်ရွက်ကြသည့် အဆင့်အမြင့်ဆုံး အမျိုးသားရေး အားထုတ်မှုတစ်ရပ်ဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများတွင် ပြိုင်ပွဲအမျိုးအစားများကို အရေအတွက်အရရော၊ အရည်အသွေးအရပါ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်စီစဉ်ပေးလျက်ရှိသည်။ ယခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မိမိတို့၏ စိတ်ဆန္ဒအလျောက် မြန်မာ့အနုပညာကို  စိတ်ပါဝင်စားမြတ်နိုးသူများ တိုးပွားလာမှု၊ မိဘပြည်သူများ၏ အားပေးမှု၊ နိုင်ငံတော်၏ အားပေးချီးမြှင့်မှု၊ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ၏ ထောက်ပံ့ကူညီမှုတို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ပြိုင်ပွဲဝင်လူဦးရေ ၂၅ဝဝ ကျော် ပါဝင်ယှဉ်ပြိုင် ကြကြောင်း သိရှိရသည်။ 

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှ ထူးချွန်ထက်မြက်သော ပညာရှင်များပေါ်ထွန်းကာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း သာယာရေးအတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

အနှစ်ချုပ်ဆိုရသော် မိဘ၊ ဘိုးဘွား၊ ဘီဘင်အစဉ်အဆက်က လက်ဆင့်ကမ်းပေးထားသော မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပညာရပ်များ မကွယ်မပျောက် နှစ်ပေါင်းရှည်ကြာစွာ တည်ရှိနေစေရန် ထိန်းသိမ်းရမည်မှာ မျိုးဆက်သစ်အဆက်ဆက်တို့၏ တာဝန်ဖြစ်ပေရာ မျိုးဂုဏ်မြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဖြစ် ကမ္ဘာတည်သရွေ့ တည်ရှိနိုင်ရေး ထိန်းသိမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။