နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ဆုံ၊ မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ဆုံ၊ မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေး၊ ဝန်းသိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မိသားစုများအား တွေ့ဆုံ  အမှာစကားပြောကြား

နေပြည်တော်၊  အောက်တိုဘာ - ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူများ အား အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းတွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံ၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများက တိုင်းဒေသကြီးအတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာကိစ္စရပ်များ၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဒေသတွင်းစိုက်ပျိုးမွေးမြူရေး နှင့် MSME လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ချေးထားမှု၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအလိုက် ဒေသဆိုင်ရာအချက်အလက်များ၊ နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့်လုံခြုံရေးအတွက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ များ ဖွဲ့စည်းထားရှိမှု၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက် ရှိမှု၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အတူတကွ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိမှု အခြေအနေ များနှင့် အခြားဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် များကို စတင်ထမ်းဆောင်ခဲ့ရစဉ်ကပင် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ပြီး အန္နိမရည်မှန်းချက်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြီး အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏အာဏာလွှဲပြောင်းပေးအပ်ရေးပင်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လည်းကြိုးပမ်းပြင်ဆင်လျက်ရှိပါကြောင်း၊ အဆိုပါရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးသည် အရေးကြီးမှု၊ နယ်မြေလုံခြုံရေးနှင့်ပတ်သက် ၍ ပြီးပြည့်စုံသည့်လုံခြုံရေးဟူ၍မရှိသဖြင့်  ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်မှသာ လုံခြုံရေးသည် ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်သည့် အခြေအနေများ၊ ပြည်သူ့ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ပူးပေါင်ဆောင်ရွက် ပါက လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများကို တားဆီးနိုင်မည်၊ လျော့ကျစေနိုင်မည် ဖြစ်သည့် အခြေအနေများ။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းထားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် စနစ်တကျဖွဲ့စည်းထားရန်၊ ပြည်သူအားလုံး ပါဝင်ပူးပေါင်းလာစေရေးအတွက်လည်း စည်းရုံးဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေများ၊ ထို့အပြင် အဆိုပါ အဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး အသိအမြင်များ အမြဲမပြတ်ရှိနေရန် လိုအပ်သည့်အခြေအနေများ၊ အကြမ်းဖက်သမား များအနေဖြင့် မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ လုံခြုံရေး အသိ၊ လုံခြုံရေးသတိဖြင့် စောင့်ကြည့်နေရန် လိုအပ်သည့်အခြေအနေများ၊ ပြည်သူ လူထုပူးပေါင်းပါဝင်မှသာလျှင် လုံခြုံရေးသည် ခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း နှင့် မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ ဘဝလုံခြုံရေးအတွက်   သက်ဆိုင်ရာတာဝန်ရှိသူများက မှန်မှန်ကန်ကန် ဖြင့် ကြပ်မတ် ဆောင်ရွက်နေရန်လိုအပ်သည့် အခြေအနေများ။

ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ အခြေခံ လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်မီဖြည့်ဆည်းပံ့ပိုး ပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန်၊ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပျက်စီးဆုံးရှုံးနိုင်သည့် သီးနှံများအတွက် အချိန်မှီအစားထိုး ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များအပြင် အခြားလိုအပ်သည်များကိုလည်း စီမံဆောင်ရွက်ထားရန်လိုအပ်သည့် အခြေအနေများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်၍ စာရင်းကောက်ယူခြင်းမှ ရရှိလာ သည့် ရလဒ်များသည် နိုင်ငံအတွက်အ‌‌ရေးပါသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရမည့် တာဝန်ရှိအဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အထောက်အကူ ပြုနိုင်ရန်နှင့် နိုင်ငံ၏ ပကတိအခြေအနေကိုရရှိရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ရရှိသည့်အချက်အလက်များသည် ပြည်သူတစ်ဦးချင်းမှစ၍ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများမှ လည်း ယခုထက်ပိုမိုပါဝင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်မှု အခြေအနေနှင့် သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူ နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လုပ်အားဒါနဖြင့် တာဝန်ယူကောက်ခံနေကြ သည့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက သတ်မှတ် ကောက်ကွက်များအလိုက် အတတ်နိုင်ဆုံး ပြည့်မီအောင် ကြိုးပမ်းကောက်ယူသွားကြရန်နှင့် စာရင်းကောက်ယူရာ တွင် လိုအပ်သည့် အခြေခံအချက်အလက်များကို ပြည်သူများက ပြည့်စုံမှန်ကန်စွာ ဖြေကြားနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးပေးခြင်းဖြင့် အသိပညာ၊ ဗဟုသုတများ မျှဝေပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်သည့်အခြေအနေများနှင့် ပတ်သက်၍ ပြောကြားပြီး အခြားလိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် သန်းထိုက်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌  တက်ရောက်ကုသမှု ခံယူလျက်ရှိသည့်  နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှု ဂုဏ်ပြု အားပေးစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိ ခဲ့သော အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူစစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများ၊ ရောဂါကုသပျောက်ကင်းသက်သာမှု အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်း နှီးနှီးမေးမြန်းကာ အားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ထောက်ပံ့ပစ္စည်းများနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဝန်းသို တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် မိသားစုဝင်များအား သီးခြားစီသွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး တင်ပြချက်များအပေါ်လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။