ငြိမ်းချမ်းသာယာသော ပြည်ထောင်စုဆီသို့ ချီတက်စို့
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်)
ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရန်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ကင်းစင်နေရမည်ဖြစ်သည်။ ထို့ကြောင့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးသည်နှင့် ဆောင်ရွက်သည့် ကိစ္စရပ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာအောင် ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုစာချုပ်ဆွေးနွေး ညှိနှိုင်းရေးဆွဲရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းများ ပြုလုပ်ပြီး နိုင်ငံတော်အဆင့် သဘောတူညီချက် စာချုပ်အဖြစ် ဆုံးဖြတ် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်သည့်နေ့မှစပြီး NCA စာချုပ်ရရှိသည်အထိ ရက်ပေါင်း ၁၄၅၀ မျှကြာမြင့်ခဲ့သည်။ ထိုကာလများအတွင်း အစည်းအဝေးများ၊ တွေ့ဆုံညှိနှိုင်းခြင်းများ စုစုပေါင်းအကြိမ်ပေါင်း ၅၀၀၀ ကျော်ပြုလုပ်ခဲ့ကြသည်။
ထိုသို့ကြိုးစားပြီး ဆောင်ရွက်မှုကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့တဲ့ NCA စာချုပ်သည် သမိုင်းဝင်စာချုပ်တစ်ခုပဲဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ်အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိဘဲ တည်တံ့နေမည့် စာချုပ်ဖြစ်သည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် NCA စာချုပ်အပေါ်မှာသာ အလေးထား ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏ ခိုင်မာသောနိုင်ငံရေး ရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်ရေးသာဖြစ်သည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဖက်ဒရယ် ဆိုသည့် ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ ခွဲဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန် ခွဲဝေလုပ်ဆောင်ခြင်းတို့ဖြစ်သည်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ဆိုသည်မှာ အများစုကရွေးချယ်သည့် ကိစ္စ၊ အများစု၏ ဆန္ဒကိုဥပဒေနှင့်အညီ စီမံဖော်ဆောင်ခြင်း ဖြစ်သည်။ အလားတူ ဒီမိုကရေစီ၏ ကျင့်စဉ်အရ အနည်းစု၏ဆန္ဒကိုလည်း လေးစားတန်ဖိုးထားရမည်ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) တွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက် အုပ်ချုပ်ရေးအာဏာများ ခွဲဝေထားပြီးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော် အခြေခံမူများ၊ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များမှာလည်း တိုင်းရင်းသား ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများ၊ အာမခံချက်များကို တန်းတူညီမျှပေးထားပြီးဖြစ်သည်။
၁၅-၁၀-၂၀၂၄ ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား NCA စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်မှာ (၉)နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပါသည်။
ဤ NCA သဘောတူစာချုပ် ရေးထိုးပြီးချိန်ကတည်းက စာချုပ်ပါကတိကဝတ်တွေကို လေးစားပြီး တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် ရပ်တည်ခဲ့ကြသည့် EAO များကို တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေပေးရင် ပေးသလို ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေသော EAO များ ပေါ်ပေါက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ NCA ကိုလက်မှတ်ရေးထိုးရခြင်း၏ ရည်ရွယ်ချက်မှာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးမှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ အရေးနှင့်ဒီမိုကရေစီ အရေးအတွက်ပဲဖြစ်ပေသည်။
တပ်မတော်အနေဖြင့် NCA စာချုပ်ဖြစ်ပေါ်လာပြီး သုံးနှစ်အကြာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လိုလားသည့် စိတ်နှင့်တစ်ဖက်သတ် အပစ်အခတ် ရပ်စဲတာတွေကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျော ဆောင်ရွက်ပေးခဲ့တာကို အားလုံးသိရှိပြီးဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မူဝါဒတွေကိုချမှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခြင်း၊ လိုက်ပါဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ငြိမ်းချမ်းရေး လမ်းစဉ်ဖြစ်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကြရန်လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်လည်း စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် မပျက်ယွင်းစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိပြီး လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အစိုးရဖြစ်သည်။ ထိုသို့ဦးတည် ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင်အကြမ်းဖက် တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အဦများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမှုများစွာဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်
အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွင်း ငြိမ်းချမ်းသာယာသော လူ့ဘောင်သစ်ကို အမှန်တကယ် အလိုရှိသည်ဆိုပါက လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်ဖြေရှင်းပြီး ငြိမ်းချမ်း သာယာသော ပြည်ထောင်စုဆီသို့ ချီတက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။