နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်ဇနီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ မဟာဇနက ဇာတ်တော်ကြီးပြိုင်ပွဲ ကြည့်ရှုအားပေး
နေပြည်တော် အောက်တိုဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး နှင့်ဇနီးသည် ယနေ့ညပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ လဟာပြင်ဇာတ်ရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာဇနက” ဇာတ်တော်ကြီး ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သဘင်ကိုချစ်မြတ်နိုးကြသည့် ပြည်သူများ တက်ရောက် အားပေးကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု “ဖန်ခါးမြေ” ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနက ဇာတ်တော်ကြီး တီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင် ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့် ပေါင်းစပ်၍ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။
“မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲကို တင်ဆက်ရာတွင် ဝီရိယ၏ စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်တတ်စေခြင်း၊ သစ္စာတန်ခိုးသည် သက်မဲ့များကိုပင် ထက်မြက်စေခြင်း၊ သီလစောင့်ထိန်းမှုသည် ဆာလောင်မှုကို သည်းခံနိုင်ခြင်း၊ သူတော်ကောင်းများနှင့် ဆုံတွေ့ကာ စောင့်ရှောက်မှုခံရနိုင်ခြင်း၊ ဉာဏ်ပညာသည် ဘုန်းတန်ခိုးကို ပိုမိုထက်မြက်စေခြင်း၊ ကာယစွမ်းအားသည်လည်း လူအများ အားထားမှုခံရခြင်း၊ မိန်းမမြတ်များသည် မိဂုဏ် ဘဂုဏ် အမျိုးဂုဏ်စောင့်အပ်ခြင်း၊ ယုံမှားသံသယသည် ကောင်းကျိုးပျက်၍ အဆိုးဘက်ရောက်အပ်ခြင်း၊ နိက္ခမပါရမီထူးကြောင့် (၇)ရက်အတွင်း အဘိဉာဉ်ကိုရကာ သန္တိသုခရရှိခြင်း စသည့်အနှစ်သာရများကို ခံစားရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယှဉ်ပြိုင်ကပြခြင်းဖြစ်ကြောင်း။
၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်က ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု မဟာဧရာဇာတ်တော်ကြီး အဖွဲ့ကလည်းကောင်း၊ အောက်တိုဘာလ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု ဖန်ခါးမြေဇာတ်တော်ကြီး အဖွဲ့ကလည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တိုဘာလ ၁၆ ရက်မှ ၂၀ ရက်အထိ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာ ကိုယ်စားပြုဇာတ်တော်ကြီး အဖွဲ့များက သတ်မှတ်ရက်များအလိုက် ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားကြမည် ဖြစ်ကြောင်း သိရသည်။