နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး
နေပြည်တော် အောက်တိုဘာ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှု အားပေးသည်။
အဆိုပါပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အကဲဖြတ်ဒိုင ်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် အနုပညာကို ချစ်မြတ်နိုး ကြသူများ တက်ရောက်အားပေးကြသည်။
ဦးစွာ Plenary Hall ၌ ကျင်းပသည့် အဆင့်မြင့်ပညာအဆင့် အမျိုးသမီး အကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်များက ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးအဆစ် ညီညာစွာအသုံးပြု၍ ငြိမ့်ညောင်းသည့် ကကြိုးကကွက်များဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် Signing Room ၌ကျင်းပသည့် “မဟာဂီတ” တေးသီချင်း အဆိုပြိုင်ပွဲ၌ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲဝင်များက “ပန်းတသင်းသင်း” (ပတ်ပျိုး) သီချင်းဖြင့် သီဆိုယှဉ်ပြိုင်နေမှုကို လည်းကောင်း၊ News Briefing Room ၌ ကျင်းပသည့် စန္ဒရားအတီးပြိုင်ပွဲ၌ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားပြိုင်ပွဲဝင်များက “သောင်း သောင်းညံ” (ယိုးဒယား) သီချင်းဖြင့် တီးခတ်ယှဉ်ပြိုင်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအဆင့်အလိုက် အကဲဖြတ် ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု သုခုမအမွေအနှစ်များကို ဖော်ထုတ်နိုင်ရန်နှင့် လူငယ်မျိုးဆက်သစ်များကို နိုင်ငံနှင့် လူမျိုး၊ အမျိုးသား ယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာကို အလေးထား၊ တန်ဖိုးထား ထိန်းသိမ်းရန်အတွက် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစားများ အလိုက် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များက အနုပညာရသပေါ်လွင်စွာဖြင့် ယှဉ်ပြိုင်လျက်ရှိကြသည့် အပြင် အနုသုခုမပညာရပ်ကို စိတ်ပါဝင်စားကြသည့် ဝါသနာရှင်များကလည်း လာရောက်ကြည့်ရှု အားပေးလျက် ရှိကြောင်း သိရသည်။