ပညာမြင့်မှ လူမျိုးတင့်မည်
“ ပညာမြင့်မှ လူမျိုးတင့်မည်’’ ဟူသောဆောင်ပုဒ်သည် အဓိပ္ပာယ်ပြည့်ဝမှုများနှင့် အလွန်လေးနက် မှန်ကန်သော ဆောင်ပုဒ်ပင်ဖြစ်ပါ၏။ အခြားနိုင်ငံတွေမှာ ပညာ၏အရေးပါမှုနှင့် ပတ်သက်၍ မည်သို့ ဆောင်ပုဒ်များချမှတ်ထားသည်ကို မသိရသော်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ခဏတာရောက်ခဲ့စဉ် မြေအောက်ရထားစီးရင်း စာအုပ်နဲ့မျက်နှာ ထိလုမတတ် စာဖတ်သူတွေကို စာရေးသူတွေ့ခဲ့ဖူးသည်။ ထို့ပြင် ဂျပန်ရောက်ဖူးသည့် မိတ်ဆွေတချို့ကလည်း ဂျပန်ပြည်သူများ၏ ပညာရှာဖွေ ဆည်းပူးမှုကို ပြောပြသည်။ စင်ကာပူနိုင်ငံသားတို့သည်လည်း ထိုနည်းအတိုင်း ပညာရှာသည်ဟုသိရသည်။ ပညာကြောင့်ပဲ သဲကန္တာရထဲက အစ္စရေးနိုင်ငံမှာ စိုက်ပျိုးရေးနည်းပညာတွင် ထိပ်ဆုံးကရှိနေသည်။ ရေရှားပါးသည့် သဲကန္တာရထဲက အစ္စရေးနိုင်ငံတွင် အခြားသောနိုင်ငံများက စိုက်ပျိုးရေး နည်းပညာများ လာရောက်သင်ကြားနေကြရသည်။ ပညာ၏တန်ဖိုးကြီးမား အကျိုး သက်ရောက်မှုကြောင့် ဒုတိယကမ္ဘာစစ်အပြီး ၁၆ နှစ်အကြာတွင် ဆိုဗီယက်ပြည်ထောင်စုသည် အာကာသခရီးကို စတင်နိုင်ခဲ့သည်။ ကျွန်းနိုင်ငံပီပီ ဆူနာမီနှင့်ငလျင်ဒဏ်များ မကြာခဏကြုံရလေ့ရှိသည့်ကြားမှ ဂျပန်နိုင်ငံမှာ တိုးတက်ပြီးရင်း တိုးတက်နေဆဲ။ အားလုံး၏အခြေခံသည် ပညာကြောင့်ပင်ဖြစ်ပါ၏။ နိုင်ငံသားများ ပညာအရည်အသွေး မြင့်မားလျှင် နိုင်ငံသည်လည်း တိုးတက်ဖွံ့ဖြိုးလာရသည်မှာ အထင်အရှားပင်ဖြစ်ပါ၏။
မကြာသေးမီက စာရေးသူ AI ဉာဏ်ရည်တုနည်းပညာအကြောင်း ဖတ်လိုက်ရသည်။ အင်မတန် အံ့အားသင့်သွားရ၏။ အကြောင်းမူကား လူမှုကွန်ရက်တွင် မြင်တွေ့နေရသည့် AI ဖန်တီးချက်များကိုသာ စာရေးသူသိထားခဲ့ခြင်းဖြစ်၏။ အဆိုပါဆောင်းပါးကို ဖတ်လိုက်ရတော့မှ AI နည်းပညာကို လွဲမှားစွာအသုံးချကာ လူ့အဖွဲ့အစည်းအတွင်း လုံခြုံမှု၊ ယုံကြည်မှုများ ပျက်ပြားခြင်းမှတစ်ဆင့် အကြောက်တရားများဖြစ်ပေါ်စေရန် ဆောင်ရွက်နေမှုများကို တွေ့ခဲ့ရသည်။ လူ့အဖွဲ့အစည်းကို အကျိုးပြုနေသည့် AI ဖန်တီးမှုများသည် ကောင်းမွန်လှသော်လည်း ပညာကိုရေလိုက်လွဲ မိုက်မဲသူများကြောင့် အပျက်တရားဆီရောက်ရသည်ကို ဆင်ခြင်သတိပြုမိခဲ့ပါသည်။
စာရေးသူတို့ငယ်စဉ်ကျောင်းသားဘဝတွင် ဆရာတစ်ဦး ဆုံးမလေ့ရှိသည့် စကားတစ်ခွန်းမှာ “ပညာဆိုတာ ရတဲ့နေရာယူ၊ လိုတဲ့နေရာသုံး” ဟူ၍ပင်ဖြစ်၏။ ထိုသို့ကြားရစဉ် စာရေးသူ၏ဖခင်နှင့် သူ၏ မိတ်ဆွေတစ်ယောက်ကို သတိရမိသည်။ စာရေးသူ၏ဖခင်က သူတို့ခေတ်ပညာရေးအရ ခုနစ်တန်း အောင်ခဲ့သည်။ ထိုစဉ်က ခုနစ်တန်းအောင်သူသည် ယနေ့ တက္ကသိုလ်ဘွဲ့ရနီးနီး အသိအမှတ်ပြုခံရသည် ဆို၏။ အဖေသည် သူ ခုနစ်တန်းပညာဖြင့် စာရေးသူတို့မောင်နှမတွေကို ရှေ့နေ၊ ကွန်ပျူတာဘွဲ့ရ နိုင်ငံ့ ဝန်ထမ်းများအဖြစ် သင်ကြားပျိုးထောင် ပေးနိုင်ခဲ့သည်။ အဖေ့မိတ်ဆွေခုနစ်တန်း အောင်သူမှာလည်း စက်မှုသိပ္ပံကျောင်းများ မတက်ခဲ့ရသည့်တိုင်အောင် ရွာမှာပျက်သမျှ ရေစက်၊ မီးစက် မှန်သမျှ ပြုပြင်တတ်သည်။ စက်ဘီးဆိုလည်း ပြင်တတ်ပြန်သည်။ ဆီချေးနံ့ တသင်းသင်းဖြင့် ကျောင်းမှာ မသင်ခဲ့ရသောပညာကို ဝါသနာ၊ စူးစမ်းလေ့လာမှုတို့မှတစ်ဆင့် သင်ယူကာ ဝမ်းစာအဖြစ်ကူးပြောင်းခဲ့သည့် အဖေ့မိတ်ဆွေကို စာရေးသူအထင်ကြီးခဲ့မိပါ၏။ ထိုသို့ ပညာ၏အရေးပါမှုကို သိနားလည်ကြသောမိဘများက ယင်းတို့၏ သားသမီးများကို ပညာအမွေပေးဖို့ ကြိုးစားခဲ့ခြင်းမှာ မထူးဆန်းပေ။ ပညာ၏အသုံးချတန်ဖိုးနှင့် ပတ်သက်၍ စာရေးသူစွဲနေသော ဇာတ်ကားတစ်ကားရှိသည်။ ကမ္ဘာကျော် အိန္ဒိယရုပ်ရှင် “3 Idiots” ဇာတ်ကားပင်။ အငြိမ်းစားမယူခင်ကာလများအတွင်း လုပ်ငန်းခွင်စိတ်ဖိစီးမှုအချို့နှင့်ကြုံသည့်အခါ ကြည့်ဖြစ်သောရုပ်ရှင်ကားပင်ဖြစ်ပါ၏။ ငွေနောက်မလိုက်ဘဲ ပညာနောက်သာ ဦးစွာလိုက်ဖို့၊ ရတဲ့နေရာမှာ ပညာရှာပြီး လိုတဲ့နေရာမှာပြန်သုံးဖို့၊ တွေးခေါ်စဉ်းစားမှုကို အသားပေးဖို့ ဦးတည်ချက်ကောင်းများကြောင့်လည်း ကမ္ဘာကျော်ခဲ့ခြင်းဖြစ်သည်ကို ကြည့်ဖူးသူတိုင်း သတိပြုမိကြပါလိမ့်မည်။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပညာရေးပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်လျက်ရှိသည်။ ဤပြောင်းလဲမှုသည် ကမ္ဘာ့အခြေအနေများကို နှိုင်းယှဉ်သုံးသပ်ပြီး ခေတ်နှင့်လျော်ညီသော ပညာရေးစနစ်ကို အသုံးချကာ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာရေးဆီ ဦးတည်လျက်ရှိကြောင်း စာရေးသူသုံးသပ်မိသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့်ရှိစေရန်နှင့် အခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီးသည်အထိ ပညာသင်ယူစေရန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပညာရေး ရည်မှန်းချက်ပင်ဖြစ်သည်။
KG+9 အထိ တက်ရောက်အောင်မြင်ပြီးပါက အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုသင်တန်းကျောင်းများကို ဆက်လက် တက်ရောက်နိုင်မည့် အခွင့်အရေးရရှိပေမည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးနှင့် ပတ်သက်၍ အလေးထားစဉ်းစားတွေးခေါ် ဆောင်ရွက်နေသည်ကို အစည်းအဝေးများ၊ ခရီးစဉ်တွေ့ဆုံပွဲများမှ ပြောကြားချက်များမှတစ်ဆင့် မြင်တွေ့ကြားသိနေရသည်။ အခြေအနေအရပ်ရပ်ကြောင့် KG+12 အထိ မတက်ရောက်နိုင်သူများကို အနည်းဆုံး KG+9 အထိ ပြီးမြောက်စေလိုသည်။ သို့မှသာ နောက်ထပ် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ထပ်မံဆည်းပူးနိုင်မည်ဖြစ်သည်။ သို့သော် ဖြစ်နိုင်လျှင်တော့ အားလုံးကို KG+12 အထိ တက်ရောက်အောင်မြင်စေလိုသည်။ မှန်ပါသည်။ စာရေးသူအထက်တွင်ပြောခဲ့သလို မိဘတိုင်း သားသမီးကို ပညာတတ်ဖြစ်စေလိုသည်။ ဝါသနာအရ အတတ်ပညာနည်းနည်းဖြင့် စူးစမ်းလေ့လာခြင်းသည် ပြည့်စုံမှုမရှိသေးဘဲ အမှန်တကယ်တတ်ကျွမ်း နားလည်သည့် ပညာပြည့်ဝသော နည်းပေးလမ်းပြဆရာများဆီမှပညာများကို သင်ယူထားမှသာလျှင် ထဲထဲဝင်ဝင်သိနားလည်နိုင်ပေမည်။
အနာဂတ်နိုင်ငံတော်ကြီး တည်ဆောက်ရန် အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် ဖြစ်ပေါ်စေရေးအတွက် ဆရာ့အရည်အသွေး၊ ကျောင်းသား အရည်အသွေးများကိုပါ မြင့်မားလာအောင် ကြိုးစားလျက်ရှိသည်။ စာပေသင်ကြားရေးအတွက် လိုအပ်ချက်များဖြစ်သည့် အခြေခံအဆောက်အဦများ၊ အသုံးအဆောင်ပစ္စည်းများ၊ သောက်သုံးရေရရှိမှု၊ ကျောင်းဥပဓိရုပ်သန့်ရှင်း ကောင်းမွန်မှုရှိစေရေးတို့အတွက်လည်း ဟန်ချက်ညီညီ ဖြည့်ဆည်း ဆောင်ရွက် နေသည်ကို တွေ့ရှိရသောကြောင့် အနာဂတ် နိုင်ငံတော်ကြီးအတွက် အားရဖွယ်ပုံရိပ်များပင် ဖြစ်သည်ဟု စာရေးသူသာမက အမှန်ကိုအမှန်အတိုင်း ရှုမြင်တတ်သူများက ယုံကြည်လက်ခံကြသည်။
“ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏” ဟူ၍ ငယ်စဉ်ကသင်ခဲ့ရသည်။ ယနေ့ထက်တိုင်အောင်လည်း နှုတ်ဖျား တွင် အာဂုံဆောင်ထားမိသည်။ ပညာတတ်တိုင်း နှလုံးလှသူမဟုတ်ကြောင်းကို အသက်အရွယ်ကြီး ရင့်လာသည်နှင့်အမျှ တဖြည်းဖြည်းဆင်ခြင် သုံးသပ်မိလာသည်။ ဥပမာအားဖြင့် လူသားတို့၏ စူးစမ်း လေ့လာမှုကြောင့် အတတ်ပညာ၊ နည်းပညာများ ထွန်းကားလာရသည်။ ကွန်ပျူတာကို တီထွင်နိုင်ခဲ့ကြသည်။ ကွန်ပျူတာနှင့် လေကြောင်းပညာ တွဲဆက်ခဲ့သည်။ ကွန်ပျူတာနှင့် အင်ဂျင်နီယာ၊ ဆေးပညာ များကို ချိတ်ဆက်အသုံးချခဲ့ကြသည်။ လူ့ပတ်ဝန်းကျင်အတွက် ကောင်းကျိုးများပင်ဖြစ်ပါ၏။ သို့သော် အတတ်ပညာပြည့်ဝပြီး အသိပညာအားနည်းသူများက မိမိတို့ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်၍ အလိုလောဘများ နောက်လိုက်ကာ ကွန်ပျူတာနည်းပညာဖြင့် လူပုဂ္ဂိုလ်ရေး နှောင့်ယှက် မှုများ၊ လိမ်လည်မှုများ၊ ထိုမှတစ်ဆင့်တက်သော် သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေး လျှို့ဝှက်ချက်များကို ထောက်လှမ်းပြီး နိုင်ကွက်ရှာမှုများကို ကျူးလွန်လာခဲ့ကြသည်။ ပညာပြည့်ဝပါလျက် နှလုံးသားမလှပသူများကြောင့် ကမ္ဘာကြီးသည် တဖြည်းဖြည်းချင်း ညစ်နွမ်းနေရသည်။ ထိုညစ်နွမ်းမှုများကို သန့်စင်အောင် ကြိုးစားရမည်မှာ မျိုးဆက်သစ်လူငယ်များတွင် တာဝန်ရှိပါသည်။ မျိုးဆက်သစ် လူငယ်များ ထိုကဲ့သို့ တာဝန်များထမ်းဆောင်နိုင်ရန်၊ မှန်ကန်သောအသိပညာ၊ အတတ်ပညာများ ဆည်းပူးနိုင်ရန် ယနေ့အချိန်တွင် နိုင်ငံတော်က စီမံဆောင်ရွက်ပေးနေသည်ဟု ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများအရ စာရေးသူ ဆင်ခြင်သုံးသပ်မိသည်။
စာရေးသူတို့ငယ်စဉ်က ကြံရည်ဆိုင်တွင် ကြံရည်တစ်ခွက်ရဖို့အရေး လက်မောင်းများ တောင့်အောင် ကြိတ်ကြရသည်ကို မှတ်မိနေသေးသည်။ ယနေ့ မော်တာဖြင့် ကြံရည်ကြိတ်နေကြလေပြီ။ ငယ်စဉ်က ဆံပင်ညှပ်ဆိုင်ရောက်လျှင် စက်ကတ်ကြေး တကျွိကျွိမြည်သံဖြင့် အညှပ်ခံခဲ့ရသည်။ ယနေ့ စက်ကတ်ကြေးဒဏ်မခံရတော့ဘဲ လျှပ်စစ်သုံးမော်တာများဖြင့် သက်သက်သာသာရှိနေကြပါပြီ။ အနီးစပ်ဆုံး တိုးတက်မှုလေးများကို တင်ပြခြင်းဖြစ်ပါ၏။ လှေကြီးထိုး ရိုးရိုးနည်းအတိုင်းမဟုတ်ဘဲ ပြောင်းလဲတိုးတက် လိုက်ပါနိုင်စွမ်းရှိမှသာ အချိန်ကုန်လူပန်းခြင်းမှ ကင်းဝေးပြီး လုပ်အားလည်းမြိုင်လာမည်၊ ဝင်ငွေလည်း တိုးပွားလာမည်ဖြစ်ပေသည်။ Manual စနစ်မှ Mechanization သို့ တဖြည်းဖြည်းကူးပြောင်းနိုင်ခဲ့ခြင်းသည် ပညာကို ဆင့်ပွားခဲ့ခြင်းကြောင့်ပင်ဖြစ်၏။ သူ့ထက်ငါ အပြိုင်အဆိုင်နည်းပညာကို လက်ဦးမှုရယူ တီထွင်ကြံဆလျက် ရှေ့သို့ချီနေကြချိန်တွင် စာရေးသူတို့ နိုင်ငံသည်လည်း အပြေးအလွှား ကြိုးစားနိုင်ကာမှ တော်ရာကျပေမည်။
စာရေးသူတို့ငယ်စဉ်ကာလ ကလေးဘဝအရွယ် မိုးရာသီတိုင်း နံနက်စောစော ကောက်စိုက်သွား ကြသည့်အသံများကိုကြားရသည်။ ကောက်မစိုက်မီ တောင်သူများက ထွန်ကြ၊ ပျိုးကြသည်။ မိုးလေဝသကိုကြည့်ကာ အချိန်အခါအလိုက် ကြဲရမည့်ရက်၊ နုတ်ရမည့်ရက်၊ စိုက်ရမည့်ရက်စသဖြင့် ဓားမဦးချ အလုပ်ကို လုပ်ခဲ့ကြသည်။ လက်မှုလယ်ယာစနစ်ကြောင့် တောင်သူများပင်ပန်းကြသည်ဟုဆိုကာ ညည်းညူကြသည်။ ယနေ့ စက်မှုလယ်ယာခေတ်သို့ ရောက်ရှိနေပါပြီ။ စက်နှင့်စိုက်၍ရသလို စက်နှင့်ပင်ရိတ်ကြသိမ်းကြ၊ ခြွေလှေ့ကြပါပြီ။ အားလုံးသည် ပညာမှ အရင်းတည်ခဲ့သည်။ မျိုး၊ မြေ၊ ရေ၊ နည်း အဓိက အချက်ကြီး (၄)ချက်အတိုင်းသာ တိတိကျကျလိုက်နာ ဆောင်ရွက်ကြမည်ဆိုပါလျှင် အထွက်နှုန်းကောင်းများ ပိုင်ဆိုင်ကြမည်မှာ မလွဲပေ။ မျိုး၊ မြေ၊ ရေ၊ နည်း အချက်ကြီး (၄)ချက်တွင် တစ်ချက်ချင်းစီအလိုက် သုတေသနပြုထားသော ပညာရပ်များ ပါဝင်နေသည်။ ပြီးစလွယ်မျိုးကို ကြုံသည့်မြေမှာ ရရာမျိုးစေ့နှင့်စိုက်လျှင်၊ အောင်ရေလည်းမရပါလျှင်၊ နည်းလမ်းကျကျနနမရှိပါလျှင် စိုက်သည်ဟုသာ အမည်တွင်ပါလိမ့်မည်။
သေချာသည်ကား အချိန်ကုန်လူပန်းခြင်းပင်။ “ မျှော်သလောက်မရပါဘူး၊ ထင်သလောက်မထွက်ပါဘူး” ဟုတောင်သူများ ဆိုတတ်ကြသည်။ သိပ္ပံနည်းကျ တွက်ချက်လေ့လာထားသော မျိုး၊ မြေ၊ ရေ၊ နည်းများအတိုင်း ဂရုတစိုက်စိုက်ပျိုးကြည့်ပါက သေချာပေါက် အထွက်နှုန်းကောင်းကို ပိုင်ဆိုင်ကြမည်ဟု စိုက်ပျိုးရေးဝါသနာပါ၍ စမ်းသပ်လုပ်ကိုင်ဖူးရာမှ ရရှိသော အတွေ့အကြုံဖြင့် စာရေးသူက မျှဝေလိုပါသည်။ ဥပမာအားဖြင့် မျိုးစပါး ဆင်းဧကရီ - ၃ ကို လယ်မြေအမျိုးအစား၌ စိုက်စနစ် ၉ " x ၄" ဖြင့် စိုက်ပျိုးပါက တစ်ဧကကောက်ကွက်တွင် ကောက်ပင်ရေ ၁၇၄၂၄၀ ပင်ဝင်ဆံ့မည်ဖြစ်သည်။ ၎င်းကောက်ကွက်အား မိုးရေချိန် ၂၈" - ၈၀" နှင့် အပူချိန် ၂၅-၃၅.C အတွင်း ရေလိုအပ်ချက် ၆ ဒသမသုည (ဧက/ပေ) တွင် မြေဩဇာသွင်းအားစု ယူရီးယား နှစ်အိတ်၊ ပိုတက်တစ်အိတ်၊ နွားချေးတင်း ၄၀ နှင့် ကွန်ပေါင်းတစ်အိတ်ထည့်သွင်းပါက ပန်းတိုင်အထွက်နှုန်းတင်း ၁၀၀ ကို ရရှိမည်ဖြစ်သည်။ ထိုကဲ့သို့ မိရိုးဖလာစိုက်နည်းစနစ်တွင် ခေတ်မီနည်းစနစ်များကို ပေါင်းစပ်ကျင့်သုံးနိုင်ရန်အတွက် ပညာ(အသိပညာ၊ အတတ်ပညာ စသည့်) တတ်မြောက်နေရန်လိုပေသည်။ တစ်ခုတော့သတိပြုဖို့လိုသည်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသည့် မျိုးရင်းများ ဖြစ်ဖို့လိုသည်ကိုတော့ အခြေခံစဉ်းစားကြရပါလိမ့်မည်။
စိုက်ပျိုးရေးသာလျှင်မက မွေးမြူရေးနှင့် ပတ်သက်၍လည်း ထိုအတိုင်းပင်ဖြစ်ပါ၏။ မိသားစု တစ်နိုင်တစ်ပိုင်မွေးမြူခြင်းမှသည် စီးပွားဖြစ်အထိမွေးမြူရေး လုပ်ငန်းများတွင် ဒေသကြက်၊ ဒေသဝက်၊ ဒေသနွားတို့ကို သိပ်အဆန်းတကြယ် သဘောမထားဘဲ မွေးမြူတတ်ကြသည်။ ကိုယ့်ရပ်ကိုယ့်ရွာအတွင်း အချိန်တန် အိမ်ပြန်ရောက်သဘောမျိုး လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူသည်ကများကြသည်။ ယနေ့အချိန်တွင် ထိုသို့ရိုးရိုးလွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခြင်းထက် ခြံလှောင်မွေးမြူခြင်း၊ နည်းပညာအသုံးပြု မွေးမြူခြင်းတို့ဖြင့် အကျိုးအမြတ် ပိုမိုရရှိလာသည်ကို သိရှိလာကြသည့်နောက် မွေးမြူရေးပုံစံများကိုပါ ပြောင်းလဲကျင့်သုံးလာကြသည်။ အကျိုးဆက်အားဖြင့် ဝင်ငွေသိသာစွာ တိုးပွားလာခြင်းပင်ဖြစ်၏။ စာရေးသူတို့ ပတ်ဝန်းကျင်တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့်ပင် သားသမီးပညာရေးကို မကြောင့်မကြ ထောက်ပံ့ပေးထားသော မိသားစုအတော်များများကို သတိပြုမိကြပါလိမ့်မည်။ စိုက်ပျိုးမွေးမြူခြင်းဖြင့် အကျိုးစီးပွားဖြစ်ထွန်းစေမည်ဟူသော အသိတရားကို စဉ်းစားဆင်ခြင်တတ်သည့် ဉာဏ်ပညာမှတစ်ဆင့်ရရှိသည်။ ထိုပညာကို လက်တွေ့အသုံးချခြင်းဖြင့် ဥစ္စာကိုဖြစ်ထွန်းစေကာ ရရှိသောဥစ္စာကို အသိပညာထပ်ပေါင်းလျက် ကုသိုလ်ပြုခြင်းသည် မှန်ကန်သောအသိပညာ၊ အတတ်ပညာတို့ကို ပိုင်ဆိုင်ခြင်းမည်ပေသည်။ စက်ဘီးပြင်သူသည် လည်းကောင်း၊ ပန်းရန်၊ လက်သမားဆရာသည် လည်းကောင်း၊ ဝန်ထမ်းအိမ်ရာ မိသားစုမှ လျှပ်စစ်မီးပြင်သမားသည် လည်းကောင်း တက္ကသိုလ်များမှ ဘွဲ့ဒီဂရီများ မရခဲ့သည့်တိုင်အောင် ကျွမ်းကျင်ရာပညာတစ်ခုဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိနေကြသည်။ ထိုအသက်မွေး ဝမ်းကျောင်းပညာများ တတ်မြောက်ဖို့ပင်လျှင် အနည်းဆုံးသော အခြေခံပညာကို ဆည်းပူးခဲ့ရမည်ဖြစ်၏။
ထိုထက်မက အတန်းပညာများဆည်းပူးလျက် အဆင့်မြင့်ပညာရပ်များကို ထပ်မံသင်ကြားနိုင် မည်ဆိုလျှင် ဆိုင်သေးသေးမှ ဆိုင်ကြီးကြီးအထိဖြစ်လာပေမည်။ အခြားသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးလာနိုင်မည်။
ဆိုရသော် ပညာတတ်ခြင်းဖြင့် လူရာဝင်လာခြင်းပင် ဖြစ်၏။ လူ့အဖွဲ့အစည်းကို အကျိုးပြုလာခြင်းပင် ဖြစ်၏။ မြန်မာ့လူပတ်ဝန်းကျင်တွင်လည်း စီးပွားအရှာကောင်းသော်ငြား အတန်းပညာ ချို့တဲ့အားနည်း၍ လူအထင်သေး ခံနေရသူများစွာရှိနေသည်ကို စာရေးသူကိုယ်တွေ့သိမြင်ခဲ့ရဖူး၏။ မည်သို့ပင်ဆိုစေ ပညာတတ်သူမှာ ပညာမတတ်သူထက် ဦးခေါင်းတစ်လုံးသာနေမည်သာဖြစ်ပါ၏။
ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များသည် အချိန်ကာလ၏ ရွေ့လျားခေါ်ဆောင်မှုကြောင့် အသက်အရွယ်ကြီးလာသည့် လူကြီးသက်သက်ဖြစ်လာရခြင်းမျိုး မဟုတ်ဘဲ ငယ်စဉ်ကလေးဘဝမှစ၍ မိဘဆရာတို့၏ သွန်သင်ဆုံးမမှုနှင့်အတူ လိုက်ပါကြီးပြင်းကြဖို့ လိုအပ်သည်။ မျိုးဆက်သစ် သားသမီးများကို အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားလိုက်ခြင်း မဖြစ်ရလေအောင် ငယ်ရွယ်စဉ်ကာလမှစ၍ အနီးကပ် အုပ်ထိန်းသူများက တော်တည့်မှန်ကန်စွာ လမ်းကြောင်းမှန် ပြသကြဖို့လိုသည်။ အနီးကပ် အုပ်ထိန်းသူဟုဆိုရခြင်းမှာ အချို့မိဘနှစ်ပါး ငယ်စဉ်ကတည်းက မရှိကြ။ ဆွေမျိုးတော်စပ်သူများနှင့် ကြီးပြင်းကြရသည်။ မည်သူနှင့်ပင် လူလားမြောက်ရသည်ဖြစ်စေ ပံ့ပိုးပေးမည့်သူများကိုယ်တိုင် ပညာပြည့်ဝမှုနှင့်အတူ အတွေးအခေါ် ဉာဏ်ပညာမြင့်မားကြဖို့လိုသည်။ သို့မှသာ လူငယ်များကို လမ်းကြောင်းမှန်ပေါ် ပို့ဆောင်နိုင်ပေမည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများကို လေ့လာကြည့်လျှင် မိစုံဖစုံဖြင့် ငယ်စဉ်ဘဝကို မကြီးပြင်းခဲ့ရသူများလည်း ရှိနေကြသည်။ မြတ်စွာဘုရားသည်ပင်လျှင် မိခင်ရင်းဆုံးပါး၍ မိထွေးတော်ဖြစ်သူနှင့် ကြီးပြင်းရ၏။ Broken Family မှ ကြီးပြင်းလာသူတိုင်းလည်း လမ်းမှားမရောက်ကြ။ ပညာဉာဏ်ရင့်သန်စေမည့် စာကောင်းပေမွန်များဖတ်ရှုခြင်း၊ မိဘ၊ ဆရာတို့၏ သွန်သင်ဆုံးမမှုကိုနာခံခြင်း၊ လောကနီတိပါကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာခြင်းတို့ဖြင့် ကောင်းမွန်သော လူငယ်ဘဝကိုတည်ဆောက်နိုင်ကာ ထိုမှတစ်ဆင့် တန်ဖိုးရှိသောလူကြီးများဘဝဆီ ကူးပြောင်းနိုင်မည်ဖြစ်၏။ “ပညာမတတ်သူ အကန်းနှင့်တူ၏” ဆိုသည့်အတိုင်း အသိပညာ၊ အတတ်ပညာများနှင့် ကင်းဝေးနေသူတို့သည် လူ့ဘဝခရီးကို စမ်းတဝါးဝါးနှင့်သာ လျှောက်လှမ်းရမည်ဖြစ်သည်။ မိမိအတွက်ပင် အကျိုးမပြုနိုင်ပါက မိသားစုအတွက်လည်း အကျိုးမပြုနိုင်၊ နိုင်ငံတော်အတွက်ဆိုပါက ပို၍ဆိုးပေတော့မည်။ တိုင်းပြည်တာဝန်များကို ဆက်ခံရယူကြမည့် မျိုးဆက်သစ်လူငယ်များ ပညာရည်ပြည့်ဝမှသာလျှင် ဆင်ခြင်တွေးခေါ်နိုင်စွမ်းနှင့်အတူ နိုင်ငံတော်ကို အကောင်းဆုံးလက်ဆင့်ကမ်း တည်ဆောက်နိုင်ကြမည်ဖြစ်သည်။
ယနေ့အချိန်တွင် ပြည်တွင်း ပြည်ပအဖျက်သမားမျိုးစုံတို့၏ သွေးခွဲမှိုင်းတိုက်မှု အောက်ဝယ် မျိုးဆက်သစ်လူငယ်အချို့ လမ်းမှားရောက်နေကြသည်မှာ နှမြောဖွယ်ကောင်းလှပါ၏။ ပညာမဲ့သူ အကြမ်းဖက် သမားတို့ကြောင့် အညွန့်တလူလူနှင့် လူငယ်များ၏ ဘဝပေါင်းများစွာ ထိခိုက်နစ်နာခဲ့ကြရသည်။ ထိုသို့သော ပြည်ပမွှေနှောက်ခလောက်ဆန်မှုကြောင့် အချင်းချင်း မညီမညွတ်ဖြစ်ရသည်များကို မိမိတို့အကျိုး မလိုလားသော မြန်မာနိုင်ငံကြီး ပြိုကွဲပျက်စီးရေးကြိုးပမ်းနေသော ပြည်ပနိုင်ငံများက အားရဝမ်းသာ ကြည့်လျက် မျက်ကွယ်ရာတွင် လက်ခုပ်လက်ဝါးတီးနေကြမည်မှာမလွဲပေ။ ပညာရည်နိမ့်ပါးသော လူမျိုးများဟုမှတ်ယူလျက် ဟားတိုက်ရယ်မောနေကြမည်ကို မျိုးဆက်သစ်တို့သတိပြုစေလိုမိသည်။
ပညာမမြင့်မားလျှင် လူမျိုးလည်းမတင့်တယ်နိုင်။ ထို့ကြောင့် နောင်တစ်ချိန် နိုင်ငံတော်၏ ကြီးမားသော တာဝန်များကို ထမ်းဆောင်ကြမည့် လူငယ်များသည် “ပညာရှာပမာ သူဖုန်းစား”၊ “ပညာရွှေအိုးလူမခိုး” ဟူသည့် အဆုံးအမ စကားများကို နာခံမှတ်သားလျက် ပညာမြင့်၍ တင့်တယ်သော လူမျိုးများအဖြစ် ကမ္ဘာ့အလယ် ဝင့်ထည်နိုင်စေရန် အသိပညာ၊ အတတ်ပညာများကို အပတ်တကုတ် ရှာဖွေကြိုးစားကြရန် တိုက်တွန်းနှိုးဆော်မှု ပြုလိုက်ရပါသည်။ ။