မြတ်နိုးစဉ်လာရင်မှာချမ်းမြေ့ အဘိဓမ္မာအခါတော်နေ့
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်)
သီတင်းကျွတ်လဆိုသည်နှင့် ဆီမီးရောင်ရှိန် ထိန်ဝါလင်း သီတင်းကျွတ်တော့မည်ဆိုသော သီချင်းသံနှင့် အတူ ထိန်ထိန်လင်းအောင် ထွန်းညှိပူဇော်သည့် မီးထွန်းပွဲတော်ကို သတိရတတ်ကြပါသည်။ ဂေါတမ မြတ်စွာဘုရားရှင်သည် ခုနစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်သို့ကြွတော်မူ၍ မယ်တော် တော်စပ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောတော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူပါသည်။ သိကြားမင်း က ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်ကို ဖန်ဆင်းပေးသည်။ ယင်း စောင်းတန်း သုံးသွယ်တို့၏ အခြေသည် သင်္ကဿမြို့တံခါးတွင် တည်ကုန်သည်။ စောင်းတန်းဦးမှာ မြင်းမိုရ်တောင်ထိပ်၌ တည်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့သက်ဆင်းမည့်အခါ မြင်းမိုရ်တောင် ထိပ်တွင် ရပ်တော်မူကာ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာပြတော်မူပြီး ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်း တော်မူသည်။ နတ်အပေါင်းက လက်ယာဘက်ရွှေစောင်းတန်းဖြင့် လိုက်ပါသက်ဆင်းလာကြသည်။ ဗြဟ္မာကြီးများက လက်ဝဲဘက်ငွေစောင်းတန်းဖြင့် သက်ဆင်းလာကြသည်။ လူ့ပြည်သို့အရောက် စောင်းတန်းဦး၌ ဘုရားရှင်လက်ယာခြေတော်ကို ချမိလျှင် ဘုရားရှင်ကို တပည့်ကြီး ရှင်သာရိပုတ္တရာ မထေရ်သည် ရှေးဦးစွာရှိခိုးပူဇော်သည်။ ထို့နောက်မှ ကျန်သောပရိသတ်တို့ မြတ်စွာဘုရားကို ရှိခိုး ပူဇော်ကြသည်။
မြန်မာတို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူခဲ့သည်ကို အကြောင်းပြု၍ “တာဝတိံသာပွဲတော်” ဟုလည်းကောင်း၊ တာဝတိံသာနတ်ပြည်တည်ရှိရာ မြင်းမိုရ်တောင်ထိပ်မှ ဆင်းသက်တော်မူသည်ကို အကြောင်းပြုပြီး “မီးမြင်းမိုရ်” ဟူ၍လည်းကောင်း အမျိုးမျိုးခေါ်ဝေါ်ကြ သည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် အနယ်နယ်အရပ်ရပ်တွင် လွန်စွာစည်ကားသော ပွဲတော် တစ်ခုဖြစ်ခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းတော်များနှင့် သာဆိုင်သောပွဲတော်မှာ ပဝါရဏာ ပွဲတော်ဖြစ်သည်။ မိမိတို့ဝါဆိုကြသော ကျောင်းတိုက်နှင့် သိမ်၌ပွဲတော်ကို နှစ်စဉ်ကျင်းပမြဲ ဖြစ်သည်။
ပဝါရဏာဟူသောပါဠိမှာ “ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်း” ဟု အဓိပ္ပာယ်ရသည်။ ရဟန်း တော်အချင်းချင်း အပြန်အလှန်ဖိတ်ကြားသည်(ဝါ)တိုက်တွန်း တောင်းပန်သောပွဲ ဖြစ်သည်။ ရဟန်း တော် အချင်းချင်း အပြန်အလှန်ဖိတ်ကြား တိုက်တွန်းသောပွဲကို မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ်ကပင် ရှိခဲ့သည်။ တစ်ပါးသော ပုဂ္ဂိုလ်ပေါ်တွင်ဖြစ်စေ၊ မိမိအပေါ်တွင်ဖြစ်စေ တရားတော်နှင့် မလျော်ညီ၊ ဖီလာဖြစ်မှုများရှိခဲ့သော် အချင်းချင်း စုပေါင်းဝေဖန်ကြသောပွဲ၊ သုံးသပ်ကြသည့်ပွဲ၊ အမှားကို ပြုပြင်အမှန်ကို ဝန်ခံကြသော ပွဲပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ပဝါရဏာပွဲတော်သည် သူတစ်ပါးတို့၏ ဝေဖန်ရေးကို အနူးအညွတ် ဖိတ်ခေါ်သောပွဲဖြစ်သည်။ သံဃာတော်အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ပုဂ္ဂိုလ်သန့်စင်ရေး တရားများကို ရယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၅ဝဝ ကျော် တည်တံ့အောင် ထိန်းသိမ်း နိုင်ခဲ့သည်။
မြန်မာအဘိဓာန်တွင် ဖော်ပြထားသော ဆယ့်နှစ်ရာသီအရုပ်၊ ပွဲ၊ ပန်း၊ နက္ခတ်ပြဇယားတွင် သီတင်း ကျွတ်သည် ရာသီအားဖြင့်တူရာသီ၊ ရာသီရုပ်မှာ ချိန်ခွင်ကိုင်ယောက်ျား၊ ရာသီပွဲမှာ မီးမြင်းမိုရ်ပွဲ၊ ရာသီပန်းမှာကြာဖြစ်ပြီး စန်းယှဉ်နက္ခတ်မှာ အသဝနီဖြစ်သည်။ ပုဂံခေတ်က သီတင်းကျွတ်လကို သန်တူလ ဟူ၍ခေါ်သည်။ သန်သည် ‘‘ကောက်၊ စပါး” ၊ တူသည် ‘‘ထောင်မတ်သည်”ဟု အဓိပ္ပာယ် ရသည်။
ကောက်စပါးပင်များ ပေါက်ပွားထွက်ကာ ထောင်မတ်လာသောလဟု ဆိုလိုပါသည်။ သီတင်းကျွတ် ဟူသောအသုံးကို လအမည်အဖြစ် အင်းဝခေတ်တွင်မှ သုံးကြောင်း၊ သတင်းဟု ရေးလေ့ရှိကြောင်းလည်း သိရှိရသည်။ ရဟန်းတော်များ သီတင်းသီလဆောက် တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက် သည့်လဖြစ်၍ သီတင်းကျွတ်ဟုခေါ်ခြင်း ဖြစ်သည်။
သီတင်းကျွတ်လျှင် သံဃာတော်များက ဘုရားရှင်အား ဖူးမြော်ကန်တော့သည့် အစဉ်အလာ တစ်ခုရှိ သည်။ အရပ်တစ်ပါးပါးတွင် ဝါကပ်ဆိုကြရသည့်တိုင် သီတင်းကျွတ်လျှင် ဘုရားရှင်ရှေ့မှောက်သို့ အရောက်လာကာ ဘုရားရှင်အား ဖူးမြော်ကန်တော့လေ့ရှိသည်။ ဗုဒ္ဓဘာသာဝင်မြန်မာတို့သည် ထိုဓလေ့ ထုံးစံကို မျက်မှောက်ခေတ်အထိ လိုက်နာကြပြီး သီတင်းကျွတ်သည့်အခါတိုင်း ရွာဦးကျောင်း ဘုန်းတော်ကြီးအားလည်းကောင်း၊ နှစ်ဖက်မိဘဘိုးဘွားများအားလည်းကောင်း၊ ဆရာသမားများအား လည်းကောင်း၊ နှစ်ဖက်ဆွေမျိုးများထဲမှ သက်ကြီးဝါကြီးများအားလည်းကောင်း၊ ရပ်ကွက်မြို့ရွာများ ရှိသက်ကြီးရွယ်အိုများအားလည်းကောင်း မုန့်၊ မျက်နှာသုတ်ပဝါ၊ ဝတ်စုံစသော ပစ္စည်းဝတ္ထုများဖြင့် အသီးသီး ပူဇော်ကန်တော့လေ့ရှိသည်။
လောကအကြောင်းအနေဖြင့် ကြည့်လျှင် သက်ကြီးရွယ်အိုများထံမှ အဖိုးတန်သော ဆုံးမစကား များကို နာကြားရခြင်း၊ ပညာရှိသူတော်ကောင်းများ၏ ချီးမွမ်းမှုကိုခံရခြင်း၊ လူချစ်လူခင်ပေါများခြင်း၊ ယဉ်ကျေး သူများဟု အသိအမှတ်ပြုခံရခြင်း စသော အကျိုးတရားများ ရရှိနိုင်သည်။ ဓမ္မကြောင်း ရှုထောင့်မှ ကြည့်လျှင် ပူဇာစပူဇနေယျာန မင်္ဂလာ၊ ဒါန မင်္ဂလာ၊ ဂါရဝ မင်္ဂလာ၊ နိဝါတ မင်္ဂလာ၊ ကတညုတာမင်္ဂလာ၊ သောဝစဿတာ မင်္ဂလာတရားတော်များဖြင့် အကျိုးထူးများကို ခံစားနိုင်ကြောင်း ဘုရားရှင်ဟောကြား ထားပါသည်။ သီတင်းကျွတ် အခါသမယသည် မြန်မာတို့အတွက် မြတ်နိုးစဉ်လာရင်မှာ ချမ်းမြေ့ အဘိဓမ္မာအခါတော်နေ့အဖြစ် သတ်မှတ်ကာ ကုသိုလ်ကောင်းမှု အစုစုပြုကြသည်ကို ကြည်နူး ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။ ။