ကောင်းမှုအဖြာဖြာ သီတင်းကျွတ်အခါ

ကောင်းမှုအဖြာဖြာ သီတင်းကျွတ်အခါ

အယ်ဒီတာ့အာဘော် (၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်)

      သက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ အတွက် အမြတ်တနိုးတန်ဖိုးထားသည့် နေ့တစ်နေ့ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဘုရားပုထိုးစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ကောင်းမှု ပြုသူများနှင့် စည်ကားများပြားလှ သည့်နေ့လည်းဖြစ်သည်။ မြတ်စွာဘုရား၏ ရုပ်ပွားတော်များကိုဖူးမြော်ရခြင်းမှာ သက်ရှိထင်ရှားမြတ်စွာ ဘုရားကိုရည်မှန်းကာ ဖူးမြော်ကြခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင်သည် သုံးလောကထွတ်ထား မြတ်ဘုရား ဟုပေါ်ထွန်းလာစေရန်အတွက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီများ ဖြည့်ကျင့်ခဲ့ရသည်။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ဘုရားအလောင်းတော်သည် သုမေဓာရှင်ရသေ့ဖြစ်ခဲ့သည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာသံသရာ၌ နစ်မွန်းမျောပါကုန်သော ဝေနေယျသတ္တဝါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့်ယူတော်မမူခဲ့ပေ။

သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်းဘဝ တိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌ ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကိုလှူခြင်း ဒါနပါရမီ၊ ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကိုလှူခြင်း ဒါနဥပပါရမီ၊ ကိုယ့်အသက်ကိုလှူခြင်း ဒါနပရမတ္ထပါရမီ အစရှိသော ပါရမီသုံးဆယ်တို့ကိုဖြည့်ကျင့်တော် မူခဲ့လေသည်။ ထို့ပြင် အလွန့်အလွန်စွန့်နိုင်ခဲစွာသော ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာကိုစွန့်ခြင်း ဓနပရိစ္စာဂ၊ သားသမီးကိုစွန့်ခြင်း ပုတ္တပရိစ္စာဂ၊ မယားကိုစွန့်ခြင်း ဘရိယပရိစ္စာဂ၊ ခြေ၊ လက်၊ နား၊ နှာခေါင်းအစရှိသည့် အင်္ဂါကြီးငယ်ကိုစွန့်ခြင်း အင်္ဂပရိစ္စာဂ၊ ကိုယ့်အသက်ကိုစွန့်ခြင်း ဇီဝိတပရိစ္စာဂဟု ဆိုအပ်သောစွန့်ခြင်းကြီးငါးပါးကို ဖြည့်စွန့်တော်မူခဲ့သည်။

ဤသို့ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီ တော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်၌ သေတကေတု မည်သော နတ်သားဖြစ်ခဲ့သည်။ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့က ‘‘ဘုရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ’’ ဟု ဘုရားအလောင်းတော်ကို တောင်းပန်ကြသည်။ သို့ဖြစ်၍ဘုရားအလောင်းတော် သေတကေတုနတ်သားသည် ဘုရားဖြစ်ရာ အချိန်ကာလ၊ ဘုရား ဖြစ်ရာကျွန်းအရပ်၊ ဘုရားဖြစ်ရာအရပ်ဒေသ၊ ဘုရားဖြစ်ရာ အမျိုးအနွယ်၊ ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား ဟူသော ကြည့်ခြင်းကြီးငါးပါးတို့ကို ကြည့်ရှုတော်မူပါသည်။

ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှစုတေကာ မဟာသက္ကရာဇ် ၆၇-ခု ဝါဆိုလပြည့်ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင်ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ တည်နေပြီး မဟာသက္ကရာဇ် ၆၈- ခု ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ ဘုရားအလောင်းကို ဖွားမြင်တော်မူပါသည်။ ဘုရားအလောင်းတော်သည် ၁၆ နှစ်အရွယ်ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြား လက်ထပ်၍ မင်းစည်းစိမ်ကိုခံစားသည်။

၂၉ နှစ်အရွယ်ရောက်သောအခါ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်ကာ အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်ပတ်လုံးကျင့်တော်မူခဲ့သည်။ ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီးလှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူသည်။ သုဒ္ဒိယငစင်မြက်ထမ်းသမား (မြက်ရိတ်လုလင်)သည် မဟာဗောဓိပင်သို့ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။ ဘုရားအလောင်းတော်သည် သုဒ္ဒိယငစင် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကိုကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ်မြက်ရှစ်ဆုပ်သည် မဟာဗောဓိပင်ရင်း၌ အပရာဇိတပလ္လင်ဖြစ်လာလေသည်။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီဒေဝပုတ္တ မာရ်(မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယံ၌ ရှေးကနေခဲ့(ဖြစ်ခဲ့)ဖူးသော ခန္ဓာစဉ်ကိုအောက်မေ့ တတ်သိတတ်သော ‘‘ပုဗ္ဗေနိဝါသာနုဿတိဉာဏ်’’ကိုရတော်မူသည်။

သန်းခေါင်ယံ၌ နတ်တို့၏ မျက်စိ နှင့်တူသော စုတေခါနီးသော သတ္တဝါ စသည်တို့ကိုမြင်တတ်သော‘‘ဒိဗ္ဗစက္ခုဉာဏ်’’ ကို ရတော်မူသည်။ မိုးသောက်ယံ၌အာသဝေါတရားလေးပါးတို့၏ ကုန်ခြင်းကိုပြုတတ်သော‘‘အာသဝက္ခယဉာဏ်’’ကို ရတော် မူ၍ မဟာသက္ကရာဇ် ၁ဝ၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံအချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသောသဗ္ဗညု ဘုရားရှင်အဖြစ်သို့ ရောက်တော်မူပါသည်။

မြတ်စွာဘုရားရှင်သည် ၄၅ ဝါကာလပတ်လုံး ဝေနေယျသတ္တဝါတို့အား ဓမ္မစကြာ စသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါတို့၏ အကျိုးစီးပွားကိုဆောင်ရွက်တော်မူခဲ့သည်။ သီတင်းကျွတ် အခါသမယမှာလည်း ဘုရားရှင်သည် ဝါတွင်း သုံးလပတ်လုံးတာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရား ဟောကြားတော်မူပြီး လူ့ပြည်သို့ပြန်လည်ဆင်း သက်ခြင်းကိုကြိုဆိုဖူးမြော် ကန်တော့ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် နေ့စဉ်ဒါန၊ သီလ၊ ဘာဝနာ စသည်ဖြင့် ကုသိုလ်အမှုကို အမြဲပြုနေကြသူများဖြစ်သည်။

နေ့ကြီးရက်ကြီးအခါကြီးများတွင် အခြားနေ့ရက်များထက် ပိုမိုထူးခြားသောကောင်းမှုကို ပြုကြသည်။ ထို့ကြောင့် ‘‘ကောင်းမှုအဖြာဖြာ သီတင်းကျွတ်အခါ’’ ဟူ၍ လှူဒါန်းမှု ကောင်းမှုအစုစုကို ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။