ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန်သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ဆက်လက်ကျင်းပ

 

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန်သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ဆက်လက်ကျင်းပ

 

ရန်ကုန်  အောက်တိုဘာ ၁၇                   

    ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့နယ်ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန်သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့်  ဂီတပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ကျင်းပလျက်ရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊  တိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေး အတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၄၈၃ ခန်းနှင့် အထူးအစီအစဉ်အဖြစ် Mobile Car များနှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။

ယင်းသို့ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းနှင့် ပွဲတော်ရက်များအတွင်း မြတ်စွာဘုရားကို အလှမီးများဖြင့် ပူဇော်ကန်တော့ခြင်း၊ သီတင်းကျွတ်လပြည့်နေ့နှင့် အဖိတ်နေ့များတွင် မီးပုံးပျံလွှတ်တင် အစီအစဉ်များ၊ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှကျော်ကြားသော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပွဲတော်လာပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန် YBS ယာဉ် များဖြင့် အကြို/အပို့ကားများလည်း စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။