အောက်တိုဘာလ ၁၉ ရက်မှ ၂၄ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်
နေပြည်တော် အောက်တိုဘာ ၁၇
ယနေ့ညနေ ၅ နာရီခွဲ အချိန်တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့မှ ရွေ့လျား လာနိုင်သော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် လာနိုင်သောလေဖိအားနည်းရပ်ဝန်း၏ အရှိန်တို့ကြောင့် လည်းကောင်း၊ အပူပြန်တက် တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ အောက်တိုဘာလ ၁၉ ရက်မှ ၂၄ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုးဆော်အပ်ပါသည်။
(မိုး/ဇလ)