ဘိုကလေးမြို့တွင် ပြည်သူ့စစ်မှု့ထမ်းများကို ထောက်ပံ့ရန်အတွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ငွေတောင်းယူနေကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေ
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ - ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ပြည်သူ့စစ်မှု့ထမ်းများကို ထောက်ပံ့ရန်အတွက် အောက်တိုဘာလ ပထမပတ်ကစတင်ပြီး အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ငွေတောင်းယူနေကြောင်းကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက် အရ မှန်ကန်မှုမရှိကြောင်းနှင့် စစ်မှုထမ်းဆောင်ရန်အတွက် ဆင့်ခေါ်ရာတွင် ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်းနှင့် ခရိုင်/မြို့နယ်များရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ များထံသို့လည်း မည်သည့်အကြောင်းနှင့်မျှ ပြည်သူများထံမှ ငွေကြေးမကောက်ခံရန် ညွှန်ကြားထားကြောင်း၊ ပြည်သူ့စစ်မှု့ထမ်းများထံသို့လည်း နိုင်ငံတော်မှ လစာ၊ ရိက္ခာ များ ဖူလုံ၊ လုံလောက်အောင်ပေးအပ်ထားကြောင်း၊ အဆိုပါသတင်းသည် တရားမဝင် ပြည်ဖျက်မီဒီယာများက သက်ဆိုင်ရာတာဝန်ရှိသူများအပေါ် ပြည်သူလူထုက အထင် အမြင်လွဲမှားစေရန် လုပ်ကြံရေးသား ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း သိရှိရသည်။