ခိုလမ်မြို့၊ ကွန်ဟိန်းမြို့၊ ကျေးသီးမြို့၊ မိုးနဲမြို့နှင့် မိုင်းနောင်မြို့တို့၌ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား မြို့လုံးကျွတ်စုပေါင်း ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူပွဲများ ပြုလုပ်
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ - ၁၈
သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား မြို့လုံးကျွတ်စုပေါင်း ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူပွဲကို ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ မြို့တွင်းလမ်းမကြီးတစ်လျှောက်၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်လောင်းလှူကြသည်။
ဦးစွာ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များက မြို့တွင်း လမ်းမကြီးတစ်လျှောက် အလှူခံကြွချီတော်မူကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လောင်းလှူကြသည်။
ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ကျေးသီးမြို့၊ မိုးနဲမြို့နှင့် မိုင်းနောင်မြို့တွင်လည်း မြို့လုံးကျွတ် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်ကာ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဒေသခံပြည်သူများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။