တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ပေး
အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်)
ကမ္ဘာ့နိုင်ငံများအနေဖြင့် မည်သည့်နိုင်ငံကမှ တရားမဝင်ကုန်သွယ်မှုများကို အမြစ်ပြတ်အောင် မလုပ်ဆောင်နိုင်သေးကြောင်း တွေ့ရှိရပြီး မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းရောင်းဝယ်မှုများနှင့် ငွေကြေး ခဝါချမှုများကို သီးခြားနည်းလမ်းရွေးချယ်ပြီး တားဆီးကျင့်သုံးဆောင်ရွက်လျက်ရှိသည်။ တစ်ပြေးညီ ဆောင်ရွက်ပါက စည်းကမ်းလိုက်နာသူများပါ နှောင့်နှေးနစ်နာပြီး အခြားနိုင်ငံများနှင့် စျေးကွက်ရအောင် ယှဉ်ပြိုင်ရာတွင် ခက်ခဲမှုရှိလာနိုင်သည်။ တရားမဝင်ကုန်သွယ်မှု လုပ်ဆောင် နေကြသူများသည် နည်းလမ်း မျိုးစုံအသုံးပြုပြီး ဆောင်ရွက်နေကြသကဲ့သို့ တားဆီးသူများအနေဖြင့် လည်း လုပ်ထုံးလုပ်နည်းများအရဖြစ်စေ၊ စစ်ဆေးမှုအခြေအနေများအရဖြစ်စေ၊ ပျော့ကွက်ဟာကွက် မရှိအောင် စီမံတားဆီး ဆောင်ရွက်ကြရမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုရှိနေခြင်းမှာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှုနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းဆောင်ရည်နှင့် စွမ်းဆောင်နိုင်မှုအားများကို ယုတ်လျော့စေသည်။ ထိုသို့ မဖြစ်စေရန်အတွက် တရားမဝင်ကုန်သွယ်မှု လုပ်ဆောင်နေခြင်းများကို ပြတ်ပြတ်သားသား တားဆီး ကာကွယ်ရမည်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှု ပပျောက်မှသာ ကုန်ထုတ်လုပ်မှုနှင့် စျေးကွက် ယှဉ်ပြိုင်နိုင်မှုမှတစ်ဆင့် ပို့ကုန်ကဏ္ဍနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍမြင့်မားတိုးတက်လာစေမည်။ ၎င်းမှတစ်ဆင့် ပြည်တွင်းသုံးစွဲမှု ငွေလည်ပတ်မှု အားကောင်းစေမည့် ကဏ္ဍအပါအဝင် နောက်ဆုံး ပြည်ပပို့ကုန် တင်ပို့နိုင်မှုကို ပိုမိုဖွံ့ဖြိုးတိုးတက်စေလျက် နိုင်ငံခြားငွေ စီးဆင်းမှုမြန်ဆန် သွက်လက်မှု ဖြစ်ပေါ်စေမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် သယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုးရေးကို အဓိက အခြေခံသော နိုင်ငံဖြစ်သည့် အတွက် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာတွင် သဘာဝသယံဇာတ ထုတ်ကုန်များနှင့် စိုက်ပျိုးရေး ထွက်ကုန်များ အဓိကထုတ်လုပ်ခြင်းများကို အားပေးနေရမည်ဖြစ်သကဲ့သို့ ထုတ်ကုန် တိုးတက်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရန်အတွက်လည်း နိုင်ငံတော်မှ စီမံချက်များချမှတ် လုပ်ဆောင်နေသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း (MSME)လုပ်ငန်းများကိုလည်း အင်တိုက်အားတိုက် အားပေးဆောင်ရွက်နေရမည် ဖြစ်သည်။ နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် တရားမဝင် ကုန်သွယ်မှု များသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေး ကဏ္ဍအပေါ် များစွာဆိုးကျိုး သက်ရောက်လျက်ရှိသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှု၏ အန္တရာယ်ကို အမြဲစောင့်ကြည့်ပြီး ထိန်း ကျောင်းနိုင်ရန်အတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်၊ အကောက်ခွန်ဆိုင်ရာ သဘောတူညီချက်၊ နည်းပညာ အဟန့်အတားများဆိုင်ရာ သဘောတူညီချက်နှင့် ကုန်သွယ်မှုနှင့် ဆက်နွှယ်သည့် မူပိုင်ခွင့်ဆိုင်ရာ သဘောတူညီချက်များပါဝင်သည့် ပြဋ္ဌာန်းချက်များကိုအသုံးပြုပြီး ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ လေ့လာတွေ့ရှိချက်များအရ တရားမဝင်ကုန်သွယ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိရှိပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်စေ နိုင်ကြောင်းကို သုံးသပ်ထားသည်။
တရားမဝင် ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးရာတွင် သတင်းရရှိမှုသည် အရေးကြီးလှသည်။ ဖမ်းဆီးရရှိမှုများအနက် တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂ဝ၂၄ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း သတင်းရရှိမှု ၉၇ ကြိမ်ရရှိခဲ့သည်။ သတင်းရရှိမှု ၉၇ ကြိမ်တွင် သတင်းမှန်ရရှိမှုမှာ ၉၁ ကြိမ်ဖြစ်သည်။ သတင်းမှန်ပေးပို့မှု အကြိမ်အရေအတွက် ပိုမိုများပြားလာခြင်းက မိမိတို့၏ လုပ်ငန်း တာဝန်များပိုမိုအောင်မြင်ရေးတွင် များစွာ အထောက်အကူ ပြုလျက်ရှိသည်။ သတင်း ပေးသူများကို ဦးဆောင်ကော်မတီမှလည်း အသိအမှတ်ပြုသည့်အပြင် သတင်းပေးသူအတွက် ရပိုင်ခွင့်ကိုလည်း သတ်မှတ်နှုန်းထားများအတိုင်း ဆုကြေးငွေများကို အချိန်နှင့် တစ်ပြေးညီ ချီးမြှင့် လျက်ရှိသည်။ ယခုကာလအတွင်း သတင်းပေးပို့မှုငါးကြိမ်ရှိပြီး ဖမ်းဆီးရရှိမှုမှ သတင်းပေးသူအား ဆုကြေး နှစ်ဘီလီယံကျပ်ခန့် သတ်မှတ်ရာခိုင်နှုန်းအရ ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သည် အောက်တိုဘာလ ၉ ရက်ကကျင်းပသည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂ဝ၂၄)တွင် အမှာစကားပြောကြားစဉ် ‘‘တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် တိုင်းဒေသကြီး/ပြည်နယ်အထူးအဖွဲ့များ၊ သက်ဆိုင်ရာဌာနများကြား ပိုမိုအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ကြရန်၊ ပြည်တွင်းသယံဇာတများ တရားမဝင် ထုတ်လုပ်နေမှုကို ထိထိရောက်ရောက် တားဆီးအရေးယူရန်၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် တာဝန်ကျဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရန်၊ တာဝန် ထမ်းဆောင်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် တားဆီးကြပ်မတ်ဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တရားမဝင်ကုန်သွယ်မှုများ ပပျောက်ပြီး တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် သက်ဆိုင်သူအားလုံးက စဉ်ဆက်မပြတ် လုပ်ဆောင် ကြရန်ဖြစ်ပါကြောင်း။ ။