ငွေရတုမှသည် ရတုပေါင်းများစွာသို့တိုင်

ငွေရတုမှသည် ရတုပေါင်းများစွာသို့တိုင်

အယ်ဒီတာ့အာဘော်
(၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်)
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို နေပြည်တော်ကောင်စီနယ်မြေ၌ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်မှ စတင်ကျင်းပလျက်ရှိသည်။
ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့်(ပထမတန်း)၊ ဝါသနာရှင်အဆင့်(ဒုတိယတန်း)၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့်(အသက် ၁၅ နှစ်ပြည့်မှ၂ဝ နှစ်အတွင်း)နှင့်အခြေခံပညာအဆင့်(အသက် ၁ဝ နှစ်ပြည့်မှ ၁၅ နှစ်အတွင်း)ဟူ၍ အဆင့်(၅)ဆင့်ဖြင့် ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည်။ ယခုနှစ်တွင် အခါတိုင်းနှစ်များထက် ပိုမိုထူးခြားစွာပြိုင်ပွဲဝင် ဦးရေမှာ၂၅၈၄ ဦးအထိ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ များကို ၂ဝ၂၂ ခုနှစ်မှစတင်၍ ပြန်လည်ကျင်းပပေးသည့် အတွက် အနုသုခုမဝါသနာရှင်များအတွက် အခွင့်အလမ်းကောင်းကို ဖန်တီးပေးခြင်းဖြစ်သည်။ မိမိနိုင်ငံ၊ မိမိလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မတိမ်ကော၊ မပပျောက်အောင်ထိန်းသိမ်းရမည်မှာ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး၏ တာဝန် ဖြစ်သည်။ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်ဆိုထားသည့်အတိုင်း နိုင်ငံနှင့်လူမျိုးတို့၏အနာဂတ် သာယာလှပရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းမှာ အလွန်ကောင်းမွန်သည့် ဆောင်ရွက် ချက်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးစုကြီးရှစ်မျိုးနှင့်မျိုးနွယ်စုပေါင်း ၁ဝဝ ကျော်စုပေါင်းနေထိုင်သည့်နိုင်ငံဖြစ်သည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု ဂီတအနုပညာများရှိကြသည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟူသော တူရိယာငါးမျိုးပေါ်တွင်အခြေခံကာ တီးမှုတ်ကြခြင်းဖြစ်သည့်အတွက် အဆို၊ အက၊ အတီးတို့တွင်ကွဲပြားမှုမရှိလှပေ။ အရေးပညာမှာလည်း တိုင်းရင်းသားအားလုံး တူညီစွာရေးသားသည့် မြန်မာစာအရေးအသား အတိုင်းသာဖြစ်သည်။ တိုင်းရင်းသားရှစ်မျိုးတို့၏ ရိုးရာတူရိယာ ၄၃ မျိုးကို အချိုးညီညီတီးမှုတ်ပြသည့် သံစုံတီးဝိုင်းတီးခတ်ခြင်းမှာ ကြည့်မြင်ရသူတိုင်း၏စိတ်ကို ကြည်နူးချမ်းမြေ့စေသည်။ နားထောင်၍မဝနိုင်အောင်ဖြစ်ကြရသည်။
(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို တိုင်းရင်းသားတို့၏တူရိယာများနှင့်သံစုံတီးဝိုင်းတီးပြီး ဖွင့်ပွဲအခမ်းအနားကို စတင်လိုက်ခြင်းမှာ ထူးခြားလှသောမြင်ကွင်းကို ပထမဆုံးအကြိမ်မြင်တွေ့ရခြင်းဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို အနုသုခုမပညာဖြင့် ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။
ပြိုင်ပွဲကျင်းပသည့်အချိန်ကာလမှာလည်း မြန်မာတို့၏ သီတင်းကျွတ်အခါသမယနှင့် တိုက်ဆိုင်နေသည့်အတွက် နေ့စဉ်အားပေးကြည့်ရှုကြသည့် ပရိသတ်မှာလည်း များပြားလှသည်။
ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း ပြိုင်ပွဲဝင်လူငယ်မောင်မယ်လေးများမှာ သွက်သွက် လက်လက် ထက်ထက်မြက်မြက်ဖြင့် မိမိတို့ပြိုင်ပွဲဝင်သည့် ဘာသာရပ်ကိုပိုင်နိုင်စွာ ယှဉ်ပြိုင်နိုင်ကြသည်။
နောင်တစ်ချိန်တွင်ပညာရှင်ကြီးများအဖြစ် န်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်တွေကိုပြန်လည် လက်ဆင့်ကမ်းပေးနိုင်မည့်သူများ ဖြစ်လာပေမည်။ ဤသို့ဖြင့်မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်မှုသည်စက်ဝိုင်းတစ်ခုကဲ့သို့ အဆက်မပြတ် လည်ပတ်နေမည်ဟု ယုံကြည်မိသည်။
ယခုနှစ်ပြိုင်ပွဲ၏မဟာဇနက ဇာတ်တော်ကြီး ကပြတင်ဆက်မှုများတွင်‘‘ မဟာဇနက’’ဇာတ်တော်ကြီးမှ ပေးလာသည့်သင်ခန်းစာဖြစ်သည့် ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယနှင့် မြင့်မားခိုင်ကျည်သည့်စိတ်ဓာတ်တို့ဖြင့် မှန်ကန်စွာအားထုတ် ကြိုးပမ်းမည်ဆိုပါကမည်သို့ပင် အခက်အခဲ အဟန့်အတားများကြုံတွေ့ရပါစေ ကျော်လွှားအောင်နိုင်ပြီး မိမိတို့မျှော်မှန်းသည့် ရည်မှန်းချက် ပန်းတိုင်ကိုရောက်ရှိရစမြဲ ဖြစ်သည်ဆိုသည့် သင်ခန်းစာကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဖော်ထားသည်။ ထို့အတူရုပ်သေးပြိုင်ပွဲ၌ ကပြယှဉ်ပြိုင်သည့် ‘‘ဝေဿန္တရာ’’ ဇာတ်တော်ကြီးတွင်လည်း ပရမတ္ထပါရမီ၏ သဘော သဘာဝဖြစ်သည့် ပါရမီဖြည့်ဖက်ပုဂ္ဂိုလ်မြတ်တို့၏ ကျင့်ကြံပွားများရသည့် သီလကုသိုလ်အကျိုးနှင့် ဓမ္မနှင့် အဓမ္မအားပြိုင်မှုတို့ကို ပေါ်လွင်အောင်ညွှန်းဖွဲ့ တင်ဆက်ကြသည်။
ရှေးကရဟန်းစာဆိုများအပါအဝင်လူပညာရှိ၊ ရဟန်းပညာရှိများသည် မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ်များ
ဖြစ်သည့်(၅၅ဝ)နိပါတ်တော်နှင့် ဇာတ်ကြီးဆယ်ဘွဲ့တို့ကို ပုံပြင်လိုတစ်မျိုး၊ ပျို့ကဗျာလင်္ကာစာပေလိုတစ်နည်း၊ စာဟောကွက်စိပ်ဇာတ်သဘင်လိုတစ်ဖုံ၊ နည်းလမ်းမျိုးစုံဖြင့် ဖန်တီးဖွဲ့ဆိုထားခဲ့ခြင်းကြောင့် အဆိုပါဇာတ်ကြီးဆယ်ဘွဲ့မှ နှစ်အလိုက်ဇာတ်တော်ကြီးများကို သတ်မှတ်ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ခမ်းနားထည်ဝါစွာဖွံ့ဖြိုးစည်ပင်ခဲ့သည့် မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာနှင့် ကိုယ်ပိုင်အမျိုးသားရေးစရိုက် လက္ခဏာများ တင့်တင့်တယ်တယ် ဆက်လက်ရှင်သန်ဖြစ်ထွန်းနေစေရေး အနုပညာစွမ်းပကားဖြင့် စွမ်းဆောင်နေခြင်းဖြစ်သည်။ မြန်မာလူမျိုးတို့၏ သမိုင်းကြောင်းခိုင်မာ နက်ရှိုင်းမှုနှင့်ယဉ်ကျေးမှု အဆင့်အတန်း ဝင့်ထည်မြင့်မားမှုတို့ကို ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေရန် မျိုးဆက်သစ်လူငယ်များကို အမျိုးသားရေးစိတ်ဓာတ် ကိုယ်ခံအားပြည့်ဝခို င်မာအောင် အနုပညာ စွမ်းပကားဖြင့် ဖော်ဆောင်လျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများမှာ ငွေရတုမှသည် ရတုပေါင်းများစွာ ဆက်လက်တည်တံ့ ရှည်ကြာပါစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။ ။