စောစီးစွာကာကွယ်သင့်သော အရိုးပွရောဂါ
(ကမ္ဘာ့အရိုးပွရောဂါနေ့ အထိမ်းအမှတ်ဆောင်းပါး)
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်သည် ကမ္ဘာ့အရိုးပွရောဂါနေ့ဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့အရိုးပွရောဂါနေ့၏ ဆောင်ပုဒ်မှာ ‘Say no to fragile bones’ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၂၀ ရက်ကို ကမ္ဘာ့အရိုးပွရောဂါနေ့ အဖြစ်သတ်မှတ်ပြီး တစ်နှစ်တာလှုပ်ရှားမှုအနေဖြင့် အရိုးပွရောဂါကာကွယ်ခြင်း၊ရောဂါရှာဖွေခြင်း၊ အရိုးပွရောဂါနှင့်ပတ်သက်သောကုသမှုနှင့် အရိုးကျန်းမာရေးအကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသား အားလုံးသိရှိနိုင်ရေး အသိပညာပေးရန် ရည်ရွယ်ပါသည်။
နှစ်စဉ် ကမ္ဘာ့အရိုးပွရောဂါနေ့အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို နိုင်ငံတကာအရိုးပွရောဂါ ဖောင်ဒေးရှင်းမှဦးဆောင်ပြီး အရိုးပွရောဂါနှင့်ယင်း၏ဝန်ထုပ်ဝန်ပိုးများကို မီးမောင်းထိုးပြရန် ကမ္ဘာအရပ်ရပ်ရှိ တက်ကြွလှုပ်ရှားသူများ စုစည်း၍ ဘုံကြိုးပမ်းမှုဖြင့် မီဒီယာများ၏ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးကာ တစ်ကမ္ဘာလုံးရှိ လူထုထံသို့ပျံ့နှံ့စေခဲ့သည်။ ယခုနှစ် ကမ္ဘာ့အရိုးပွရောဂါနေ့လှုပ်ရှားမှုသည် အသက်အရွယ်မရွေးအရိုးများကို တန်ဖိုးထားကာကွယ်ရန်တိုက်တွန်းခြင်းဖြင့် အရိုးကျန်းမာရေးကိုမြှင့်တင်ရန်နှင့် မသန်စွမ်းဖြစ်ခြင်းကို ရပ်တန့်ရန် ကြိုးပမ်းမည်ဟုရည်ရွယ်ထားပါသည်။
ကမ္ဘာတစ်ဝန်းတွင် အရိုးပွရောဂါကြောင့် အရိုးကျိုးခြင်းပမာဏသည်နှစ်စဉ် လူဦးရေ ၃၇ သန်းအထိ ဖြစ်ပွားလျက်ရှိပြီး လူသားတို့၏ ကျန်းမာရေးအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ သို့သော်လည်း ယနေ့အချိန်ထိ အရိုးပွ ရောဂါကို ရှာဖွေတွေ့ရှိပြီး ကုသပေးနိုင်မှု နည်းပါးနေသေးသည်။
ထို့ကြောင့် အရိုးကျန်းမာရေးကိုဦးစားပေး လုပ်ဆောင်ရမည်ဖြစ်ကာ အရိုးကျိုးပြီးနောက် ကုသရေးဝန်ဆောင်မှုများကို နည်းအမျိုးမျိုးဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ အရိုးကျိုး၍ ဆေးရုံသို့ရောက်လာသော အသက် ၅၀ ကျော်အရွယ် လူနာတိုင်းသည် နောက်တစ်ကြိမ်အရိုးကျိုးနိုင်ခြေမြင့်မားပြီး အသက် အန္တရာယ်ရှိနိုင်သည့်အတွက် ယင်းကိုကာကွယ်ရန် အရိုးပွရောဂါနှင့်အန္တရာယ်ဖြစ်စေသော အချက်များကို ရှာဖွေကုသရန်လိုအပ်ပါသည်။
အရိုးပွရောဂါဆိုသည်မှာ အရိုးများပါးလွှာပြီး ကြံ့ခိုင်မှုလျော့နည်းလာသောကြောင့် အရိုးများ၏ အရည်အသွေး ကျဆင်းသွားသည့် အခြေအနေတစ်ခုဖြစ်သည်။ ယင်းသည် အရိုးများကို ကျိုးလွယ်စေပြီး နာကျင်ခြင်းနှင့် မသန်စွမ်းဖြစ်စေသည်။ အရိုးပွရောဂါကို အသံတိတ်ရောဂါ(Silent Disease)ဟု ခေါ်တွင်ခြင်းမှာ လူအများစုသည် အရိုးပွရောဂါရှိနေသော်လည်း အမြင့်မှပြုတ်ကျခြင်း သို့မဟုတ် ခလုတ်တိုက်လဲပြီးနောက် အရိုးကျိုးသွားသည့်တိုင်အောင် ၎င်းတို့တွင် ရောဂါရှိနေသည်ကို မသိသောကြောင့်ဖြစ်ပါသည်။ အရိုးပွရောဂါကြောင့် အရိုးကျိုးသွားခြင်းသည် လှုပ်ရှားသွားလာနိုင်မှု၊ ဘဝအရည်အသွေးနှင့် မိမိကိုယ်ကိုအားကိုးနိုင်မှုတို့အပေါ် ပြင်းထန်သော အကျိုးသက်ရောက်မှုရှိသဖြင့် လူနေမှုဘဝကိုပြောင်းလဲနိုင်သည်။
ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီး သုံးဦးလျှင် တစ်ဦး၊ အသက် ၅၀ နှစ်နှင့်အထက် အမျိုးသားငါးဦးတွင် တစ်ဦးသည် ၎င်းတို့၏ ကျန်သက်တမ်းတစ်လျှောက်တွင်အရိုးပွရောဂါကြောင့် အရိုးကျိုးလွယ်သည်ကိုတွေ့နေရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အရိုးပွရောဂါသည် အမျိုးသား သန်း ၅၀၀ နှင့် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများကိုထိခိုက်နိုင်သည်ဟု ခန့်မှန်းရသည်။ အရိုးပွရောဂါကြောင့် တစ်ဦးချင်းစီ၏ မိသားစုများအတွက် လေးလံသော ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ ကျောရိုးကျိုးသွားပါက ခါးနာခြင်း၊ အရပ်နိမ့်သွားခြင်း၊ ခါးကုန်းခြင်း၊ မလှုပ်ရှားနိုင်ခြင်း၊ အိပ်ရာထဲတွင် ရက်ရှည်နားနေရခြင်းနှင့် အဆုတ်လုပ်ဆောင်မှု လျော့ကျခြင်းတို့ကို ခံစားရနိုင်ပါသည်။
အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကျောရိုးကျိုးပြီးနောက် ၅နှစ်ကျော်လျှင် တခြားအရိုးများကျိုးနိုင်ခြေရှိလာပါသည်။ တင်ပါးဆုံရိုးကျိုးပြီးနောက် တစ်နှစ်အကြာတွင် ၆၀ ရာခိုင်နှုန်းခန့်သည် တခြားသူများ၏ အကူအညီလိုအပ်နိုင်ပြီး ၂၀ ရာခိုင်နှုန်းသည် ရေရှည်ပြုစုစောင့်ရှောက်ရန် လိုအပ်ပါသည်။ တင်ပါးဆုံရိုးကျိုးပြီးနောက် ပထမနှစ်တွင် သေဆုံးမှုနှုန်း ၂၀ - ၂၄ ရာခိုင်နှုန်းအထိတွေ့ရပါသည်။ ပထမတစ်ကြိမ်အရိုးကျိုးပြီး နောက်နှစ်များတွင် နောက်ထပ်တခြားနေရာများတွင် အရိုးကျိုးနိုင်ခြေ ၈၆ ရာခိုင်နှုန်းရှိပြီး ပထမနှစ်နှစ်တွင် အမြင့်မားဆုံးဖြစ်သည်။
ထို့ကြောင့် အရိုးကျိုးနိုင်သောအန္တရာယ်ရှိနေပါက အရိုးကျန်းမာရေးကိုစောစီးစွာ စစ်ဆေးရန်လိုအပ်ပါသည်။အရိုးပွရောဂါနှင့် အရိုးကျိုးနိုင်သော အန္တရာယ်ရှိနိုင်သူများမှာ အမျိုးသမီးများ အသက် ၆၅ နှစ်နှင့် အမျိုးသားများ အသက် ၇၅ နှစ်ပြည့်ပြီးသူများ၊ အသက် ၅၀ နှစ်ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီးများတွင် အနည်းငယ်ထိခိုက်ရုံမျှဖြင့် မကြာခဏအရိုးကျိုးတတ်သူများ၊ ဆေးလိပ်သောက်သူများ၊ အရက်အလွန်အကျွံသောက်တတ်သူများ၊ လေးဖက်နာရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါ၊ နာတာရှည်အသည်းရောင်ရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည်အာဟာရချို့တဲ့ရောဂါနှင့် ကိုယ်အလေးချိန်လျော့နည်းသူများ(BMI ၁၉အောက်)၊ Prednisolone ကဲ့သို့ စတီးရွိုက်ဟော်မုန်းများ ကြာရှည်သုံးစွဲသူများနှင့် မိဘ၊ မောင်နှမများတွင် ပေါင်ထိပ်ရိုးကျိုးသည့် ရာဇဝင်ရှိသူများ ဖြစ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နှင့် နိုင်ငံတကာအရိုးပွရောဂါဖောင်ဒေးရှင်းတို့မှ အရိုးပွခြင်းနှင့် အရိုးကျိုးနိုင်ခြေတို့ကို သိရှိနိုင်ရန် Digital X-ray Absorptiometry (DXA) ဖြင့် Femoral Neck နှင့် Lumbar Spine တို့ကို စံပြုတိုင်းတာရန်သတ်မှတ်ထားသည်။ ယနေ့ခေတ်တွင် အရိုးပွခြင်းနှင့် အရိုးကျိုးနိုင်သည့် အန္တရာယ်ရှိ၊ မရှိတို့ကို အွန်လိုင်းတွင် FRAX Tool (Fracture Risk Assessment)ဖြင့် မိမိ၏အချက်အလက်များကို ထည့်သွင်းတွက်ချက်၍ လူတစ်ဦးချင်းစီ၏ ရှေ့လာမည့် ၁၀ နှစ်အတွင်း အရိုးကျိုးနိုင်ခြေ ရာခိုင်နှုန်းကိုသိရှိပြီး ကြိုတင်ကာကွယ်ကုသနိုင်ပါသည်။
သုတေသနပြု လေ့လာမှုများအရ အရိုးပွရောဂါနှင့် အရိုးကျိုးနိုင်သော အန္တရာယ်ရှိသူများကို ဆေးဝါးကုသမှုပေးခြင်းသည် တင်ပါးဆုံရိုးကျိုးနိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး ကျောရိုးကျိုးခြင်းကို ၃၀ - ၇၀ ရာခိုင်နှုန်း အထိ လျှော့ချပေးသည်။ တချို့သောကုသမှုများသည် ကျောရိုးကျိုးခြင်း မဟုတ်သော တခြားအရိုးများကျိုးနိုင်သော အန္တရာယ်ကို ၃၀ - ၄၀ ရာခိုင်နှုန်း အထိ လျှော့ချပေးသည်ကိုတွေ့ရှိရသည်။
အရိုးပွရောဂါနှင့် အရိုးကျိုးနိုင်သော အန္တရာယ်များကိုကာကွယ်ရန် အရိုးကျန်းမာရေးကို ကောင်းမွန်စေသောနေထိုင်မှုပုံစံတွင် အရိုးကျန်းမာစေသော ဟာရဓာတ်များပါဝင်သည့် အစားအစာများကို လုံလောက်မျှတစွာစားသုံးရန်နှင့် ခန္ဓာကိုယ်ထိန်းညှိပေးသောလေ့ကျင့်ခန်းများ၊ ကြွက်သားအားကောင်းစေသောလေ့ကျင့်ခန်းများနှင့် ကိုယ်အလေးချိန်ထိန်းသည့် လေ့ကျင့်ခန်းများကို နေ့စဉ် မိနစ် ၃၀ ခန့်လုပ်ရန်လိုအပ်ပါသည်။ အရိုးကျန်းမာစေသော ကယ်လ်စီယမ်၊ ပရိုတင်း၊ ဗီတာမင် ဒီ၊ ဗီတာမင် ကေနှင့် တခြားအာဟာရဓာတ်များ ပါဝင်သောအစားအစာများကို လုံလောက် မျှတစွာ စားသုံးရန်လိုအပ်သည်။ အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကယ်လ်စီယမ် ၈၀၀-၁၂၀၀ မီလီဂရမ်နှင့် ဗီတာမင်ဒီ ၀.၂၅ မိုက်ခရိုဂရမ်လိုအပ်ပါသည်။ အစားအစာများမှ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီလုံလောက်အောင်မရနိုင်သောသူများတွင် အရိုးကျန်းမာရေး အကောင်းဆုံးဖြစ်ရန် ဖြည့်စွက်ဆေးများ လိုအပ်နိုင်ပါသည်။ အရိုးပျက်စီးစေသော အလေ့အကျင့်များဖြစ်သည့် ဆေးလိပ်သောက်ခြင်းနှင့် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ကိုယ်အလေးချိန်နည်းခြင်း (BMI ၁၉ အောက်) သည် အရိုးပွခြင်း၏အဓိကအန္တရာယ်ဖြစ်စေသော အချက်ဖြစ်သဖြင့်ကျန်းမာသော ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် အရေးကြီးပါသည်။
အနှစ်ချုပ်ရသော် အရိုးပွရောဂါသည် ဆိုးရွားသော အကျိုးဆက်များကိုဖြစ်စေသော နာတာရှည်ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ စိတ်သွားတိုင်းကိုယ်ပါ လိုရာခရီးသွားနိုင်စေဖို့ နှလုံးသွေးကြောကျန်းမာရေးကို ဂရုပြုကာကွယ်သကဲ့သို့အရိုးကျန်းမာရေးကို ဦးစားပေး ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ရေးသားတင်ပြခြင်းဖြင့် ကမ္ဘာ့အရိုးပွရောဂါနေ့ ကိုဂုဏ်ပြုလိုက်ရပါသည်။ ။
ဒေါက်တာသိင်္ဂီကျော်