ရုရှား-မြောက်ကိုရီးယား ပူးပေါင်းခြင်းဖြင့် အမေရိကန်ကို ခွချက်ချက်လိုက်ပြီ
စစ်တုရင်ကစားနည်းမှာ ခွချက်ချက်လိုက်ပြီ ဆိုတဲ့ စကားတစ်ခုရှိတယ်ခင်ဗျ။ သူ့ရဲ့အဓိပ္ပာယ်က တစ်ဖက်အနေနဲ့ ဘယ်ဘက်ကိုမှရွှေ့လို့မရတော့တဲ့ အထိကို ချောင်ပိတ်ဖမ်းလိုက်တဲ့သဘောပေါ့။ ဒီလို ချောင်ပိတ်အဖမ်းခံရပြီဆိုရင် ဘယ်လိုနည်းနဲ့မှ ရှေ့ဆက်တိုးလို့မရတော့ဘဲ အရှုံးပေးလိုက်ရတယ်ဆိုတဲ့ သဘောပေါ့ဗျာ။
အခုဆိုရင်လည်း အမေရိကန်နိုင်ငံက ချောင်ပိတ် အဖမ်းခံလိုက်ရတဲ့ တစ်နည်းအားဖြင့် ခွချက်အချက်ခံ လိုက်ရတဲ့အနေအထားတစ်ခုကို ရောက်သွားတာ တွေ့ရပါတယ်။ အမေရိကန်ကို ဘယ်သူကခွချက် ချက်သွားလည်းဆိုတော့ ရုရှားနဲ့မြောက်ကိုရီးယား တို့ရဲ့ပူးပေါင်း ဆောင်ရွက်မှုကြောင့်ပေါ့ဗျာ။ ဘယ်လိုမျိုးကြောင့် အခုလိုမျိုးပြောနိုင်ရတာလဲဆိုတာကို ရှင်းပြပါဦးမယ်ခင်ဗျ။
ပြီးခဲ့တဲ့ရက်ပိုင်းကပေါ့။ တောင်ကိုရီးယားအမျိုးသား ထောက်လှမ်းရေးဌာနက ကောင်းကင်ဓာတ်ပုံ တချို့ကို ထုတ်ပြန်လာတယ်ခင်ဗျ။ အဲဒီကောင်းကင်ဓာတ်ပုံတွေထဲမှာ မြောက်ကိုရီးယား စစ်သည်တချို့ ရုရှားနိုင်ငံရဲ့ စစ်ရေးလေ့ကျင့်ကွင်းတွေထဲကို ရောက်ရှိနေတာ တွေ့ရတယ်လို့ပြောတာပါပဲ။
တကယ်ဟုတ်၊ မဟုတ်ဆိုတာကိုတော့ အတည်မပြုနိုင်ဘူးခင်ဗျ။ တောင်ကိုရီးယားဆိုတာက မြောက်ကိုရီးယားရဲ့လှုပ် ရှားမှုမှန်သမျှကိုစောင့်ကြည့်နေတယ် ဆိုတဲ့အကြောင်း တစ်ဖက်ကနေဟိတ်ဟန် ထုတ်လိုက်တဲ့ သဘောလည်းပါနိုင်ပြီး တစ် ဖက်ကနေကြည့်ရင်တော့လည်း မြောက်ကို ရီးယားစစ်သည်တွေ ရုရှားနိုင်ငံထဲကို အမှန်တကယ်ရောက်ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်ခင်ဗျ။
ဒါ့အပြင် သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဘာထပ် ပြောထားလည်းဆိုတော့ မြောက်ကိုရီးယားတပ်ဖွဲ့ တွေက ရုရှားယူနီဖောင်းတွေဝတ်၊ ရုရှားလက်နက် တွေကိုင်ပြီး ရုရှားတပ်ဖွဲ့တွေနဲ့အတူတူလေ့ကျင့်ခန်းလုပ်နေတယ်လို့တောင် ပြောထားတာခင်ဗျ။ တိကျတဲ့သက်သေပြချက်တော့ မပါဘူးပေါ့လေ။
တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ရဲ့ထုတ် ပြန်ချက်ထဲမှာတော့ ရုရှားရဲ့စစ်ရေးလေ့ကျင့်ကွင်း တွေထဲကိုရောက်နေတဲ့ မြောက်ကိုရီးယားစစ်သည် အရေအတွက်က ၆၄၀ ခန့်ရှိတယ်လို့ဆိုထားတာ ပေါ့။ ဒါတင်မကသေးဘူးခင်ဗျ။ နောက်ထပ်မြောက် ကိုရီးယားစစ်သည်အများအပြားကလည်း ရုရှားရဲ့ တခြားစစ်စခန်းတွေမှာ ရောက်နေတယ်လို့လည်း ပြောထားသေးတယ်ခင်ဗျ။ ပျမ်းမျှအားဖြင့်တော့ မြောက်ကိုရီးယားစစ်သည် ၁၅၀၀ ခန့်ရှိတယ်လို့ သူတို့ပြောထားတာပေါ့။
တခြားထုတ်ပြန်ချက်တွေထဲမှာကြည့်လိုက်ရင်လည်း ဖြန့်ကြက်နေရာယူဖို့အတွက် အသင့်စောင့်ဆိုင်းနေတဲ့ မြောက်ကိုရီးယားစစ်သည် စုစုပေါင်း ၁၂၀၀၀ အထိရှိတယ်လို့ ပြောထားတာမျိုးတွေလည်းတွေ့ရတယ်ခင်ဗျ။ ဒါပေမဲ့ အရေအတွက်ကမှန်ကန်တိကျတယ်လို့တော့ ဘယ်သူမှလက်ဆုပ်လက်ကိုင် မပြနိုင်ကြဘူးပေါ့ဗျာ။ စစ်ရေးလုပ်ဆောင်ချက်ဖြစ် တဲ့အတွက် လျှို့ဝှက်လုပ်ဆောင်နေကြတာကြောင့်ဘယ်သူမှသတင်းအတိအကျမရကြတာလည်း ပါ မယ်ခင်ဗျ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ရုရှားနိုင်ငံ မှာ မြောက်ကိုရီးယားစစ်သည်တွေ ရောက်ရှိနေပြီ ဆိုတဲ့ယူဆချက်နဲ့ ဆက်လက်သုံးသပ်ကြည့်လိုက်ရအောင်ခင်ဗျ။
တကယ်လို့သာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ က ရုရှားရဲ့စစ်ရေးလေ့ကျင့်ကွင်းတွေမှာသာ ရောက် နေတယ်ဆိုရင်၊ နောက်ဆုံးမှာ ရုရှားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်ဆိုရင် လက်ရှိဖြစ်ပွားနေဆဲ ရုရှား- ယူကရိန်းပဋိပက္ခအပေါ်သက်ရောက်မှုက သိပ်ကို ကြီးမားသွားလိမ့်မယ်ခင်ဗျ။ ဒီတော့ တင်းမာမှုကြီး ထွားလာမှာလားဆိုတဲ့မေးခွန်းက ရုရှားနိုင်ငံအနေနဲ့ ဘယ်အချိန်မှာဘယ်လိုပုံစံနဲ့ မြောက်ကိုရီးယား စစ်သည်တွေကို ဖြန့်ကြက်အသုံးပြုသွားမလဲ ဆိုတဲ့အပေါ် မူတည်နေတယ်ပေါ့ဗျာ။ အဖြစ်နိုင်ဆုံးသောအခြေအနေတစ် ခုကတော့ ရုရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားမှ စစ်သည်တွေကိုရှေ့တန်း စစ်မြေပြင်ဆီမပို့ဘဲ အရန်အင်အားစုအနေနဲ့အသုံးပြု နိုင်ခြေသာပိုများတယ်လို့ သုံးသပ်ရတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတာ အောက်မှာဆက်ရှင်းပြပေးပါမယ် ခင်ဗျ။
ရုရှားက ယူကရိန်းမှာအထူးစစ်ဆင်ရေးဆင်နွှဲ နေတယ်ဆိုတာ အားလုံးသိမှာပါ။ ဒါပေမဲ့ အထူးစစ် ဆင်ရေးဖြစ်တဲ့အတွက် မီးကုန်ယမ်းကုန်စစ်ပွဲကြီး တစ်ပွဲလိုမျိုး ဆင်နွှဲနေတာတော့ မတွေ့ရဘူးမဟုတ် လား။ ရုရှားဘက်ကလည်း စစ်သည်အင်အားကို အပြည့်အဝအသုံးပြုထားတာလည်း မတွေ့ရဘူးဗျ။ ဒီအခြေအနေက ဘာကိုဖော်ပြနေလည်းဆိုရင် ရုရှား က ယူကရိန်းကိုအလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် လုပ်ဆောင်နေတာမဟုတ်ဘဲ NATO တပ်ဖွဲ့အနေနဲ့ အရှေ့ဘက်စစ်နယ်ဝန်းကို ဒီထက်ပိုပြီးမချဲ့ထွင်လာ စေဖို့ကိုသာ ဟန့်တားနေတဲ့သဘောပါခင်ဗျ။
ဒါကို NATO တပ်ဖွဲ့က ရုရှားမှာအင်အားနည်းနေ ပြီ။ ငါတို့တော့ ယူကရိန်းဘက်ကနေဝင်တိုက်ပေး လိုက်ရင် ရုရှားအနေနဲ့အရှုံးကြီးရှုံးရလိမ့်မယ်ဆိုပြီး တွေးထားပုံရတယ်ခင်ဗျ။ ဒါကြောင့်လည်း စစ်ရေး မှာ ယူကရိန်းကိုကူညီရုံသာမက နိုင်ငံရေးမှာဆိုရင် လည်း ဘယ်သူမှမမျှော်မှန်းထားတဲ့ ပိတ်ဆို့မှုတွေ ကိုလုပ်ဆောင်ခဲ့ကြတာပါ။ ဒီလိုမျိုးပိတ်ဆို့မှုတွေ အောက်မှာ ရုရှားတစ်ယောက်ခေါင်းငုံ့သွားသလား ဆိုတော့ NATO တပ်ဖွဲ့ကမျှော်မှန်းထားတဲ့ ရလဒ် ပြောင်းပြန်ကသာ အဖြေအဖြစ်ထွက်ပေါ်လာတာ ပေါ့ခင်ဗျာ။
စစ်တိုက်တာဖြစ်တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ထိခိုက်သေကျေဆုံးရှုံးမှုတွေတော့ ရှိကြစမြဲပါပဲ။ ယူကရိန်းဘက်ကလည်းထိခိုက်သလို ရုရှားဘက်က လည်းထိခိုက်ရပါတယ်။ စစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကနေ ဘယ်သူမှလွတ်မြောက်မသွားနိုင်ဘူး ပေါ့ဗျာ။ ရုရှားမှာ အရန်တပ်ဖွဲ့ဆိုတာရှိသလို နိုင်ငံ တိုင်းလိုလိုမှာလည်း အရန်တပ်ဖွဲ့ဆိုတာရှိပါတယ်။ အရန်တပ်ဖွဲ့ရဲ့သဘောသဘာဝက လိုအပ်လာရင်ဝင်ရောက်ကူညီတိုက်ပွဲဝင်ပေးရတာမျိုးခင်ဗျ။အခုအခြေအနေတွေ အရဆိုရင် ရုရှားကသူ့ရဲ့ အရန်တပ် ဖွဲ့ကနေ အင်အားစုတချို့ကိုထုတ်နုတ်အသုံးပြုတော့ မယ်လို့ ယူဆရတယ်ခင်ဗျ။
နောက်တစ်ချက်က ရုရှားအနေနဲ့စစ်မှုထမ်းဆင့် ခေါ်မှုကို လျှော့ချတော့မယ့်အခြေအနေလည်းတွေ့ ရတယ်ခင်ဗျ။ စစ်ပွဲဆိုတာ ရေရှည်မှာသဘာဝအရင်း အမြစ်တွေ၊ ကုန်ထုတ်လုပ်မှုစွမ်းအားတွေ၊ ကမ္ဘာ့ အဆင့်မီတဲ့ အင်ဂျင်နီယာစွမ်းရည်တွေအပေါ် မှီခို နေတာမဟုတ်ပါလား။ ဒါကြောင့်ပဲ ရုရှားကသူ့ရဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုကို မထိခိုက်စေဘဲ တစ် ဖက်မှာလည်း လုံခြုံရေးကိုအပြည့်အဝအာမခံချက် ပေးနိုင်စေဖို့အတွက် မြောက်ကိုရီးယားစစ်သည် တွေကို အရန်အင်အားစုအနေနဲ့အသုံးပြုသွားနိုင် တယ်လို့ယူဆတာပါခင်ဗျ။
တချို့တွေကတော့ အခုရောက်လာတဲ့မြောက်ကို ရီးယားစစ်သည်တွေကို ရုရှားကချက်ချင်းအသုံးပြု သွားနိုင်တယ်လို့ ထင်မြင်ယူဆကြပေမယ့် လက်တွေ့ မှာတော့ အဲဒီအတိုင်းဖြစ်ဖို့ဆိုတာ သိပ်မလွယ်ဘူး ခင်ဗျ။ ဘာကြောင့်လဲဆိုရင် မြောက်ကိုရီးယားစစ် သည်တွေအနေနဲ့ ရုရှားစစ်လက်နက်ပစ္စည်းတွေနဲ့ အကျွမ်းတဝင်ဖြစ်ရဦးမယ်။ ရုရှားရဲ့ စစ်မြေပြင်ဆက် သွယ်ရေး စနစ်တွေကို အသုံးပြုတတ်ရဦးမယ်။ ရုရှား ရဲ့မြေပြင်အနေအထားကို ကျွမ်းကျင်ရဦးမယ်။ ရာသီ ဥတု၊ နည်းဗျူဟာ၊ တိုက်ပွဲလုပ်ငန်းစဉ်တွေနဲ့ အကျွမ်း တဝင်ဖြစ်ရဦးမယ်။ ဒီလိုမျိုးလိုအပ်ချက်တွေကြောင့် မြောက်ကိုရီးယားစစ်သည်တွေဟာ လေ့ကျင့်မှုခံယူရဦးမှာပါ။ အနည်းဆုံးတော့ အချိန်တစ်နှစ်လောက် တော့ကြာနိုင်ပါသေးတယ်ခင်ဗျ။
မြောက်ကိုရီးယားစစ်သည်တွေ ရုရှားကိုရောက် လာခြင်းက လက်ရှိပဋိပက္ခတင်းမာမှုကို ပိုမြင့်တက် လာစေဖို့ဆိုရင် ရုရှားအနေနဲ့ မြောက်ကိုရီးယားစစ် သည်တွေကို ချက်ချင်းအလောတကြီး တပ်ဖြန့်အသုံး ပြုမှသာဖြစ်စေမယ်လို့ ဆိုရမှာပါခင်ဗျ။ ဒါကြောင့် အပေါ်မှာဆွေးနွေးခဲ့တဲ့ အချက်တွေအရဆိုရင် ရုရှား ကမြောက်ကိုရီးယားစစ်သည်တွေကို ချက်ချင်းတပ်ဖြန့်ဖို့ဆိုတာ မဖြစ်နိုင်သေးလို့ယူဆရပါမယ်ခင်ဗျ။ ဒါဆိုရင် တင်းမာမှုကလည်း ချက်ချင်းကြီးမြင့်တက်လာမှာတော့မဟုတ်ပါဘူး။
ဒါ့အပြင် ရုရှားနိုင်ငံထဲကို မြောက်ကိုရီးယားတပ် ဖွဲ့တွေရောက်လာခြင်းက ယူကရိန်းနိုင်ငံထဲ NATO တပ်ဖွဲ့ဝင်တွေရောက်ခြင်းထက်စာရင်တော့ ရန်လိုမှု နည်းမယ်လို့ပြောနိုင်တယ်ခင်ဗျ။ ယူကရိန်းမှာရှိတဲ့ ပြည်ပတပ်ဖွဲ့တွေကျတော့ တစ်ဖက်ရန်သူကိုချေမှုန်း ဖို့အတွက်သာရောက်နေကြတာခင်ဗျ။ ရုရှားဆီကို ရောက်နေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကျတော့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ခိုက်ဖို့ထက် အရန်အင် အားစုအနေနဲ့သာ ရှိနေမှာဖြစ်တာကြောင့် ယူကရိန်း ဆီမှာရှိနေတဲ့ ပြည်ပစစ်သည်တွေထက်သာတယ်လို့ ပြောရတာခင်ဗျ။
အမေရိကန်ဦးဆောင်တဲ့ NATO တပ်ဖွဲ့က ယူက ရိန်းအနေနဲ့ ရုရှားကိုရှုံးလို့ မဖြစ်ဘူးဆိုပြီး တစ်ထစ်ချ စွဲကိုင်ထားတာပါ။ ဒီနေရာမှာ NATO တပ်ဖွဲ့ဆိုတာထက် အမေရိကန်ကသာ ပြဿနာမကြီးကြီးအောင် မီးထိုးလေမှုတ်လုပ်နေတာခင်ဗျ။ သူတို့က ရုရှားကို ရှုံးလို့မဖြစ်ဘူးဆိုတဲ့အတွက် ဒီပဋိပက္ခကိုပိုဆိုးစေ ဖို့သာလုပ်ဆောင်ရမှာပါ။ ဒီအခြေအနေမှာ ရုရှားနိုင်ငံထဲကို မြောက်ကိုရီးယား စစ်သည်တွေရောက်လာတယ်ဆိုတာက ဒီလိုတင်းမာမှုတွေကို အနည်းငယ် လျော့ပါးသွားစေနိုင်တယ်ခင်ဗျ။ တစ်နည်းပြောရရင် တန့်သွားတယ်ပေါ့။ အခြားတစ်ဖက်မှာလည်း ရုရှား နဲ့မြောက်ကိုရီးယားတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဒီလိုအခြေအနေအထိ ရောက်နေတယ်ဆိုတာကို ပြသနိုင်တာကြောင့် အမေရိကန်အနေနဲ့ ကိုရီးယားကျွန်း ဆွယ်အရေးမှာလည်း သတိထားရတော့မှာဖြစ်တဲ့ အတွက် ခွချက်ချက်ခံလိုက်ရပြီလို့ ပြောရတာဖြစ်ပါတယ်ခင်ဗျ။