မဟာဇနကဇာတ်တော်
- လုံ့လဝီရိယ၏ အကျိုးကျေးဇူးကို သိရှိသဘောပေါက်စေခြင်း။
- နေက္ခမ္မ ပါရမီကို နားလည်စေခြင်း၊ ထို ပါရမီကို ကြည်ညိုကြစေလိုခြင်း။
- ပညာ၊ ဥစ္စာ၏အကျိုးကိုသိစေခြင်း၊ ပညာ၊ ဥစ္စာကြောင့်သာ မြင့်မားသော ဘဝကိုရရှိနိုင်မည်ဟူသောအသိကို သိစေလိုခြင်းဟူသည့်
ဇာတ်တော်ရည်ရွယ်ချက်များဖြင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဇာတ်တော်ကြီးပြိုင်ပွဲတွင် ဇာတ်ကြီးဆယ်ဘွဲ့၏ ဒုတိယမြောက်ဖြစ်သည့် မဟာဇနကဇာတ်တော်ကြီးကို ယှဉ်ပြိုင်တင်ဆက်ကြသည်။ မဟာဇနက ဇာတ်တော်ကို မြတ်စွာဘုရားရှင်သည် တောထွက်ခြင်း နေက္ခမ္မပါရမီတော်ကို အကြောင်းပြု၍ သာဝတ္ထိပြည်ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မဟာသက္ကရာဇ် ၁၁၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် သောကြာနေ့တွင် ဟောကြားတော်မူသည်။ တစ်နေ့သောအခါ ထိုကျောင်းတော်၌ ရဟန်းတော်တို့ စုဝေးမိကြစဉ် မြတ်စွာဘုရားရှင်၏ တောထွက်ခဲ့ဖူးပုံကို အကြောင်းပြု၍ ဤအတိတ် ဇာတ်ကြောင်းကို ဆောင်တော်မူခြင်းဖြစ်လေသည်။
ရှေးအခါက ဝိဒေဟရာဇ်တိုင်း မိတ္ထီလာပြည်တွင် "မဟာဇနက"အမည်ရှိသော မင်းသည်မင်းပြုလေသည်။ ထိုမင်း၌ "အရိဋ္ဌဇနကမင်းသား"၊ "ပေါလဇနကမင်းသား" ဟူ၍ သားတော်နှစ်ပါးရှိသည်။
မင်းကြီးသည် အရိဋ္ဌဇနကမင်းသားအား အိမ်ရှေ့အရာကိုပေးသည်။ ပေါလဇနက မင်းသားအား သေနာပတိအရာကိုပေးသည်။ မင်းကြီးနတ်ရွာစံသော် အရိဋ္ဌဇနကမင်းသားသည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံစိုးစံ၍ ပေါလဇနကမင်းသားသည် အိမ်ရှေ့အရာ၌တည်လေသည်။ ပေါလဇနက၏အတွင်း ကျွန်ယုံဖြစ်သော အမတ်တစ်ယောက်သည် မိမိအလိုမပြည့်သည်နှင့် မိမိအရှင်သခင်ပေါ်တွင် အငြိုးထား၍ အရိဋ္ဌဇနကမင်းကြီးထံ ဝင်ပြီးသော် ကုန်းတိုက်ချောစားလေသည်။ အကြိမ်ကြိမ် ကုန်းချောလေသော် မင်းကြီးလည်းငါ၏ညီသည် ငါ့ကိုမကောင်းကြံရာ၏ ဟု အယူရှိ၍ အိမ်ရှေ့မင်းကို ဖမ်းဆီးစေပြီးလျှင် အနှောင်အဖွဲ့၌ချထားလေသည်။
ထိုအခါ အိမ်ရှေ့မင်းသည် နောင်တော်အပေါ် မပြစ်မှားမိကြောင်း သစ္စာအဓိဋ္ဌာန်ပြုလေရာ သစ္စာ၏အာနုဘော်ကြောင့် အနှောင်အဖွဲ့မှ လွတ်လေသည်။ ပေါလဇနကလည်း အနှောင်အဖွဲ့မှလွတ်လေသော် ရွာငယ်များကိုသိမ်းရုံး၍ လက်နက်ပြုပြီးလျှင် နောင်တော်အား ယခင်က ရန်မလုပ်လိုသော်လည်း ယခုရန်လုပ်တော့မည်ဟုဆို၍ စစ်ထိုးလေသည်။ ဤသို့ မင်းညီနောင်တို့စစ်ထိုးရာ နောင်တော် အရိဋ္ဌဇနကသည် အရေးရှုံးနိမ့်၍ နတ်ရွာစံလေသည်။ နောင်တော်၏ မိဖုရားကြီးသည် ကိုယ်ဝန်အရင့်အမာနှင့် သူဆင်းရဲအသွင်ဆောင်ကာ ထွက်ပြေးတိမ်းရှောင်ရလေသည်။ မိဖုရားကြီးသည် ကာလစမ္မာနဂိုရ်ပြည်သို့ရောက်၍ ဒိသာပါမောက္ခဖြစ်သော ဥဒိစ္စပုဏ္ဏားကြီးက ပြုစုစောင့်ရှောက်ထားရာ အချိန်ရောက်လျှင် သားတော်ကိုဖွားမြင်၍ "မဟာဇနက" အမည်ပေးလေသည်။
မင်းသားအရွယ်ရောက်လျှင် မိမိ၏ မျိုးရိုးအား မိခင်အားမေးမြန်းရာတွင် မိမိ၏ခမည်းတော်သည် မိတ္ထီလာပြည့်ရှင် အရိဋ္ဌဇနကမင်းကြီးဖြစ်၍ ဦးရီးတော် ပေါလဇနကသည် မိတ္ထီလာပြည်၌ စိုးစံနေကြောင်း သိရလေသည်။ ထိုအခါ ဇနကမင်းသားသည် မိမိခမည်းတော်၏ အရိုက်အရာဖြစ်သော မိတ္ထီလာပြည်ကို သိမ်းယူရန်အကြံဖြစ်သည်။ ဤသို့ သိမ်းယူရန်အလို့ငှာ ပင်လယ်ခရီးဖြင့် သင်္ဘောလွှင့်၍ ကူးသန်းရောင်းဝယ်နိုင်စေရန် မယ်တော်အား ခွင့်အကြိမ်ကြိမ်ပန်၍ သင်္ဘောထွက်ခဲ့သည်။ ပင်လယ်တွင် လေပြင်းကျကာ သင်္ဘောနစ်လေသည်။ ထိုအခါ သင်္ဘောသား ခုနစ်ရာတို့သည် ယောက်ျားတို့၏ လုံ့လကို တစ်စုံတစ်ခုမပြုဘဲ ငိုကြွေးမြည်တမ်းလျက်ပင် ငါး၊ လိပ်၊ မကန်းတို့၏ အစာဖြစ်လေကုန်သည်။ ဘုရားအလောင်းကား ယောက်ျားတို့၏ လုံ့လဝီရိယကို မလျှော့ဘဲ ခုနစ်ရက်ပတ်လုံး ပင်လယ်၌ ကူးတော်မူသည်။ ထိုအခါ "မဏိမေခလာ" နတ်သမီးသည် မနီးမဝေးသော
ကောင်းကင်ကကိုယ်ထင်ပြကာ ရပ်လျက် ကောင်းမြတ်သော လုံ့လဖြင့်ကူးသလော၊ မူးရူးသောစိတ်ဖြင့် ကူးသလောဟု စုံစမ်းရန်အလို့ငှာ “တစ်ဖက်ကမ်းသို့ မရောက်နိုင်ရာသော ဤမဟာသမုဒ္ဒရာ၌ ပင်ပင်ပန်းပန်းကူးသဖြင့် အဘယ်အကျိုးထူးကိုရ၍၊ ကိုယ့်ဆန္ဒပြည့်မည် ထင်မြင်ဖွယ်ရှိသောကြောင့် ကြိုးစားအားထုတ်ခြင်းကို ပြုဘိသလော” ဟု မေးလေသည်။ ထိုအခါ ဘုရားလောင်းက “နတ်သမီး၊ ကောင်းစွာ အားထုတ်အပ်သော ယောက်ျားတို့ လုံ့လသည် အကျိုးမဲ့ဖြစ်ဖူးသည်မရှိ၊ ဤသမုဒ္ဒရာကမ်းကို မမြင်ကာမျှနှင့် အဘယ်ကြောင့် ယောက်ျားတို့၏ လုံ့လကိုလျှော့ထိုက်အံ့နည်း၊ ကမ်းကိုမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ အကျိုးကိုမြင်သဖြင့် ငါ လုံ့လပြုသည်”ဟု ဆိုသည်။ ထိုအခါ နတ်သမီးသည်ပြန်၍ စောဒကတက်လေသော် ဘုရားလောင်းသည် လုံ့လပြုခြင်းကြောင့် ယောက်ျားမှန်လျက်နှင့် အသက်မရှိသော ကျွန်းထင်းကဲ့သို့ လုံ့လမပြုဘဲနေသည်ဟု အများတကာတို့ အပြစ်မတင်နိုင်စေရန် လုံ့လကိုပြုသင့်ကြောင်း ပြောပြသည့်အပြင် လုံ့လအကျိုးကို လက်ငင်းခံစားရခြင်းကို ပြလို၍ “ဤသမုဒ္ဒရာ၌ ငါနှင့်အတူ သင်္ဘောပျက်ကျသော ခုနစ်ရာသော သင်္ဘောသားတို့သည် ယောကျ်ားတို့၏ လုံ့လချို့တဲ့လေခြင်းကြောင့် ငါး၊ လိပ်တို့၏အစာသာဖြစ်ကြလေကုန်သည်။ ငါမူကားယောက်ျားတို့၏ လုံ့လကို မလျှော့ခြင်းကြောင့် ငါး၊ လိပ် တို့ဘေးမှလွတ်သည့်အပြင် လူသာမန်တို့မြင်ရခဲသော သင်နတ်သမီးကို ငါမြင်ရသည်။ သင်သနား၍ ငါ့ကို သယ်ဆောင်ပါလျှင် ငါ၌အကျိုးရှိလတ္တံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးရသော်လည်း လုံ့လပြုကျိုး ငါ၌ရှိလေပြီ” ဟူ၍ နတ်သမီးမဆိုသာအောင် ပြန်လည်ချေပလေသည်။ ထိုစကားကိုကြားလျှင် နတ်သမီးသည် နှစ်သက်သည်ဖြစ်၍ ဘုရားအလောင်းတော် ဇနကမင်းသားအလိုရှိရာ မိတ္ထီလာပြည်သို့ပို့ဆောင်၍ ကျောက်ဖျာထက်၌ သိပ်ထားလေသည်။
ထိုအချိန်သည် ဘထွေးတော် ပေါလဇနကမင်း နတ်ရွာစံသည်မှာ ခုနစ်ရက်ရှိပြီးချိန်ဖြစ်သည်။ ပေါလဇနကမင်း၌ သမီးတော် "သီဝလိဒေဝီ" တစ်ပါးသာ ကျန်ရစ်လေသည်။ ပေါလဇနကမင်းသည် ထီးနန်းဆက်ခံစိုးစံသည့် ကိစ္စအတွက် နတ်ရွာမစံမီ မှူးကြီးမတ်ရာတို့အား မှာကြားခဲ့သည်ကား ဗိုလ်ခြေတစ်ထောင် တင်နိုင်ချနိုင်သောလေးကို တစ်ယောက်တည်းဖြင့် တင်နိုင်ချနိုင်သော ကာယဗလရှိသူ၊ တစ်ဆယ့်ခြောက်လုံးသော ရွှေအိုးကြီးကိုဖော်ထုတ်နိုင်သော ဉာဏဗလရှိသူ၊ မည်သည့် အမျိုးမဆိုသမီးတော် သီဝလိ ဒေဝီ နှစ်သက်သည်ရှိသော် ထီးနန်းအပ်နှင်းလေ ဟူ၍ဖြစ်သည်။ ထိုမှာကြားချက်အရ မင်းသမီးနှင့် ထိုက်တန်ရာကိုရှာကြံ၍ မရနိုင်လေသော် မှူးမတ်တို့သည် မင်းလောင်းရှိရာသို့ ဖုတ်သွင်းရထားကို လွှတ်လေသည်။ ထိုအခါ ရထားသည် ဘုရားလောင်းဇနကမင်းသား စက်တော်ခေါ်ရာ မင်္ဂလာကျောက်ဖျာ၌ ရပ်တန့်လေသည်။ ထို့ကြောင့် မှူးကြီးမတ်ရာ သေနာပတိတို့သည် ပုရောဟိတ်ပုဏ္ဏား၏ အကြံပေးချက်အရ ဘုန်းရှင်သမ္ဘာရှင်ဖြစ်၊ မဖြစ်ကို လည်းကောင်း၊ ပေါလဇနကမင်း မိန့်မှာခဲ့သည့်အတိုင်း ကာယဗလ၊ ဉာဏဗလ ရှိ၊ မရှိကိုလည်းကောင်း စမ်းသပ်ပြီးသော် အလောင်းတော် ဇနကမင်းသားအား မိတ္ထီလာပြည်၏ ထီးနန်းကို သီဝလိဒေဝီ မင်းသမီးနှင့်တကွ အပ်နှင်းလေသည်။
တစ်နေ့သောအခါ ဥယျာဉ်တော်သို့ ထွက်တော်မူသည်တွင် မဟာဇနကမင်းသည် သရက်ပင်နှစ်ပင်၏ ဥပမာကိုကြည့်၍ နေက္ခမ္မဝိတက်ဖြင့် အကြံတော်ရှိပြီးလျှင် ရဟန်းအဖြစ်ကို တောင့်တ၍ တောထွက်တော်မူလေသည်။ မိဖုရားကြီးလည်း သားတော်ဒီဃာဝုမင်းသားအား ထီးနန်းအပ်၍ ရဟန်းပြုလေသည်။ ဇာတ်တော်သည် နေက္ခမ္မပါရမီကို အဓိကထား ဟောကြားတော်မူသော်လည်း ဝီရိယပါရမီဖြည့်တင်းပုံကိုလည်း ပြဆိုလေသည်။
မြန်မာ့ဇာတ်သဘင်သည် အထက်ပါ ဇာတကကဲ့သို့ ရှေးရိုးဇာတ်ကြောင်းများမှ တိုးတက်ကြီးပွားလာသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာတိုင်းရင်းသားတို့၏ ဘဝသည် ယခုတိုင် စပါးစိုက်ပျိုးခြင်းနှင့် ဆက်စပ်လျက်ရှိလေရာ စပါးစိုက်ပျိုးခြင်းကို အကြောင်းပြု၍ ကောက်စိုက်ချိန်၌ လည်းကောင်း၊ စပါးရိတ်သိမ်းချိန်၌လည်းကောင်း ပျော်ပွဲရွှင်ပွဲများကျင်းပမြဲဖြစ်သည်။ ထိုပျော်ပွဲရွှင်ပွဲများအတွက် ဇာတ်လမ်းများရေးကြသည်။ ဇာတ်လမ်းအလိုက် ကခုန်ကြသည်။ ဤနည်းကား စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆိုင်သော ရှေးရိုးအကအခုန်များမှ စိတ်ကူးရင့်သန်ကာ အသိပညာပေးလိုသောစေတနာ ဖွံ့ဖြိုးလာခြင်းပင်ဖြစ်သည်။ ထိုမှ လက်ရှိမြန်မာ့သဘင်ပညာ ပေါ်ထွက်လာသည်။ ထို့ပြင် မြန်မာတို့သည်ရှေးအခါမှစ၍ ဗုဒ္ဓအယူဝါဒနှင့် ဆက်စပ်လျက်ရှိသော ပွဲတော်များကျင်းပလေ့ရှိခြင်း၊ အလှူပေးခြင်း၊ ရှင်ပြုခြင်း၊ နားထွင်းခြင်း၊ ဘုရားတည်ခြင်း၊ ဘုရားပွဲကျင်းပခြင်း စသော ပျော်ပွဲရွှင်ပွဲတို့အတွက် ဆိုင်ရာဇာတ်လမ်းများကို ရှာဖွေရေးသားရင်း ဇာတကတို့သည်လည်း မြန်မာ့သဘင်ပညာ၏ အမြစ်တွယ်ရာ ဖြစ်လာရလေသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဇာတ်တော်ကြီး ပြိုင်ပွဲကို ဘာသာရပ်တစ်ခုအနေနှင့် ထည့်သွင်းကျင်းပနေခြင်းသည် အမြစ်တွယ်ပြီးဖြစ်သည့် မြန်မာ့ဇာတ်သဘင် ပညာကို ပိုမို ဖွံ့ဖြိုးလိုရေးပင်ဖြစ်သည်။
အများအားဖြင့် အနုပညာရှင်အချို့သည် ဝင်ငွေကောင်း၍ နာမည်ကြီးလာလျှင် ဆက်လက်မကြိုးစားကြတော့ဘဲ တင်းတိမ်ကျေနပ်သွားတတ်ကြသည်။ စင်စစ် ဇာတ်သဘင်ပညာသည် ဆည်းပူးရန် အချိန်ကာလလည်း ကြာညောင်းသည့်အပြင် သာမန် ဇွဲလုံ့လနှင့်လည်း ပညာမပြည့်စုံနိုင်ပေ။ ပညာအရည်အချင်း ပြည့်ဝသူများ ရှားပါးလာခြင်းဖြင့် နောင်တစ်ချိန်ဝယ် လုံးဝကွယ်ပျောက်မည့် အလားအလာကို ကြိုတင်မျှော်မှန်းကာ ပြိုင်ပွဲတစ်ရပ်အသွင် ကျင်းပပေးနေခြင်းဖြစ်သည်။ သို့မှသာ ဇာတ်သဘင်ပညာတင်ကျန်ရစ်ပြီး တိမ်ကောသွားမည့်ဘေးမှ ကင်းဝေးစိတ်အေးရမည် ဖြစ်သည်။
ဇာတ်သဘင်ပညာသည် မင်းသား၊ မင်းသမီး၊ မင်းသားကြီး၊ လူရွှင်တော်၊ အပျိုတော်၊ ဝိုင်းတော်တီး၊ ဘုရင်နှင့် ဝန်ကြီးကအစ မိမိတို့ဆိုင်ရာ ပညာခန်းများ၌ ကျွမ်းကျင်ရေးမှာ အဓိကလိုအပ်ချက်ပင်ဖြစ်သည်။ ယခင်က ပရိသတ်သည် အခြားကြည့်စရာမရှိ၍ ဇာတ်၊ အငြိမ့်၊ ရုပ်သေးကိုသာ အားကိုးကြည့်ရှုကြရသော်လည်း ယခုသော်ကား အခြား အစားထိုးစရာ ဖျော်ဖြေမှု အများအပြားက အစားထိုးဝင်ရောက်နေရာယူ လာကြသည်။ ပွဲမကြည့်လိုပါက ရုပ်ရှင်ကြည့်နိုင်သည်။ အိမ်၌နေရင်း တီဗွီဇာတ်လမ်းတွဲများ ကြည့်နိုင်သည်။ You Tube မှ နှစ်သက်ရာများကို ရှာဖွေကြည့်နိုင်သည်။ မြန်မာ့ဇာတ်သဘင်ပညာရှင်များ ရရှိထားသည့် ဈေးကွက်ကို ခွဲဝေပေးလိုက်ရခြင်းပင်ဖြစ်သည်။ မိမိပရိသတ်ကို ပြန်လည်ရရှိရေးအတွက် မိမိကိုယ်တိုင်တာဝန်ရှိသည်။ သို့ဆိုခြင်းဖြင့် မြန်မာ့ဇာတ်သဘင်ပညာရှင်များ၌သာ လုံးဝတာဝန်ရှိသည်ဟု မဆိုလိုပါချေ။ တာဝန်လွှဲထားရန်လည်း အချိန်မဟုတ်တော့သဖြင့် နိုင်ငံတော်က တစ်နိုင်တစ်ပိုင် ဝင်ရောက် တာဝန်ယူပေးခြင်းပင်ဖြစ်သည်။
ဆရာဇော်ဂျီ၏ “ရသစာပေအဖွင့်နှင့်နိဒါန်း”စာအုပ်တွင် “ဇာတ်သဘင်လောကတွင် တိုးတက်လာသော အချက်များရှိပါသည်။ သို့ရာတွင် မပြောပလောက်သေးချေ။ အဘယ်ကြောင့်ဆိုသော် သဘောအားဖြင့် တိုးတက်ခြင်းမဟုတ်၊ အသွင်အားဖြင့်တိုးတက်ခြင်း မျှလောက်သာဖြစ်သောကြောင့်ပင်။ ဥဒါဟရုဏ်ကား မြေဝိုင်း ဇာတ်ကနည်းမှ ဇာတ်ခုံ၊ ကားဆွဲဇာတ်ကနည်းသို့ ပြောင်းလဲတိုးတက်လာမှုဖြစ်သည်။ ထိုမှတစ်ဆင့် လွန်ခဲ့သော ငါးနှစ်လောက်က စတင်ကပြလာသော ရုပ်ရှင်ပြဇာတ်ကနည်းဖြစ်သည်။ ယခုအခါတွင် ဒရာမာခေါ် စကားအချီအချ သဘာဝကျအောင် ရေးသားကြသော စကားပြေပြဇာတ်မျိုးလည်း ကြိုကြိုကြားကြား ပေါ်လာပြီ။ ထိုပြဇာတ်မျိုး ခေတ်စားလာသောအခါ မြန်မာ့သဘင်သမိုင်းတွင် သဘင်လောက တိုးတက်လာ၍ အဆင့်အတန်းလည်းမြင့်လာပြီဟု ဆိုနိုင်သည်။”
ဟု မြန်မာအနုပညာဝေဖန်ချက် အခန်းတွင် ဝေဖန်ရေးသားခဲ့ကို တွေ့ရသည်။
မဟာဇနကဇာတ်တော်သည် နေက္ခမ္မပါရမီတော်ကို အကြောင်းပြု၍ ဟောကြားခြင်းဖြစ်သဖြင့် ဇာတ်အဖွင့်နှင့် ဇာတ်အသိမ်း၊ နှစ်ပါးသွားခန်းစသည်တို့၌ နေက္ခမ္မပါရမီကို အနုပညာမြောက်စွာ ဖော်ပြပို့ဆောင်ပေးနိုင်ကြသည်ကို တွေ့မြင်ရသည့်အပြင် ဝီရိယပါရမီဖြည့်တင်းပုံကိုလည်း ပုံဖော်ပြသပေးနိုင်ခဲ့ပါသည်။
ဇာတ်ဝင်ခန်းနှင့်လိုက်ဖက်သော ဆက်တင် အထူးပြုလုပ်ချက်များ ဖန်တီးနိုင်ခြင်းသည် ပရိသတ်၏ လက်ခုပ်ကို ကဲ့ယူနိုင်ခြင်းပင်ဖြစ်သည်။ လက်ခုပ်နောက်ဝယ် ရမှတ်တို့လည်း ကပ်ပါလာနိုင်မည်ဟု ယူဆသော်ရသည်။ ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာတို့၏ စိတ်ကူးကွန့်မြူးသည့်အတိုင်း ဇာတ်ကို စွဲမက်ဖွယ်ဖြစ်အောင် ဆက်တင်အထူးပြုလုပ်ချက် ပေးထားခြင်းသည် အခွင့်အလမ်းကောင်းပင်ဖြစ်သည်။
ဇာတ်၏ရည်ရွယ်ချက်များနှင့်အညီ ဇာတ်သဘင်၏ အခြေခံကျင့်ဝတ်များကို အတတ်နိုင်ဆုံး လိုက်နာစောင့်စည်းပြီး ကောင်းမွန်စွာ တင်ဆက်ယှဉ်ပြိုင်ကြသည်ကို တွေ့ရ၍ အားရကျေနပ်မိပါကြောင်း ရေးသားလိုက်ရပါသည်။ ။