ကိုကင်းများဖြင့်ပြည့်နှက်နေသော လူမဲ့လှေတစ်စင်း မာရှဲကျွန်းစုနိုင်ငံ ကမ်းရိုးတန်းသို့ လာရောက်သောင်တင်

ကိုကင်းများဖြင့် ပြည့်နှက်နေသော်လည်း လူသူတစ်ဦးတစ်ယောက်မျှ လိုက်ပါလာခြင်း မရှိသည့်   လူမဲ့လှေတစ်စင်းသည် မာရှဲကျွန်းစုနိုင်ငံရှိ    ဝေးလံခေါင်ဖျားသော သန္တာကျောက်ကျွန်းကမ်းရိုးတန်းသို့ လာရောက်သောင်တင်ကြောင်း သိရသည်။

အရှည် ၅ မီတာခွဲရှိသည့်   ဖိုက်ဘာဂလက်လှေတစ်စင်းသည်    ပြီးခဲ့သည့် သီတင်းပတ်တွင် အီလွတ်သန္တာ ကျောက်ကျွန်းသို့ လာရောက်သောင်တင်ခြင်း ဖြစ်ပြီး လှေကုန်းပတ်အောက်ရှိ    အခန်းတစ်ခုအတွင်းမှ အလေးချိန် ၆၄၉ ကီလိုဂရမ်ရှိ ကိုကင်းများကို တွေ့ရကြောင်း ရှေ့နေချုပ် ရစ်ချက်ဟစ်ဆွန်က ပြောသည်။

အဆိုပါလှေသည်    ဗဟိုအမေရိက သို့မဟုတ်   တောင်အမေရိကမှ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး မျောပါလာခြင်း ဖြစ်နိုင် ကြောင်းနှင့် သမုဒ္ဒရာအတွင်း မျောပါနေမှုသည် အချိန်တစ်နှစ် သို့မဟုတ် နှစ်နှစ်ကြာရှိကြောင်း ၎င်းကဆိုသည်။

လှေအတွင်းမှတွေ့ရှိသည့်မူးယစ်ဆေးများအနက် နှစ်အိတ်ကိုလေ့လာမှုလုပ်မည့် အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဌာနသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး ကျန်မူးယစ်ဆေးများကို ဒီဇင်ဘာ ၁၅ ရက်တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း    ရဲတပ်ဖွဲ့က ပြောသည်။

အမေရိကဒေသများမှ အပျက်အစီးအပိုင်းအစများသည်   ပစိဖိတ်သမုဒ္ဒရာ ရေစီးကြောင်းများနှင့်အတူ    သမုဒ္ဒရာအတွင်း လပေါင်း သို့မဟုတ် နှစ်ပေါင်းများစွာ ကြာမျောပါပြီးနောက် မာရှဲကျွန်းစုနိုင်ငံသို့ လာရောက်သောင်တင်လေ့ ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များ၏ ယခုတစ်ခေါက်တွေ့ရှိမှုသည်   ပြီးခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်အတွင်း မာရှဲကျွန်း၏ ကမ်းရိုးတန်းများသို့

လာရောက်သောင်တင်သော မူးယစ်ဆေးများအနက် အများဆုံးပမာဏဖြစ်ကြောင်း သိရသည်။                   

Ref: TST