ထိုင်းသုတေသီတစ်ဦးက ကြက်အမွှေးများကို စားသုံးနိုင်သော အသားအဖြစ် ပြောင်းလဲရန်ကြိုးပမ်း

ထိုင်းနိုင်ငံမှသုတေသီတစ်ဦးဖြစ်သည့် ဆိုရာဝတ်ကစ်တီဘန်သွန်းက ကြက်အမွှေးများကို   စားသုံးနိုင်သည့်အသားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း သိရသည်။

၎င်းင်းသည် လန်ဒန်မြို့၌ ကျောင်းတက်နေစဉ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်မည့် နည်းလမ်းအသစ်များကို   ရှာဖွေ လေ့လာခဲ့ရာ နှစ်စဉ်ကြက်အမွှေးတန်ချိန် သန်းပေါင်းများစွာကို စွန့်ပစ်နေရသည်ကို တွေ့ရှိပြီးနောက်   ယခုကဲ့သို့ အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။

ကြက်အမွှေးများတွင် ပရိုတိန်းဓာတ်များ ပါဝင်ကြောင်း၊  ထိုပရိုတိန်းဓာတ်များကို လူအများစားသုံးနိုင်သည့် အခြေအနေအထိ ရောက်အောင်ပြောင်းလဲနိုင်ပါက ထိုကြက်မွှေးများကို စွန့်ပစ်မှု နည်းပါးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိတွင်  ရှေ့ပြေးပုံစံကိုအကောင်အထည်ဖော် လုပ်ဆောင်ရာ ကြက်သားတုံးနှင့် ကြက်သားပြားများကို ရရှိထားသည့်အပြင် ပညာရှင်အချို့၏   အကောင်းမြင်သော သုံးသပ်ချက်များကိုလည်း ရရှိထားသည်။

သို့သော် ကြက်အမွှေးမှ ထိုကဲ့သို့ ပြောင်းလဲမှုကို ယခုပိုမို၍လုပ်ဆောင်နိုင်ရန် သုတေသနနှင့် တိုးတက်မှုများ လိုအပ်နေသေးကြောင်း ဆိုရာဝတ်ကစ်တီဘန်သွန်းက ပြောသည်။

ထိုကဲ့သို့သောပုံစံဖြင့်   အမှန်တကယ် စားသုံးနိုင်သော အစားအစာများကို ထုတ်လုပ်နိုင်ပါက ကြက်အမွှေးများသည် နောင်တစ်ချိန်တွင် အစားအစာအတွက် အရင်းအမြစ်တစ်ခု ဖြစ်လာနိုင်ကြောင်း အစားအစာ သိပ္ပံပါမောက္ခ   ဟတ်သိုင်ရတ်ရင်ကီးရီးက ပြောသည်ဟု သိရသည်။

Ref: TST