နိုင်ငံတော်ကာကွယ်ရေး အတွက် ပြည်သူ့စစ်မှုထမ်းများ
နိုင်ငံတစ်နိုင်ငံ တည်တံ့ရှည်ကြာစွာ ရပ်တည်နေနိုင်ခြင်းမှာ ထိုနိုင်ငံကို ကာကွယ် စောင့်ရှောက်နေသည့် မျိုးချစ်စိတ်အပြည့်နှင့် နိုင်ငံသားများ ရှိနေခြင်းကြောင့်ဖြစ်သည်။ မိမိနိုင်ငံကို မိမိတို့ကာကွယ်လိုစိတ် ရှိနေသူများ ရှိနေသမျှကာလပတ်လုံး ထိုနိုင်ငံသည် တည်တံ့ရှည်ကြာ ခိုင်မြဲနေမည်ဖြစ်သည်။ မိမိနိုင်ငံကို မိမိတို့ချစ်တတ်အောင်၊ မြတ်နိုးတတ်အောင်၊ ကာကွယ်စောင့်ရှောက်လိုစိတ် ရှိအောင် မိဘဘိုးဘွား အဆက်ဆက်က ဆုံးမသွန်သင်ခဲ့ကြသည်။ ထိုဆုံးမသွန်သင်ချက်အတိုင်း လူငယ်များက လိုက်နာကြသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြတ်နိုးတန်ဖိုး ထားတတ်သည့် အသိအမြင်ရှိအောင် မိဘများ၊ ဆရာများက သွန်သင်ပြသခဲ့၍လည်း နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို လူငယ်များ စိတ်ဝင်တစား ထမ်းဆောင်လျက်ရှိကြသည်။
ခေတ်ကာလအဆက်ဆက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက် ရှိကြသည့်တပ်မတော်သားများမှာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရန်မိမိတို့၏ စိတ်ဆန္ဒများဖြင့် ဝင်ရောက်တာဝန် ထမ်းဆောင်နေကြသူများဖြစ်ကြသည်။ စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်နေကြသူများ ရှိနေသည့်အတွက် နိုင်ငံတော်အတွင်း ပေါ်ပေါက်လာသည့် ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပကျူးကျော်မှုများကို တိုက်ခိုက်ချေမှုန်းနိုင်ခြင်းဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည်နိုင်ငံသားအားလုံး၏ မွေးရာပါ တာဝန်ဖြစ်သည်ဆိုသည့်အတိုင်း မိမိနိုင်ငံကို ကာကွယ်ရန်မှာ နိုင်ငံသား အားလုံး၏တာဝန်ဖြစ်ပေသည်။
ကမ္ဘာတွင်နည်းပညာများအရှိန်အဟုန် မြင့်မားစွာ တိုးတက်လာခြင်းနှင့်အတူ ကာကွယ်ရေးပိုင်းဆိုင်ရာ နည်းပညာများလည်း မြင့်မားလာနေပြီဖြစ်သည်။
ဒီကြားထဲတွင် အင်အားကြီးနိုင်ငံ အချို့က အင်အားငယ်သော နိုင်ငံငယ်လေးများ၏ ပြည်တွင်းရေးကို နည်းမျိုးစုံဖြင့် စွက်ဖက်နှောင့်ယှက်လာကြသည်။ မိမိနိုင်ငံ၏ ပြည်တွင်းရေးသည် မိမိနိုင်ငံ၏ ကိစ္စရပ်သာဖြစ်သော်လည်း ကိုလိုနီလက်သစ်ဝါဒ ကျင့်သုံးကာ အကြောင်း အမျိုးမျိုးဖြင့်နှောင့်ယှက်လျက်ရှိနေသည်။
စီးပွားရေးအရ ပိတ်ဆို့ခြင်း၊ နိုင်ငံရေး နည်းလမ်းအရ အကျပ်ကိုင်ခြင်းနှင့် လူမှုရေးအရ၊ ယဉ်ကျေးမှုအရ မိမိတို့၏ဘာသာ ထုံးတမ်းဓလေ့များကို ပျက်စီးအောင် နှောင့်ယှက်ခြင်းများ ပြုလျက်ရှိသည်။ ဤသည်မှာထင်ရှားစွာ မြင်ရသောလုပ်ရပ်များ ဖြစ်သည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသောတိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ထားသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်။
နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည်။ နိုင်ငံတော်သည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးစနစ်သည် စျေးကွက်စီးပွားရေးစနစ် ဖြစ်သည်။
ဤမျှ ခိုင်ခိုင်မာမာ တည်ဆောက်ထားသော နိုင်ငံတော်ကို သားစဉ်မြေးမြစ်အထိ ဆက်လက် တည်တံ့ခိုင်မြဲနေစေရမည်ဖြစ်သည်။
မိမိနိုင်ငံကိုချစ်သည့်စိတ်၊ မြတ်နိုးသည့် စိတ်သည် လူငယ်တိုင်း၏ရင်ဝယ် ကိန်းအောင်းနေရမည်ဖြစ်သည်။ ထိုသို့ကိန်းအောင်းနေစေရန် အတွက်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ တွင် ‘‘နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ရမည်’’ ဟူ၍ပြဋ္ဌာန်းထားရှိသည်။ လူငယ်တိုင်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေမှသာ နိုင်ငံတော်ကာကွယ်ရေး ဆိုသည်မှာ မိမိတို့တာဝန်ပါလား၊ မိမိနိုင်ငံ မိမိတို့ကာကွယ်ရမည်ဆိုသည့် စိတ်ဓာတ်များ ကိန်းအောင်းနေမည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ရန်မှာ မျိုးဆက်သစ် တစ်ခုတည်းနှင့်ဆိုင်သော ကိစ္စရပ်မဟုတ်ပေ။ မျိုးဆက်သစ် မျိုးဆက်သစ်တိုင်းနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး တာဝန်အတွက် မိမိတို့လူငယ်မောင်မယ်တိုင်းမှာ တာဝန်ရှိနေသည်ဟူသော အသိသည် ယနေ့ကာလမှ နောင်နှစ်ပေါင်း ထောင်ချီသည်အထိ စွဲမြဲစွာခံယူ လုပ်ဆောင်ကြရမည်ဖြစ်သည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ခံယူသည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ အနာဂတ်နိုင်ငံတော် အတွက် အကောင်းဆုံးဖြစ်လာအောင် ဆောင်ရွက်ဖို့အတွက်ပါပဲ။ မြန်မာနိုင်ငံမှာ မွေးဖွားလာတဲ့နိုင်ငံသားတိုင်း အရွယ်ရောက်လာတာနဲ့၊ သတ်မှတ်ထားတဲ့အချက်အလက်များနဲ့ပြည့်စုံတဲ့ အချိန်မှာ စစ်မှုထမ်းကြရမည်ဖြစ်သည်။
နောင်အနာဂတ်တွင် နိုင်ငံသားတိုင်းသည် စစ်မှုထမ်းဆောင်ဖူးသူများ ဖြစ်လာကြပါလိမ့်မည်။ လက်ရှိမှာ စတင်ကျင့်သုံးတဲ့ အချိန်ဖြစ်တဲ့အတွက် စစ်မှုထမ်းဖို့ကျန်နေတဲ့ လူငယ်မောင်မယ်တွေ အများကြီးရှိနေပါလိမ့်မည်။ မိမိနိုင်ငံအတွက် မဖြစ်မနေစစ်မှုထမ်း ကာလဟာ နှစ်နှစ်မျှသာဖြစ်ပြီး အမြဲစစ်မှုထမ်း လိုပါကလည်း ထမ်းဆောင်နိုင်သည့် အခွင့်အရေးများရှိထားသည်။ ထို့ပြင် စစ်မှုထမ်းနေစဉ် ကာလမှာလည်း ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များကို တိတိကျကျပြဋ္ဌာန်းထားပြီး ဖြစ်သည်။ ဂုဏ်သိက္ခာရှိစွာ မိမိတို့တာဝန်ကိုမိမိတို့ ကျေပွန်စွာထမ်းဆောင်ကြရန်သာ ဖြစ်သည်။
နိုင်ငံအတွက်စစ်မှုထမ်းဆောင်ရခြင်းမှာ လွန်စွာဂုဏ်ယူဖွယ်ကောင်းသည့် တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်သည်။ ‘‘နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်’’ ဟူ၍နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈၆ တွင် သတ်မှတ်ပြဋ္ဌာန်းထားသည်။ စစ်မှုထမ်းခြင်းအတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဂုဏ်ပြုပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ကမ္ဘာ့နိုင်ငံအများအပြားတွင် ကျင့်သုံးနေသည့်စနစ်ဖြစ်သည်။ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း သီးခြားကျင့်သုံးသည့် ဥပဒေမဟုတ်ပေ။ အချို့နိုင်ငံများတွင် စစ်မှုထမ်းဆောင်ခြင်းကို ဂုဏ်ယူဖွယ် ကောင်းသောဆောင်ရွက်ချက်အဖြစ် သူတို့၏ ရုပ်ရှင်ဇာတ်လမ်းများတွင် ဖော်ကျူးရေးသားထားသည်။ မိသားစုထဲကစစ်မှုထမ်းဆောင်ခွင့် ရရှိသူကို တစ်မိသားစုလုံးက အားရဝမ်းသာ ကြိုဆိုဂုဏ်ပြုကြသည်။ ဤသည်မှာမိမိနိုင်ငံကိုမိမိတို့ ဘယ်ရွေ့ဘယ်မျှချစ်ကြောင်း၊ တန်ဖိုးထားကြောင်း ပြသနေခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်လျှင် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံတွင်ပင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြန်လည်အသက်သွင်းရန် တောင်းဆိုနေကြောင်း သိရှိရသည်။ ဂျာမနီနိုင်ငံအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြန်လည် အသက်သွင်းရန် လိုအပ်နေကြောင်း၊ ခရစ်ယာန်ဆိုရှယ်ယူနီယံ ပါတီကတောင်းဆိုလိုက်သည်။ ထို့ပြင်နိုင်ငံအနေဖြင့် ဒရုန်းများနှင့်စစ်ပစ္စည်းများကို ဝယ်ယူရန်လည်း လိုအပ်နေကြောင်း၊ ထိုသို့လိုအပ်သည်များကို လုပ်ဆောင်ခြင်းမရှိပါက ဂျာမနီနိုင်ငံသည် ရေရှည်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကို အာမမခံနိုင်တော့ကြောင်း၊ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုတို့ကို မွေးမြူနိုင်ရေးအတွက် ထိုဥပဒေကိုပြန်လည်ပြဋ္ဌာန်းရန် လိုအပ်လာခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်က ပြောကြားသည့် သတင်းတစ်ပုဒ်ကို အောက်တိုဘာလ ၁၂ ရက် နိုင်ငံတကာ သတင်းများတွင် ဖတ်လိုက်ရသည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့်မူ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ခြင်း၊ အတည်ပြုကျင့်သုံးခြင်းမှာ လွန်စွာသင့်လျော်မှန်ကန်သည့် ဆောင်ရွက်ချက်ဖြစ်သည်။
အဆိုပါဆောင်ရွက်ချက်ကို အင်အားဖြည့်လိုက်သည်မှာ မျိုးဆက်သစ်လူငယ်များ ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)သို့တက်ရောက်ရန် လူငယ်များသူ့ထက်ငါ စာရင်းပေးသွင်းကြသည်။
မိဘများကိုယ်တိုင်ကလည်း အားပေးကြသည်။ စာရင်းပေးသွင်းသူ များပြားလှသည့် အတွက် နောက်သင်တန်း အပတ်စဉ်များကိုဆက်တိုက် ဖွင့်လှစ်ပေးရသည်။ ၂ဝ၂၄ ခုနှစ် ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့မှတာဝန်ရှိသူများက သင်တန်းသားများအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။ ပျော်စရာအလွန်ကောင်းသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းဖွင့်ပွဲဖြစ်သည်။
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ စတင်၍ဖွင့်လှစ်ခဲ့သည်မှာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆/၂ဝ၂၄)သို့ ရောက်ရှိလာပြီဖြစ်သည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆/၂ဝ၂၄)ကိုလည်း ဖွင့်လှစ်နေပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများသည်လည်း ပြည်သူ့တပ်မတော်သားအဖြစ် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို မြန်မာနိုင်ငံအနှံ့ရှိ တပ်ရင်း/တပ်ဖွဲ့များတွင် ထမ်းဆောင်နေကြပြီဖြစ်သည်။ သူတို့သည် နိုင်ငံနှင့်တပ်မတော်အတွက် ယောက်ျားကောင်း ယောက်ျားမြတ်များအဖြစ် မြင်တွေ့နေကြရပြီဖြစ်သည်။
သင်တန်းကျောင်းအသီးသီးမှ နည်းပြများက ပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို တကယ့်ယောက်ျားမြတ်ဖြစ်စေနိုင်သည့် တရားများကို သင်ကြားပေးမည်ဖြစ်သည်။
အထူးသဖြင့် စိတ်ဓာတ်ကောင်းခြင်း၊ စည်းကမ်းကောင်းခြင်း၊ နိုင်ငံတော်အပေါ် သစ္စာရှိခြင်း၊ အချင်းချင်း စည်းလုံးညီညွတ်မှုရှိခြင်း၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုတို့ရှိအောင် လေ့ကျင့်သင်ကြားပေးကြမည်ဖြစ်သည်။ ‘‘တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်’’ ဆိုသည့် စိတ်ဓာတ်အမွေကောင်းကိုလည်း ရရှိမည်ဖြစ်သည်။ နိုင်ငံတော်တွင် အရေးပေါ် အခြေအနေနှင့်ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင် ထိန်းသိမ်းနိုင်သည်မှာ ကျစ်လျစ်ခိုင်မာအင်အား တောင့်တင်းသည့် တပ်မတော်တစ်ရပ်ရှိ နေ၍ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများနှင့် တပ်မတော်သားအပေါင်းကို ကြိုဆိုဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။ ။