တွေးတောစဉ်းစား တိုင်းပြည် ကောင်းကျိုးများ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၁၄ ရက်)

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် တပ်ပြင်နေ တပ်မတော ်သား မိသားစုဝင်များ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ရေး ထပ်မံအသိပေးနှိုးဆော် လျက်ရှိသည်။ မဲစာရင်းတွင်မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ အချက်အလက်ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် ဖြည့်စွက်ပြင် ဆင်ခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့်အညီ ဆောင်ရွက် နိုင်ရေး အသိပေးနှိုးဆော်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ၈-၈-၂ဝ၂ဝ ရက်မှ ၁၄-၈-၂ဝ၂ဝ ရက် အထိ ထပ်မံ တိုးမြှင့် ကပ်ထားကြေညာထားရှိသည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် မိမိနိုင်ငံ အတွက်လွန်စွာအရေးပါသော ရွေးကောက်ပွဲဖြစ်သည်။ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် တစ်နိုင်ငံလုံး သတ်မှတ်မဲဆန္ဒနယ်မြေများအလိုက် ပြည်သူ့ကိုယ်စားလှယ်များကိုရွေးချယ်ကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်း ပရန် ရက်ပေါင်း ၉ဝ ပင်မပြည့်တော့ပါ။ လွန်စွာ နီးကပ်နေပြီဖြစ်သည့်အတွက် တပ်မတော်သားများ၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းများ၊ မိသားစုများနှင့်တပ်ပြင်နေတပ်မတော်သားမိသားစုများအနေဖြင့် မဲဆန္ဒရှင် စာရင်းတွင် မိမိတို့နာမည်ပါရှိမှသာ မဲပေးခွင့်ရရှိမည်ကိုသိရှိစေချင်သည်။

မဲပေးမည့်ကာလမရောက်မီ မိမိတို့တစ်ဦးချင်းအနေဖြင့် အခြေအနေအရပ်ရပ်ကိုကြည့်၍မည်သည့်  ကိုယ်စား လှယ် ကို မဲပေးမည်ဆိုသည့်ကိစ္စရပ်မှာ မိမိတို့တစ်ဦးချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သည်။

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းတွင် ကိုယ်ပိုင်အတွေးအခေါ် အယူအဆ ဆုံးဖြတ်ချက်ရှိကြပြီးဖြစ်သည်။ သို့သော် နိုင်ငံသားတိုင်း၏ စိတ်တွင် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်သူကိုတော့ ရွေးချယ် ကြရမည်ဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နိုင်သူ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် စိတ်ဝင်တစား ဆောင်ရွက်နိုင်သူ၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင်တွေးခေါ် မြော်မြင်မှုဖြင့် လုပ်ဆောင် တတ်သူများကို မဲပေးရွေးချယ်ရမည်မှာ အမှန်တရားဖြစ်သည်။ ပြည်သူလူထုအကျိုး စီးပွားကိုရှေးရှုပြီး နိုင်ငံတော် အပေါ် သစ္စာစောင့်သိမည့်သူ၊ ပြည်ပနိုင်ငံများ၏အမိန့်ပေးစေခိုင်းမှုကို ငြင်းပယ် နိုင်သူ၊ ကိုယ်ကျိုး စီးပွားကို အဓိက မထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ စိတ်ချမ်းသာ ပျော်ရွှင်ရေးကိုကြည့်မြင်တတ်သူများကို ကြိုတင်တွေးကာ ရွေးချယ် ထားကြရပေမည်။

တချို့ကအပြော ကောင်းလွန်းသည်၊ လက်တွေ့အလုပ်တွင် အသုံးမတည့်လှ။ တချို့အပြောအဆိုမတတ်  သော်လည်း စိတ်ရင်းစေတနာကောင်းဖြင့် တိုင်းပြည်အတွက်ကောင်းကျိုးကိုသာ ရှေးရှုလုပ်ဆောင်တတ်သည်။ အထူးသတိထားသင့်သောအချက်မှာ နိုင်ငံတိုင်းတွင်ကျင့်သုံးနေသောမူဝါဒကို မျက်ခြည်မပြတ်သင့်ပါ။ ကမ္ဘာ့ စံနှုန်းဟူ၍ပြော၍ရသည်ပင်။ ဤသည်မှာအခြားမဟုတ်ပါ။ အမျိုးဘာသာသာသနာကိစ္စရပ်ဖြစ်သည်။ အမျိုးနှင့် ဘာသာကိုအလေးမထား ဦးစားမပေးသောနိုင်ငံဟူ၍ ကမ္ဘာတွင်မပေါ်ပေါက်သေးပါ။ မြန်မာနိုင်ငံတွင်  အမျိုး ဘာသာ သာသနာဟူသော စကားပြောဆိုလိုက်သည်နှင့်ပြက်ရယ်ပြုသူတချို့ရှိနေကြသည်။ ဗုဒ္ဓဘာသာ အများစု ကိုးကွယ်နေသော နိုင်ငံတွင် ဗုဒ္ဓဘာသာကို အလေးထားခြင်းသည် ကမ္ဘာ့စံနှုန်းနှင့် အညီပြုမူကျင့်ကြံခြင်း  ဖြစ်သည်။ ထို့ကြောင့်မိမိတို့ ရွေးချယ်မည့်သူသည် အမျိုးဘာသာသာသနာ မကွယ်မပျောက်အောင် စောင့်ရှောက် နိုင်သူဖြစ်ရပေမည်။

မိမိတို့မဲပေးမည်ဟုစဉ်းစားလိုက်သည်နှင့် လူ၏အရည်အချင်း၊ အကျင့်စာရိတ္တကိုလည်းကြည့်မြင်ရမည်။

ထိုသူပါဝင်သည့်ပါတီကိုလည်းကြည့်မြင်ရမည်။ ထိုပါတီသည် ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးယှဉ်လာလျှင်  တိုင်းပြည် အကျိုးကို ဦးစားပေးသောပါတီမျိုးဖြစ်ရပေမည်။ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ထိုစနစ်နှင့်လိုက်ဖက်ညီသောအဆောင်အယောင်များဖြစ်ပေါ်လာခြင်းဖြစ်သည်။ စစ်မှန်၍ စည်း ကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ခြင်းဖြစ်သည်။ မိမိရွေးချယ်မည့် ကိုယ်စား လှယ် သည် တိုင်းပြည်ကောင်းကျိုးအတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်အမှန်တကယ် လုပ်ဆောင်မည့် သူမျိုး ဖြစ်သင့်သည်။

နိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကား စေလျက် တိုင်းရင်းသားပြည်သူအများငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင်လုပ်ဆောင် နိုင်သူကို ရွေးချယ်နိုင်မှသာ ပြည်သူတို့စိတ်အေးချမ်းသာရှိပေလိမ့်မည်။ ရွေးကောက်ပွဲရလဒ်များက နိုင်ငံတော်၏ ကံကြမ္မာ ကို ပြောင်းလဲစေနိုင်သည့်အတွက် ကောင်းသောပြောင်းလဲခြင်းကို စွမ်းဆောင်နိုင်သူ မည်သူကိုမဆို စဉ်းစား ဆုံးဖြတ် ရွေးချယ်နိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။   ။