နှလုံးရောဂါဖြစ်နိုင်ခြေများ

 

နှလုံးရောဂါဖြစ်နိုင်ခြေများ

 

     လူတစ်ယောက်ရဲ့   နှလုံးကျန်းမာရေးက ၎င်းတို့နေထိုင်ရာပတ်ဝန်းကျင်ရဲ့   ဆူညံသံတွေကလွှမ်းမိုး မှုရှိနိုင်တယ်လို့ လေ့လာမှုတစ်ခုက  ဆိုထားပါတယ်။

ပြင်သစ်နိုင်ငံ ဘာဂန်ဒီတက္ကသိုလ်ရဲ့ လေ့လာမှုအရ အသက်  ၅၀ ရှိတဲ့သူတွေအနေနဲ့  ၎င်းတို့နေထိုင်ရာ အနီးအနားပတ်ဝန်းကျင်မှာ အမြဲလိုလိုကျယ်လောင်တဲ့ ဆူညံသံတွေကြားနေရမယ်ဆိုရင်   နှလုံးထိခိုက်မှု ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။   ဒါ့ပြင်   နှလုံး ထိခိုက်မှုခံစားခဲ့ဖူးတဲ့သူတွေ အနေနဲ့လည်း  ဆူညံတဲ့ ရပ်ကွက်တွေမှာဆိုရင်   ရောဂါလက္ခဏာတွေ    ပိုမို ဆိုးရွားနိုင်တယ်လို့ သုတေသီကဆိုထားပါတယ်။

ဆူညံသံတွေက   နှလုံးရောဂါဖြစ်နိုင်ခြေနဲ့ နှလုံးရောဂါရှိသူတွေအတွက် ပိုမိုဆိုးရွားတဲ့ သက်ရောက်မှုတွေရှိလာစေနိုင်တယ် ဆိုတဲ့အချက်ကို  အ‌ဓိကလေ့လာမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း   ဘာဂန်ဒီတက္ကသိုလ်မှ  သုတေသီမာရီယန်းဇယ်လာကဆိုပါ တယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ ဟွန်းတီးသံ တွေ၊ လူအုပ်လိုက်ရှိနေလို့ ထွက်လာတဲ့ဆူညံတဲ့အသံ တွေကြောင့် မြို့ပြနေထိုင်သူတွေကြားမှာနှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ နှလုံးရောဂါရှိသူတွေမှာ    ဖိအားသက်ရောက်မှု ပိုပြီးရှိနိုင်တယ်လို့ ဆိုထားပါတယ်။

ပြင်သစ်နိုင်ငံက နှလုံးထိခိုက်မှုကနေ ကျော်လွန်ခဲ့သူ  ၈၆၄ ဦးရဲ့ နှလုံးကျန်းမာရေး အခြေအနေတွေကို ၂၈ ရက်ကြာစောင့်ကြည့်ပြီး ဆူညံသံတွေ၊  လေထုညစ်ညမ်းမှုနဲ့ ဆင်းရဲမှုအတိုင်းအတာတို့ဆိုပြီး ခေါင်းစဉ်တွေခွဲထုတ်ပြီး    နှလုံးရောဂါဖြစ်နိုင်ခြေ အပေါ်သက်ရောက်မှုတွေကို လေ့လာခဲ့ကြပါတယ်။

နှလုံးထိခိုက်မှုကနေ ပြန်လည်သက်သာဖို့ ကြိုးပမ်းနေတဲ့သူတွေအတွက် ဆူညံသံကင်းဝေးတဲ့ ဆိတ်ငြိမ် တဲ့ပတ်ဝန်းကျင်မျိုးမှာ ကုသမှုခံယူနိုင်ဖို့   ထည့်သွင်းစဉ်းစားပေးခြင်းက ပြန်လည်သက်သာဖို့ မြန်ဆန်စေ နိုင်ပါတယ်။

အသက် ၂၀ ကျော်အရွယ်မှာ Screen ကြည့်ရှုချိန် များရင်  နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။ အသက်  ၂၀  ကျော်အရွယ်မှာ  ဖုန်း၊  ကွန်ပျူတာ၊ တီဗွီတို့ကိုကြည့်ရှုရင်း အချိန်ကုန်ဆုံးမှု များပြားခဲ့သူတွေအနေနဲ့ အသက်ကြီးလာချိန်မှာ နှလုံးရောဂါဖြစ် နိုင်ခြေများနိုင်ပါတယ်။

အသက် ၂၀ အစောပိုင်း အရွယ်ကတည်းက တီဗွီ၊ ကွန်ပျူတာနဲ့ မိုဘိုင်လ်ဖုန်း မျက်နှာပြင်တွေကြည့်ရှုချိန်များသူ ၄၀၀၀ ကျော်ကို နှစ်ပေါင်း  ၃၀  ကျော်ကြာ လေ့လာမှုအရ   လူငယ်တွေမှာ  ကြည့်ရှုချိန်ပမာဏများလေ အရွယ်နှောင်းပိုင်း အချိန်တွေမှာ ပြင်းထန်တဲ့နှလုံးရောဂါ ဖြစ်နိုင်ခြေ သိသိသာသာ ရှိလာနိုင်တယ်လို့ လေ့လာမှုဦးဆောင်သူ ဒေါက်တာဂျေဆင်နာဂါကာ ကပြောပါတယ်။ Screen ကြည့်ရှုချိန်များတာကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့အိပ်စက် မှုနဲ့ခန္ဓာကိုယ်လှုပ်ရှား ဆောင်ရွက်မှုတွေ လိုသလောက် လုပ်ဆောင်ဖို့ ပျက်ကွက်လာနိုင်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက   Screen   ကြည့်ရှုချိန်  မလွန်ကဲစေဖို့ သတိပြုဆင်ခြင်နိုင်ခြင်းက အသက်အရွယ်ရလာချိန်မှာ   နှလုံးရောဂါဖြစ်နိုင်ခြေကို  ကာကွယ်နိုင်မှာဖြစ်သလို  နှလုံးရောဂါနဲ့ဆက်စပ်တဲ့  လေဖြတ်နိုင်ခြေကို လည်း  တားဆီးနိုင်မယ်လို့  လေ့လာမှုက  အကြံပြု ထားပါတယ်။

ရုံးပိတ်ရက်မှာ   အိပ်စက်အနားယူတာက   နှလုံးကျန်းမာရေးကို အကျိုးပြုနိုင်ပါတယ်။  အလုပ်လုပ်ရတဲ့ တစ်ပတ်လုံးမှာ စောစောထခဲ့ရသမျှ ရုံးပိတ်ရက် တွေမှာ အိပ်စက်အနားယူတာက နှလုံးကျန်းမာရေးကိုအကျိုးပြုစေနိုင်ပါတယ်။ အစားထိုးအိပ်စက်တာ လုံလောက်တဲ့အခါမှာ နှလုံးရောဂါဖြစ်နိုင်ခြေလျော့ကျ တာနဲ့ဆက်စပ်မှုရှိနိုင်တယ်လို့ ဘေဂျင်းဖူးဝေးဆေးရုံမှ နှလုံးရောဂါသုတေသီ ယန်ကျွင့်ဆုန်က ပြောကြားခဲ့ ပါတယ်။ အဲဒီလေ့လာမှုအတွက် ဗြိတိန်ဘိုင်အိုဘဏ် မှ  သုတေသနပရောဂျက်တစ်ခုက  လူပေါင်း ၉၁၀၀၀ ရဲ့အချက်အလက်တွေရယူပြီး စိစစ်လေ့လာမှုပြုလုပ် ခဲ့တာလို့ဆိုပါတယ်။   အဲဒီလေ့လာမှုမှာ    ပူးပေါင်းသူတွေကို   အိပ်စက်မှုစောင့်ကြည့်တဲ့   လက်ပတ်ကိရိယာပတ်ကာ အိပ်စက်စေခဲ့ပြီး အိပ်စက်မှုနဲ့နှလုံး ကျန်းမာရေးတို့ကို ခြေရာခံစောင့်ကြည့်ခဲ့ကြတာဖြစ် ပါတယ်။ ပါဝင်သူ ၂၂ ရာခိုင်နှုန်းက တစ်ညအိပ်စက်ချိန် ခုနစ်နာရီအောက်  လျော့နည်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ရုံးတက်ရက်တွေ  အိပ်ချိန်နည်းပါးခဲ့သမျှ  ရုံးပိတ်ရက်တွေမှာ အချိန်ပိုတိုးပြီး အိပ်စက်မှုကိုပါခြေရာခံ လေ့လာခဲ့ကြပါတယ်။  ပျမ်းမျှ  ၁၄  နှစ်ခန့်ကြာပြီး နောက်  ရုံးပိတ်ရက်မှာ အတိုးချအိပ်စက်တဲ့ အကျင့် ရှိသူတွေရဲ့ကျန်းမာရေးကို လေ့လာတဲ့အခါ ၎င်းတို့မှာ  နှလုံးရောဂါဖြစ်နိုင်ခြေ  ၁၉  ရာခိုင်နှုန်းအောက်သာ ရှိတာတွေ့ရှိခဲ့ကြပါတယ်။

နှလုံးရောဂါက အဖြစ်များတဲ့ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်စစ်တမ်းအရ လူတစ်သိန်းမှာ ၂၁၉ ဒသမ ၄ ဦး အသက်ဆုံးပါးစေတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သေဆုံးမှုနှုန်းမြင့်မားတဲ့ ရောဂါထဲမှာ နံပါတ်တစ်ရောဂါဖြစ်ပါတယ်။

နှလုံးရောဂါဆိုတာ  နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါ အမြောက်အမြားကို  စုဝေးခေါ်ဆိုတာဖြစ်ပါတယ်။

နှလုံးရောဂါက အမျိုးအစားအမျိုးမျိုးရှိသလို ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ခြေမြင့်မားတဲ့ ရောဂါဖြစ်ပါတယ်။

နှလုံးရောဂါရဲ့လက္ခဏာတွေက အချိန်အတန်ကြာ မှသိသိသာသာပြလာပြီး ကနဦးအခြေအနေတွေမှာ တိတ်တိတ်လေးတွယ်ငြိနေပါတယ်။ ဒါကြောင့်လည်း ပိုပြီးသတိထားဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးထားတာဖြစ်ပါတယ်။

နှလုံးရောဂါလို့ခြုံပြီး ပြောကြပေမယ့် နှလုံးနဲ့သက် ဆိုင်တဲ့ရောဂါတွေက  အမျိုးအစား အမျိုးမျိုးရှိပါတယ်။  ဒါတွေကိုစုစည်းပြီး  နှလုံးဆိုင်ရာပြဿနာများလို့ ခေါ်ပါတယ်။ နှလုံးရောဂါခေါင်းစဉ်အောက်မှာ အောက်ပါရောဂါ အသီးသီးရှိကြပါတယ်။ မွေးရာပါ နှလုံးရောဂါ၊ နှလုံးကြွက်သားဆိုင်ရာရောဂါ၊ နှလုံး စည်းချက်မမှန်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံးအဆို့ရှင်ဆိုင်ရာ ရောဂါ၊ နှလုံးမခုန်တဲ့ရောဂါ၊ နှလုံးပိုးဝင်ခြင်း၊ လေသင် တုန်းဖြတ်ခြင်းတို့ဖြစ်ကြပါတယ်။

မွေးရာပါနှလုံးရောဂါ

- နှလုံးသွေးခန်းအပေါက်ဖြစ်ခြင်း  နှလုံး သွေးခန်းတွေဆက်တဲ့ကြားက  ကြွက်သားက   ပိတ် မနေဘဲ အပေါက်ဖြစ်နေတယ်။

- နှလုံးသွေးစီးဝင်တဲ့ အပေါက်ပိတ်ခြင်း နှလုံးထဲ သွေးစီးဝင်တဲ့ အပေါက်ပိတ်နေခြင်းဖြစ်ပါတယ်။

- တစ်ကိုယ်လုံးပြာတဲ့နှလုံးရောဂါ နှလုံးသွေးညှစ် အားမကောင်းလို့    တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်အဝမရောက်ရှိတော့ဘဲ တစ်ကိုယ်လုံးပြာလာတဲ့ ရောဂါတွေက မွေးရာပါနှလုံးရောဂါပဲဖြစ်ပါတယ်။

နှလုံးကြွက်သားဆိုင်ရာရောဂါ

- နှလုံးကြွက်သားတောင့်ခြင်း၊ နှလုံးကြွက်သား ထူခြင်း၊  ကြီးခြင်း၊    နှလုံးကြွက်သားရှုံ့တွခြင်းတို့က  အများဆုံးဖြစ်တတ်တဲ့     နှလုံးကြွက်သားဆိုင်ရာ ပြဿနာတွေဖြစ်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါလက္ခဏာများ

- နှလုံးကြွက်သားပုပ်ခြင်း၊  ရုတ်တရက်ရင်ဘတ် အောင့်ခြင်း၊  နှလုံးကြွက်သားသွေးမလျှောက်ခြင်း၊ နှလုံးစည်းချက်မမှန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှေးခြင်း၊   နှလုံးထဲပိုးဝင်ခြင်း၊   နှလုံးအလွှာပါး ရောင်ခြင်း၊   နှလုံးနဲ့အလွှာကြား   အရည်စုခြင်းတို့ဖြစ်ပါတယ်။

နှလုံးရောဂါရဲ့ထူးခြားချက်များ

     နှလုံးရောဂါရဲ့ထူးခြားချက်က အမျိုးအစားစုံလင်သလို    ရောဂါလက္ခဏာကွဲပါတယ်။    နှလုံးရောဂါ လက္ခဏာတွေက     တစ်ခုနဲ့တစ်ခု သိသိသာသာ ကွဲလွဲနေတာကများပါတယ်။ ရောဂါအလိုက် လက္ခဏာ ကွဲပါတယ်။

နှလုံးစည်းချက်မမှန်ရောဂါ

    နှလုံးစည်းချက်မမှန်ခြင်းက စည်းချက်မြန်တာ၊ နှေးတာပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားပေမယ့် အဓိကလက္ခဏာတွေရှိပါတယ်။  အင်အားချည့်နဲ့ပြီးပျော့ခွေလာတာ၊ နှလုံးခုန်နှေးလာတာ သို့မဟုတ် မြန်လွန်းတာ၊ သွေးခုန်နှုန်းနှေးတာ၊   မကြာခဏ မူးဝေတတ်တာ၊ ခေါင်းမူးတာ၊ ရုတ်တရက်ရင်ဘတ် အောင့်တာတို့ ပါဝင်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါ

    နှလုံးသွေးကြောကျဉ်းရောဂါဖြစ်တဲ့အခါ ခြေဖျား လက်ဖျားဆီ သွေးလျှောက်တာ    နည်းသွားပါတယ်။ အသက်ရှူရခက်တာ၊  ရင်ဘတ်အောင့်တာ၊   ခြေတွေ လက်တွေအေးပြီး      ခြေတွေကထုံကျဉ်လာတာ၊ အကြောင်းမည်မည်ရရမရှိဘဲ     နာကျင်ကိုက်ခဲတာ၊ ခြေထောက်နဲ့လက်   အားယုတ်လျော့တာတွေဖြစ်ပါတယ်။

မွေးရာပါနှလုံးရောဂါလက္ခဏာများ

     မွေးရာပါနှလုံးရောဂါ    လက္ခဏာတွေကတော့ မွေးကင်းစအချိန်မှာရော   အရွယ်ရောက်ချိန်မှာပါ  ပြသတတ်ပါတယ်။  တချို့ရောဂါအခြေအနေတွေက ရှာဖွေဖော်ထုတ်ဖို့ခက်တယ်။ အရေပြားပြာနှမ်းတာ၊   ခြေဖျားလက်ဖျားရောင်ရမ်းတာ၊   အသက်ရှူရခက် တာ၊     အသက်ရှူကျပ်တာ၊    မောပန်းနွမ်းနယ်ပြီး   အားအင်ကုန်ခန်းတာဖြစ်နိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာရောဂါ

     နှလုံးသွေးကြောဆိုင်ရာရောဂါက နှလုံးနဲ့အဆုတ် ထဲကို အောက်ဆီဂျင်ပြည့်ဝတဲ့သွေး စီးဆင်းမှုအားနည်းတာကြောင့်ဖြစ်ပါတယ်။  ရင်ဘတ်အောင့်တာ၊ရင်ဘတ်သက်သောင့်သက်သာမရှိတာ၊ ရင်ဘတ်မှာ ဖိအားများသလို၊ အညှစ်ခံထားရသလို  ခံစားရတာ၊အသက်ရှူရခက်တာ၊ မအီမသာဖြစ်ပြီး  ပျို့ချင်တာ၊ အစာမကြေတာတွေ ခံစားရနိုင်ပါတယ်။

ဒေါက်တာလွင်သန့်