စားရေရိက္ခာဖူလုံဖို့ သစ်တောများကို ထိန်းသိမ်းစို့

 

စားရေရိက္ခာဖူလုံဖို့  သစ်တောများကို ထိန်းသိမ်းစို့

 

စားရေရိက္ခာ

      စားရေရိက္ခာဆိုသည်မှာ   သက်ရှိသတ္တဝါများ ရှင်သန်ကြီးထွားနိုင်ရန် အတွက်   လိုအပ်သော အာဟာရဖြစ်စေသည့် အရာများကိုဆိုလိုသည်။ လူတို့နေ့စဉ်သွားလာနိုင်ရန်၊  ခန္ဓာကိုယ်ဖွံ့ဖြိုးရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးရန်နှင့် ရောဂါဘယများအန္တရာယ်မှ ကာကွယ်နိုင်ရန် အတွက် အဓိကလိုအပ်သော စွမ်းအင်ကို   အစာအာဟာရမှ     ရရှိနိုင်မည်ဖြစ်သည်။ အစားအစာများ၊ စားရေရိက္ခာများသည်  လူသားတစ်ဦး၏  လူနေမှုဘဝတွင် အခြေခံအကျဆုံး လိုအပ်ချက်လည်းဖြစ်သည်။

အပင်အမျိုးမျိုးမှ  အစေ့အဆန်များ၊ ဟင်းသီးဟင်းရွက်များ၊  အသီးအနှံများ၊   အဆီများနှင့် တိရစ္ဆာန်များမှအသားနှင့်အဆီ စသည့်စားရေရိက္ခာတို့ကို ရရှိသည်။ မြေထု၊ ရေထုတွင်   ထွက်ရှိသော သဘာဝပေါက်ပင်နှင့် ရေထွက်ပစ္စည်းများ၊ လူသားများစီမံ လုပ်ဆောင်သော လယ်ယာထွက်ကုန် အစုအဝေးများ၊ မွေးမြူရေးအင်အားစုများသည် စားရေရိက္ခာ၏ ထုတ်ကုန်များဖြစ်ကြသည်။  စားရေရိက္ခာသည်   လူသားတို့အသက်ရှင်မှု အတွက် စွမ်းအင်ကိုပြည့်ဝစေရန်  အဓိကထောက်ပံ့သော  ပစ္စည်းများဖြစ်သည်။

စားရေရိက္ခာကို  အာဟာရဆက်စပ်မှုအားဖြင့် အခြေခံအုပ်စုကြီး  လေးမျိုး  ခွဲခြားနိုင်ပါသည်။  

ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ၊  ကောက်ပဲသီးနှံများ၊   နို့ထွက်ပစ္စည်းများနှင့်  အသားများဟူ၍   ဖြစ်ပါသည်။   ကမ္ဘာ့စားရေရိက္ခာ အများစုကို   စိုက်ပျိုးရေးနှင့် မွေးမြူရေးမှတစ်ဆင့်    ရရှိသည်။  ဆန်၊   ဂျုံ၊  ပြောင်း၊  အာလူး၊  နေကြာဆီ၊ ပဲပိစပ်ဆီ၊ ပဲဆီ၊ နှမ်းဆီ စသည့် ဆီအမျိုးမျိုး၊ အသား၊ ငါး၊  နို့၊  ပဲအမျိုးမျိုး၊  ဥအမျိုးမျိုး၊  ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အစေ့အဆန်များ၊  အခွံမာသီးများ၊ အမြစ်များ၊ ပဲပင်များ၊ ဥများ၊ အနီရောင်အသားများ၊     ဟင်းခတ်အမွှေးအကြိုင်များနှင့် အရည်ရွှမ်းသော အစားအစာများသည် အရေးကြီးသော စားနပ်ရိက္ခာ ကုန်ကြမ်းများဖြစ်သည်။

ကုလသမဂ္ဂ   စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင် ၂ သည် “ဆာလောင်မွတ်သိပ်မှု လုံးဝမရှိရန်”  ဖြစ်ပြီး   “ငတ်မွတ်မှုရပ်တန့်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့်    ပိုမိုကောင်းမွန်သော အာဟာရရရှိရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို   မြှင့်တင်ရန်” ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပုံစံအားလုံးကို  အဆုံးသတ်ရန် ရည်မှန်းထားပြီး လူသားအားလုံး အထူးသဖြင့် ကလေးငယ်များ  တစ်နှစ်ပတ်လုံး  အာဟာရပြည့်ဝပြီး   လုံလောက်သောအစားအစာရရှိကြောင်း သေချာစေရန်ရည်ရွယ်ထားသည့် ရည်မှန်းချက်လည်းဖြစ်သည်။

စားရေရိက္ခာဖူလုံရေးသည် မိသားစုတိုင်းအတွက် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတည်ငြိမ်ရေး၊   အေးချမ်းသာယာဝပြောရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် စားရေရိက္ခာဖူလုံရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာအမျိုးမျိုး ထုတ်လုပ်ရေး   နေ့စဉ်ကြိုးပမ်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

သစ်တောများမှ ပံ့ပိုးပေးသော စားရေရိက္ခာများ ယခုအခါတွင်   ကမ္ဘာ့နိုင်ငံများ တွေ့ကြုံနေရသော   ပတ်ဝန်းကျင်ဆိုင်ရာ   ပြဿနာများ၊ စိန်ခေါ်မှုများ၊ စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ   ကိစ္စရပ်များကို ဖြေရှင်းရန် သဘာဝကိုအခြေခံသော ဖြေရှင်းခြင်း နည်းလမ်းများ  (Nature-based solutions)  ကို  အသုံးပြုရန်  အလေးပေး ဆောင်ရွက်လာကြသည်။

သစ်တောများနှင့် သစ်တောဂေဟစနစ်သည် ပစ္စုပ္ပန်နှင့်အနာဂတ် စားရေရိက္ခာ ဖူလုံရေးမြှင့်တင်ရာတွင် အလွန်အရေးကြီးပြီး မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဥပမာအားဖြင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း   (Agroforestry)   နည်း စနစ်များသည်    စားရေရိက္ခာဖူလုံရေး အတွက် အထောက်အကူပြုနိုင်သည့် သဘာဝကို အခြေခံသော နည်းလမ်းဖြစ်ပြီး စားရေရိက္ခာဖူလုံခြင်း၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ခြင်း၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ခြင်း စသည့် အကျိုးကျေးဇူးများ ရနိုင်မည်ဖြစ်သည်။

အခြေခံအားဖြင့်   သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းစနစ်တွင်   သစ်တောသစ်ပင်များနှင့် စပါး၊ ပြောင်း၊ နှမ်း၊ မြေပဲ စသည့် ရာသီသီးနှံပင်များ ရောနှောစိုက်ပျိုးခြင်း၊ ဆေးဖက်ဝင်ပင်များ၊ နွယ်ပင်များ အပါအဝင်   ရာသီသီးနှံအပင်များ၊ နှစ်ရှည် စားပင်သီးပင်များ စိုက်ပျိုးခြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊  ကြက်၊  ငှက်၊  ဘဲ စသည့် အိမ်မွေးတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများကို ဒေသနှင့်ကိုက်ညီသော အဖိုးတန်သစ်တောသစ်ပင်များ၊ ကြီးမြန်ပင်များနှင့် ရောနှောစိုက်ပျိုးမွေးမြူခြင်း၊ ဒီရေတောအပင်များနှင့်အတူ ငါး၊ ပုစွန်၊ ကဏန်းတို့ ရောနှောမွေးမြူ ထုတ်လုပ်ခြင်းစသည်ဖြင့်   စုစည်းပူးပေါင်းစိုက်ပျိုး မွေးမြူကာ မြေဧရိယာတစ်ခုတည်းမှ ကုန်ထုတ်လုပ်မှု အများဆုံးဖြစ်စေရန် ဆောင်ရွက်ခြင်း ဖြစ်သည်။

သဘာဝအရင်းအမြစ်များကို ရေရှည်အပြည့်အဝ အသုံးချရေးအတွက် စီမံအုပ်ချုပ်ဆောင်ရွက်ခြင်း ဖြစ်သည်။ ဂေဟစနစ်ကိုတည်ငြိမ်စေပြီး ရာသီဥတုကို ထိန်းညှိပေးနိုင်သည့် သစ်တောသစ်ပင်များနှင့်တွဲဖက်၍ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ခြင်းဖြင့် ကျေးရွာအဆင့်၊ ဒေသအဆင့် ရာသီဥတုမျှတပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အကျိုးကျေးဇူးများစေနိုင်သည်။

သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းအပြင်   သဘာဝတောများ ထိန်းသိမ်းခြင်းဖြင့်လည်း စားရေရိက္ခာ ဖူလုံရေး၊   အစားအစာပေါများစွာ ရရှိစေရေးကို   တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည်။

သစ်တောများနှင့် သစ်တောများ ပြင်ပပေါက်ရောက်သော သစ်ပင်များ၊    လယ်ယာပတ်ဝန်းကျင်တွင် ပေါက်ရောက်လျက်ရှိသော သစ်ပင်များသည် အထူးသဖြင့် စားရေရိက္ခာ အရင်းအမြစ်များမှ ရရှိနိုင်သည့်၊ ရှားပါးသည့်အချိန်တွင် စားရေရိက္ခာ အမျိုးမျိုးကို ပံ့ပိုးပေးသည့်အတွက် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့်  စားရေရိက္ခာဖူလုံမှု အတွက် သိသာထင်ရှားသော အထောက်အပံ့များ ဖြစ်စေသည်။  သစ်တောသစ်ပင်များ၏  စားသုံးနိုင်သော အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ အပွင့်၊ အစေ့ စသည့် သစ်တောထွက်ပစ္စည်းများသည် သစ်တောများအတွင်း အလွယ်တကူရနိုင်ပြီး   ကျန်းမာရေးနှင့် ညီညွတ်မျှတကာ အာဟာရ အရည်အသွေး အပြည့်ရှိသော စားရေရိက္ခာများလည်း ဖြစ်သည်။ 

သစ်တောများမှရရှိသော အစားအစာများသည် စားရေရိက္ခာရှားပါးသော ကာလများ၊  အရေးပေါ် ကာလများတွင်  သစ်တောများမှ  ပံ့ပိုးပေးသော အစားအစာများ၊  စားရေရိက္ခာ   အရင်းအမြစ်များ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာသည်။ ဥပမာအားဖြင့်  မျှစ်၊  မှိုနှင့်  အသီး၊  အရွက်၊ အမြစ်များ၊ အစေ့များအပါအဝင် စားသုံးနိုင်သော သစ်တောထွက်ပစ္စည်းများကို   သန့်စင်စေရန် ဆေးကြောခြင်း၊    အခြောက်ခံခြင်းစသည်ဖြင့် ပြုပြင်ပြီးသိမ်းဆည်းထားပါက  တစ်နှစ်ပတ်လုံး စားရေရိက္ခာ ထောက်ပံ့မှုကို     ရရှိစေနိုင်သည်။  တောတောင်များတွင်   နေထိုင်ကျက်စားသည့် စားသုံးနိုင်သော တောကောင်ငယ်များ (Bushmeat) ၏ အသားနှင့် အစားအစာများ၊ အင်းဆက်များ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ကန်များမှ ငါးနှင့် ရေထွက်ပစ္စည်းများသည် ဗီတာမင်၊ ပရိုတင်း၊ အဆီ၊ သကြားနှင့်  သတ္တုဓာတ်များကြွယ်ဝပြီး ရရှိနိုင်မှုအပေါ်မူတည်၍ တစ်နှစ်ပတ်လုံး ရာသီမရွေး စားသုံးနိုင်သည်။

သစ်တောများမှရရှိသော အစားအစာများသည် ပုံမှန်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သော အစားအစာများ ကဲ့သို့ပင် အာဟာရအရည်အသွေး ကောင်းမွန်ပါသည်။ လူသိများသည့်  သစ်တောသစ်ပင်များမှရရှိသည့် စားသုံးနိုင်သည့်  အသီးအရွက်အပွင့်များမှာ တညင်းသီး၊ ချင်းတညင်းသီး၊ ဖန်ခါးသီး၊ ငါးပေါက်သီး၊  တည်သီး၊  ဆီးဖြူသီး၊  ဥသျှစ်သီး၊ သရက်သီး၊ တောသရက်သီး၊ ဆီးသီး၊ ကနစိုးသီး၊ သစ်တိုသီး၊ ဗာဒံစေ့၊ ကြိမ်သီး၊ မိုးသီး၊ သစ်ကြားသီး၊

သီးသီး၊   ကြောင်လျှာသီး၊   မြန်မာကုက္ကိုရွက်၊ တမာရွက်၊  မန်ကျည်းရွက်၊   ဟင်းပြင်းရွက်၊ မဲဇလီပွင့်နှင့်   အရွက်၊    လက်ပံပွင့်၊   မလွှပွင့်၊ သခွတ်ပွင့်၊ ဧကရာဇ်ပွင့်   စသည်တို့ဖြစ်သည်။ ဒေသအလိုက် သစ်တောများမှရရှိသော အစားအစာ များစွာလည်းရှိသည်။

သစ်တောထွက်ပစ္စည်းများနှင့်   စားရေရိက္ခာ ဖူလုံရေးဆက်စပ်မှု၊  သစ်တောများနှင့် လယ်ယာသစ်ပင်များ၏ အာဟာရပံ့ပိုးမှုသည် အရေးပါလာလျက်ရှိရာ သစ်တောအတွင်း နေထိုင်သူများနှင့် အနီးပတ်ဝန်းကျင်တွင်  နေထိုင်အခြေချသူများသာမက ကျေးလက်ဒေသနေပြည်သူများ၊ ဒေသခံပြည်သူများအတွက် မတူကွဲပြားသော အစားအစာများနှင့်  အာဟာရအရည်အသွေးကို သိသာစွာ ဖြည့်စွက်ပေးပြီး  စားရေရိက္ခာ ဖူလုံရေးအတွက်   ပံ့ပိုးပေးလျက်ရှိသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ကိုင်ဆောင်ရွက်သော ကျေးလက်ပြည်သူများအနေဖြင့် မိမိကိုယ်ပိုင်  လယ်၊ ယာများတွင်ဖြစ်စေ၊  မိမိနေအိမ်ခြံဝင်းများတွင်ဖြစ်စေ တစ်နိုင်တစ်ပိုင်   စိုက်ပျိုးခြင်း၊ မွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သစ်တောသစ်ပင်များ၊ စားပင် သီးပင်များကို ထည့်သွင်းပေါင်းစပ် စိုက်ပျိုးခြင်းဖြင့်    မိမိရပ်ရွာဒေသတွင် ရာသီဥတုကောင်းမွန်မျှတပြီး    စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်ဖြစ်ထွန်းနိုင်သည်။ စားနပ်ရိက္ခာဖူလုံပြီး လူမှုစီးပွားဖွံ့ဖြိုးနိုင်မည်ဖြစ်သည်။

စားရေရိက္ခာဖူလုံဖို့ သစ်တောများနှင့် ဂေဟစနစ်များထိန်းသိမ်းစို့

    ကုလသမဂ္ဂ စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် ၁၅ တွင် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား     ထိန်းသိမ်းကာကွယ်ပြီး   စဉ်ဆက်မပြတ် အသုံးပြုနိုင်ရေး၊   သစ်တောများ ထာဝစဉ်တည်တံ့စေရန်   စီမံအုပ်ချုပ်ရေးနှင့် သဲကန္တာရဖြစ်ထွန်းမှု  ပပျောက်စေရေး၊  မြေယာပြုန်းတီး ယိုယွင်းမှုရပ်တန့်စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းကျဆင်းမှု   ရပ်တန့်စေရေးဟူ၍ ရည်မှန်းချက် ပန်းတိုင်အဖြစ် ထည့်သွင်းထားသည်ကိုလည်း လေ့လာတွေ့ရှိရမည်ဖြစ်သည်။

လူ့အဖွဲ့အစည်းတစ်ခု စားရေရိက္ခာဖူလုံစွာ ထုတ်လုပ်နိုင်ရေး အတွက် သဘာဝအခြေခံအရင်းအနှီးများဖြစ်သည့်   မြေသယံဇာတ၊ ရေအရင်းအမြစ်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တော၊ တောင်၊ ပင်လယ်ကမ်းရိုးတန်းတို့သည်   အရေးကြီးသော သဘာဝအခြေခံ အရင်းအမြစ်များဖြစ်သည်။   ကျန်းမာကြံ့ခိုင်သော၊   သဟဇာတမျှတသော   ဂေဟစနစ်များသည် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများစွာကို ထောက်ပံ့နိုင်ပြီး နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ဦးစားပေးလုပ်ငန်းများကို  အောင်မြင်ရန် ပံ့ပိုးနိုင်သည်။

အဓိကအားဖြင့် အပင်များနှင့် တိရစ္ဆာန်များအတွက်   နေရင်းဒေသများ    ထောက်ပံ့ပေးခြင်း၊ အမျိုးမျိုးသော အစာကွင်းဆက်နှင့် အစာကွန်ရက်များကို    ဖြစ်ထွန်းမြှင့်တင်ပေးခြင်း၊    မရှိမဖြစ် အရေးပါသည့် ဂေဟစနစ်ဖြစ်စဉ်များကို ထိန်းညှိခြင်းနှင့်သက်ရှိများ    ဆက်လက်ရှင်သန်ရေးကို ပံ့ပိုးကူညီခြင်း၊   သက်ရှိနှင့်  သက်မဲ့များအကြား ဆက်စပ်နေသော   အာဟာရဖြစ်စဉ်များအတွက် ပံ့ပိုးပေးခြင်းနှင့်   စွမ်းအင်၊  ကာဗွန်၊  နိုက်ထရိုဂျင်၊ အောက်ဆီဂျင်နှင့်  ရေသံသရာလည်ပတ်မှုဖြစ်စဉ်များ အပါအဝင် ဂေဟစနစ်အတွင်း  စွမ်းအင်စီးဆင်းလည်ပတ်မှုတို့ကို   ထိန်းသိမ်းကူညီခြင်းစသည့် လုပ်ငန်းများကို ကောင်းမွန်မျှတသည့် ဂေဟစနစ်က ဆောင်ရွက်ပေးသည်။

သစ်တောများ၊  ကမ်းရိုးတန်းဒီရေတောများ၊ ဂေဟစနစ်များသည် အသား၊ ငါးနှင့် ရေထွက်ပစ္စည်း အပါအဝင် အစားအစာများ၊ အမျှင်ဓာတ်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို    ထောက်ပံ့ပေးရုံသာမက လေမုန်တိုင်းကျရောက်ခြင်း၊  ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်း၊   အပူအအေး လွန်ကဲခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို လျော့ပါးသက်သာစေပြီး ရာသီဥတုမျှတစေရန် ထိန်းညှိပေးကာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ စားရေရိက္ခာ ထုတ်လုပ်မှုလုပ်ငန်းများကို အကျိုးပြုလျက်ရှိသဖြင့် သစ်တောများထိန်းသိမ်းရေး၊ ရေတိမ်ဒေသများနှင့် ကမ်းရိုးတန်းဒီရေတောများ ထိန်းသိမ်းရေး၊ ဂေဟစနစ်များ တည်ငြိမ်ကောင်းမွန်စေရေး အတွက် အထူးအလေးထား ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

စားရေရိက္ခာဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ ရရှိစေရန်နှင့် ဂေဟစနစ်များ တည်ငြိမ်ကောင်းမွန်စေရန်အတွက်   ကျယ်ပြန့်သောအမြင်ဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။    ရင်းနှီးမြှုပ်နှံမှု၊ သုတေသနနှင့်  သိပ္ပံ၊  နည်းပညာနှင့်  ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ်တိုးမြှင့် ဆောင်ရွက်ခြင်း၊ မတူကွဲပြားသော သီးနှံထုတ်လုပ်မှုများ အားပေးမြှင့်တင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေသော စိုက်ပျိုးရေးသီးနှံများနှင့်နည်းစနစ်များ၊ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ကျယ်ပြန့်လာစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်း၊ ဘေးကင်းပြီး အာဟာရပြည့်စုံသော အစားအစာများ   ထုတ်လုပ်ခြင်း၊   အစားအစာဆုံးရှုံးမှုများ လျှော့ချခြင်း၊  အစားအသောက် ဘေးကင်းရေးနှင့် ကျန်းမာရေးကို ဦးစားပေးခြင်း၊ Corporate Social Responsibility (CSR) လုပ်ငန်းများ မြှင့်တင်ခြင်း၊ စားရေရိက္ခာ ထုတ်လုပ်မှုဆိုင်ရာ အသိပညာပေးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်း၊ အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးနှင့် သုတေသန အဖွဲ့အစည်းများနှင့်   တောင်သူလယ်သမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင်  ဆက်စပ်ပတ်သက်သူများ အားလုံးကျယ်ပြန့်စွာ  ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စားရေရိက္ခာဖူလုံရေးနှင့်  ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ထုတ်လုပ်နိုင်ပြီး  နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။   ။