မျိုးရိုးလိုက်ရောဂါများအကြောင်း

မျိုးရိုးလိုက်ရောဂါများအကြောင်း

မိဘမှာ မျိုးရိုးလိုက်တဲ့ရောဂါရှိနေရင် မိမိလည်း အဲဒီလိုရောဂါမျိုး မဖြစ်အောင် ကာကွယ်ထား သင့်ပါတယ်။ ကမ္ဘာပေါ်ရှိ လူသားအားလုံးရဲ့ ထက်ဝက်ခန့်က ဘဝရဲ့တစ်ချိန်ချိန်မှာ မျိုးရိုးလိုက်တာ ကြောင့် ဝေဒနာ တစ်မျိုးမျိုး ခံစားရတတ်ပါတယ်။ ဒါပေမဲ့ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ထား နိုင်ရင် စိတ်ပူပန်စရာ နည်းသွားနိုင်ပါတယ်။ မိဘဆွေမျိုးတွေမှာ ဖြစ်တဲ့ရောဂါတွေက မျိုးရိုးလိုက်ပြီး မိမိမှာရောဂါရဖို့ အခြေအနေဖြစ်အောင် လှုံ့ဆော်မှုပေးနေတဲ့ အခြေအနေတွေရှိပါ တယ်။ ဥပမာအားဖြင့် ဆေးလိပ်သောက်တာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေစားတာ စတာတွေဖြစ်ပါတယ်။

မျိုးရိုးလိုက်တဲ့ ရောဂါတွေအကြောင်း ပြောရရင် ဆီးချိုရောဂါအကြောင်း ဦးစွာပြောလိုပါတယ်။ ဆီးချို ရောဂါက မျိုးရိုးလိုက်တတ်ပါတယ်။ မိဘ ဆွေမျိုးတွေမှာ အမျိုးအစား(၂) ဆီးချိုရှိနေရင် မိမိသွေးထဲက သကြား ဓာတ်ဘယ်လောက်ရှိသလဲဆိုတာကို စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။ မိမိက အဝလွန် နေတာ ဒါမှမဟုတ် သွေးတိုးရောဂါလို ဆီးချိုရောဂါ ဖြစ်နိုင်ခြေများတဲ့ရောဂါရှိနေရင် ကိုယ့်မှာ ဆီးချို ရောဂါရှိနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ကိုယ်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေစားပြီး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ နေထိုင်သူဖြစ်ရင် ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ဆီးချိုရောဂါမဖြစ်အောင် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သင့်တယ်။ တစ်ကြိမ်ကို မိနစ် ၃ဝ ခန့် တစ်ပတ်ကို ငါးကြိမ် လေ့ကျင့်ခန်းပြုလုပ်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ၅ ရာခိုင်နှုန်းလောက် လျှော့ချလိုက်ရုံနဲ့ ဆီးချို ရောဂါဖြစ်နိုင်ခြေ ထက်ဝက်ခန့်လျော့နည်းသွားနိုင်ပါတယ်။

အလေးမလေ့ကျင့်ခန်းက ဆီးချိုအမျိုးအစား(၂) ရောဂါကို ကာကွယ် နိုင်တယ်။ အလေးမ လေ့ကျင့်ခန်း လုပ်တာကြောင့် ကြွက်သားထုတည် ဆောက်နိုင်ပြီး ရောင်ရမ်းမှုကို လှုံ့ဆော်တဲ့ သွေးတွင်း ပရိုတင်း အဆင့်ကို ထိန်းချုပ်နိုင်လို့ ဆီးချိုဖြစ်နိုင်ခြေ လျော့ကျသွားတယ်။ အလေးမလေ့ကျင့် ခန်းပြုလုပ်ပြီးတိုင်း အဆီမပါတဲ့ နွားနို့နှစ်ခွက်သောက်တဲ့ အမျိုးသမီးတွေက နွားနို့မသောက်တဲ့ အမျိုးသမီးတွေထက် အဆီပိုလျော့ပြီး ကြွက်သားတွေ ပိုများလာတယ်လို့ ကနေဒါ သုတေသီက ဆိုပါတယ်။

နှလုံးရောဂါကလည်း မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် မိသားစုဝင် ထဲမှာ တစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး အသက် ၅၅ နှစ်မတိုင်မီ နှလုံးရောဂါခံစားရသူရှိရင် မိမိအနေနဲ့လည်း နှလုံးရောဂါ အတွက် ဆရာဝန်နဲ့တိုင်ပင်ပြီး ကြိုတင်စစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း နေသင့် ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာ၊ ဆေးလိပ်မသောက်တာ၊ ကျန်းမာရေးနဲ့အညီ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းပြီး လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်အများ အပြားစားတာ၊ Omega-3 မှီဝဲတာ ပြုလုပ်သင့်ပါတယ်။

သွေးတွင်းမှာ ကိုလက်စထရော စုဆောင်းမှုများနေရင် သွေးကြောတွေထဲမှာ ပိတ်ဆို့မှုဖြစ်ပြီး နှလုံးသွေး ကြောရောဂါ ဖြစ်လာနိုင်ပါတယ်။ တချို့ လူတွေမှာ သွေးတွင်းကို လက်စထရောများတာက မျိုးရိုး လိုက်တဲ့ ပြဿနာကြောင့်ဖြစ်ပြီး အစားရှောင်တာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ကိုလက်စထရောကို မလျှော့ချနိုင်ပါဘူး။ ဒီလိုရောဂါမျိုးကို Familial Hypercholesterolemia(FH) လို့ခေါ်ပါတယ်။ FH ရောဂါရှိသူရဲ့ ၈၀ ရာခိုင်နှုန်းက နှလုံးရောဂါမဖြစ်ပေါ်လာခင်အထိ ကိုယ့်မှာရောဂါရှိမှန်း မသိကြပါဘူး။ နှလုံးနဲ့ပတ်သက်တဲ့ သွေးတိုးရောဂါကလည်း အသံတိတ် အခြေအနေမျိုးဖြစ်နေတာကြောင့် သွေးတိုး ရှိနေမှန်း နှစ်ပေါင်းများစွာ မသိရှိဘဲ နေတတ်ကြပါတယ်။ ကျန်းမာရေးစစ်ဆေးတိုင်း သွေးတွင်း ကိုလက်စထရောနဲ့ သွေးဖိအားတိုင်းတာမှုတွေ ပြုလုပ်သင့်ပါတယ်။

အလုပ်ကြောင့် စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။ ဒိန်းမတ်နိုင်ငံမှာရှိတဲ့ အမျိုးသမီးပေါင်း ၁၂ဝဝဝ ကျော်ကို သုတေသနပြုလေ့လာမှုအရ အလုပ်မှာ စိတ်ဖိစီးမှုအနည်းငယ်များသူတွေက နှလုံး သွေးကြော ကျဉ်းတဲ့ ရောဂါဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းပိုများလာပြီး အလုပ်မှာ စိတ်ဖိစီးမှု အလွန်များတယ်လို့ပြောတဲ့ အမျိုးသမီးတွေမှာ ရောဂါဖြစ်နိုင်ခြေ ၄၅ ရာခိုင်နှုန်းအထိ ပိုများပါတယ်။ ဗြိတိန်မှ အလုပ်သမားပေါင်း ၆ဝဝဝ ကျော်ကို သုတေသနပြုလုပ်ချက်အရ တစ်ရက်ကို ၁၁ နာရီ ဒါမှမဟုတ် ၁၂ နာရီ အလုပ် လုပ်ရတဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ ၅၆ ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရှိရပါတယ်။

အူမကြီးကင်ဆာက မျိုးရိုးလိုက်ပါတယ်။ မိသားစုဝင်အများအပြားမှာ အူမကြီးကင်ဆာရှိနေပြီး သူတို့က လည်း အသက် ၂၅ နှစ်အောက်မှာ ရောဂါရှိမှန်းစတင်သိရှိခဲ့ရင် မိမိမှာလည်း မျိုးရိုးလိုက်နိုင်ခြေများပါ တယ်။ ရောဂါဖြစ်နိုင်ခြေ လျော့နည်းစေဖို့ စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ အသက် ၅ဝ အရွယ်မှာ လူတိုင်းဝမ်းသွားတဲ့အခါ သွေးပါ၊ မပါ စစ်ဆေး သင့်ပါတယ်။ လိုအပ်ရင် အူမကြီးအတွင်း မှန်ပြောင်းနဲ့ စစ်ဆေးရပါမယ်။ ဗီတာမင်ဒီ အများအပြားရရှိအောင် ရယူသင့်ပါတယ်။ ဥရောပတိုက် မှ သုတေသန ပြုသူတွေက လူပေါင်း ငါးသိန်းကျော်ကို လေ့လာမှုပြုရာမှာ ဗီတာမင်ဒီ ပမာဏအမြင့်မားဆုံး ရရှိသူတွေက ဗီတာမင်ဒီပမာဏ အနည်းငယ်သာရရှိသူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းတာတွေ့ ရှိခဲ့ကြပါတယ်။ ဗီတာမင်ဒီက အရေပြား အောက်မှာရှိနေတတ်ပြီး နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်တွင်းသို့ ထွက်ရှိလာပါတယ်။ မိမိအနေနဲ့ နေရောင်ခြည်နဲ့ လုံလုံလောက်လောက် ထိတွေ့မှုမရှိနိုင်ရင် ဗီတာမင်ဒီအားဖြည့် ဆေးမှီဝဲဖို့ ဆရာဝန်နဲ့ဆွေးနွေး သင့်ပါတယ်။

ငါးများများစားသင့်ပါတယ်။ ဆယ်လ်မွန်ငါး စတဲ့အဆီများတဲ့ ငါးမျိုး ကို စားပေးရင် Omega-3 အဆီ မြန်မြန်ရရှိစေပါတယ်။ အမေရိကန်နိုင်ငံမှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ Omega-3 အဆီအမြင့်မားဆုံး ရရှိသူတွေက အဆီနည်းသူတွေထက် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ထက်ဝက်ခန့် လျော့နည်းစေပါတယ်။

ရင်သားကင်ဆာက မျိုးရိုးလိုက်ပါတယ်။ ရင်သားကင်ဆာအမျိုး အစားတချို့က ဘီအာစီအေဝမ်းနဲ့ ဘီအာစီအေတူး မျိုးရိုးဗီဇချို့ယွင်းမှု ကြောင့်ဖြစ်ပြီး မိဘကနေ မျိုးရိုးလိုက်တတ်ပါတယ်။ ဒါကြောင့် မိမိရဲ့ အစ်မနဲ့ အဖေဘက်က အဘွား၊ အဒေါ်နဲ့ညီအစ်မဝမ်းကွဲတွေမှာ ရောဂါ ရှိ၊ မရှိ သိရှိဖို့လိုပါတယ်။ ကိုယ့်မှာ ရင်သား ဒါမှမဟုတ် မမျိုးဥအိမ် ကင်ဆာနဲ့ပတ်သက်ပြီး ရောဂါရှိသူတစ်ယောက် ဒါမှမဟုတ် တစ်ယောက် ထက်ပိုတဲ့ မျိုးရိုးရှိနေရင် မိမိမှာလည်း ရောဂါဖြစ်နိုင်ခြေများပါတယ်။ ကိုယ်အလေးချိန် လျှော့ချသင့်ပါတယ်။ ကနေဒါနိုင်ငံက အမျိုးသမီး တွေကို လေ့လာရာမှ ဘီအာစီအေဝမ်း ချို့ယွင်းပြီး အသက် ၁၈ နှစ် ကနေ ၃ဝ နှစ်ကြားရှိတဲ့ ကိုယ်အလေးချိန် ၁ဝ ပေါင်လျှော့ချနိုင်တဲ့ အမျိုးသမီးတွေက အသက် ၃ဝ နှစ်ကနေ ၄ဝ နှစ်ကြား အမျိုးသမီးတွေ ထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်းလျှော့ချနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဘီအာစီအေဝမ်း မျိုးရိုးဗီဇကို သယ်ဆောင်ထားပြီး အသက် ၁၈ နှစ်ကနေ ၃ဝ နှစ်ကြား ကိုယ်အလေးချိန်မြင့်တက်ပြီး ကလေးနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက် ပိုမွေးထားသူတွေက ရင်သား ကင်ဆာဖြစ်နိုင်ခြေ ၄၄ ရာခိုင်နှုန်း ပိုများတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

မွေးကင်းစကလေးငယ်ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်သင့်ပါတယ်။ အမေရိကန်မှ အမျိုးသမီး ပေါင်းတစ်သိန်းကျော်ကို လေ့လာမှု ပြုရာမှာ မိမိမျိုးရိုးထဲမှာ ရင်သားကင်ဆာရောဂါရှိသူတွေ များပေမယ့် မိမိကိုယ်တိုင် ကလေးကို မိခင်နို့တိုက်ကျွေးသူတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၅၉ ရာခိုင်နှုန်းလျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

စိတ်ကြွလိုက်၊ စိတ်ကျလိုက် ဒါမှမဟုတ် စိတ်ကစဉ့်ကလျားရောဂါ လိုမျိုးစိတ်ရောဂါဖြစ်နိုင်ခြေက တစ်နေရာမှာ တစ်ဦးနှုန်းရှိပါတယ်။ မိမိဆွေမျိုးထဲမှာ တစ်ဦး ဒါမှမဟုတ် တစ်ဦးထက်ပိုပြီး စိတ်ရောဂါ ရှိသူ ရှိနေရင် မိမိမှာလည်း ရောဂါဖြစ်နိုင်ခြေများပါတယ်။ မိမိအစ်ကို ဒါမှမဟုတ် အစ်မမှာ စိတ်ကစဉ့် ကလျားရောဂါရှိနေရင် မိမိမှာလည်း အဲဒီရောဂါဖြစ်နိုင်ခြေ ရာခိုင်နှုန်းရှိပြီး ကိုယ့်မိဘတစ်ယောက်မှာ စိတ်ကစဉ့်ကလျားရောဂါရှိရင် မိမိမှာရောဂါဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း အထိ မြင့်တက်သွားပါတယ်။ မိမိရဲ့ သွေးသားရင်းချာထဲမှာ စိတ်ကြွ၊ စိတ်ကျရောဂါရှိသူရှိနေရင် မိမိမှာ ရောဂါဖြစ်နိုင်ခြေ ရာခိုင်နှုန်း နည်းပြီး မိဘတစ်ယောက်ယောက်မှာ စိတ်ကြွ၊ စိတ်ကျရောဂါရှိနေရင် ရောဂါဖြစ်နိုင်ခြေ ရာခိုင်နှုန်း များနိုင်ပါတယ်။ တခြားသူတွေထက် စိတ်ရောဂါဖြစ်နိုင်ခြေ မြင့်မားသူဖြစ်နေရင် ပုံမှန်လေ့ကျင့်ခန်း လုပ်တာ၊ မိမိစိတ်နေစိတ်ထား ပြောင်းလဲစပြုနေတာကို ဂရုစိုက်ပြီး ပြုပြင်တာနဲ့ လိုအပ်ရင် သူငယ်ချင်း၊ မိတ်ဆွေတွေထံကနေ အကူအညီရယူနိုင်ပါတယ်။

ဆေးလိပ်သောက်ရင် စိတ်ရောဂါဖြစ်နိုင်ခြေရှိသူတွေကို ကစဉ့်ကလျားဖြစ်အောင် လှုံ့ဆော်နိုင်သလို အရက်အလွန်အကျွံ သောက်တာကြောင့် စိတ်ကျရောဂါလက္ခဏာတွေ သိသာထင်ရှားစေပါတယ်။ ဆေးလိပ်ငွေ့ ဒဏ်ခံရသူတွေက စိတ်ရောဂါစွဲကပ်နိုင်ခြေ ၄၄ ရာခိုင်နှုန်းပိုများတယ်လို့ ဖင်လန် သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။

ဒေါက်တာလွင်သန့်

Dates: 
Wednesday, October 23, 2024 - 08:51