၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၄ ရက်တွင် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၆၂)သင်တန်း ဆင်းပွဲ၊ ဒီဇင်ဘာ ၇ ရက်တွင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်း ပွဲနှင့် ဒီဇင်ဘာ ၁၁ ရက်တွင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၁)သင်တန်းဆင်း ပွဲများ ကျင်းပခဲ့ပြီးဖြစ်သည်။ သင်တန်းဆင်းဗိုလ်လောင်းများသည် တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိ ခေါင်း ဆောင်ငယ်များအဖြစ် ကျရာတာဝန် ထမ်းဆောင်ကြရတော့မည်။ လူငယ်များပင်ဖြစ်သော်လည်း သင်ကြား တတ်မြောက်ထားသော ပညာရပ်များ၊ အရည်အချင်းများအရ ခေါင်းဆောင်တာဝန် ပေးအပ်ခံရခြင်းဖြစ်သည်။ သင်တန်းဆင်းပွဲများတွင် လူငယ်တို့၏တက်ကြွသော အားမာန်ကို တွေ့မြင်ကြရသူတိုင်း ကြည်နူးရွှင်လန်း ဝမ်းမြောက်ကြသည်။ တက္ကသိုလ်အသီးသီး၏ သင်ကြားပို့ချပေးလိုက်သော ပညာရပ်များကို လက်တွေ့နယ် ပယ်တွင် အသုံးပြုရပေမည်။ တပ်မတော်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်နေကြသူ လူငယ်မှန်သမျှသည် ပြည်သူလူထုမှမွေးဖွားသော ပြည်သူတို့၏ သားသမီးများပင်ဖြစ်သည်။ ပြည်သူလူထု၏ အကျိုးစီးပွားကို ထာဝစဉ်ဦးထိပ်ပန်ဆင်ထားသည်။ တပ်မတော်သည် ပြည်သူ့အတွက်ဖြစ်သည်နှင့်အညီ ထိုလူငယ် ခေါင်း ဆောင်များ၏ စွမ်းပကားသည်လည်း ပြည်သူလူထုအတွက်သာဖြစ်ပေသည်။ တပ်မတော်သည် ပြည်သူလူထု နှင့်တစ်ဆက်တည်းရှိနေပြီး ပြည်သူလူထုအတွက် အမျိုးအစားပိုမိုကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိသည်။
ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုစကားနှင့်အညီ သူတို့သည်လည်း လှေကားထစ်များကဲ့သို့ တဖြည်းဖြည်း ချင်းအမြင့်သို့ ရောက်ရှိအောင် လှမ်းတက်ကြရပေမည်။ တစ်ဆင့်မြင့်တာဝန်များကို ထမ်းဆောင်ရင်းနှင့် နောင်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးကြရပေမည်။ အမွေပေးသူနှင့် အမွေဆက်ခံသူဆိုသည်မှာ နေရာတိုင်းတွင်ရှိစမြဲဖြစ်သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်မှုသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေ သည်။ တပ်မတော်သားများဖြစ်သည့်အတွက် အခြေခံအကျဆုံးမှာ စိတ်ဓာတ်ဖြစ်သည်။ တပ်မတော်သို့ ဝင်ရောက် လာသူတိုင်းသည် မိမိတို့၏ ပင်ကိုစိတ်ဓာတ်ဖြင့် ဝင်ရောက်လာကြသူများသာဖြစ်သည်။ စိတ်ဓာတ် ပိုင်းဆိုင်ရာတွင် တိုက်ပွဲဝင်စိတ်ဓာတ်မျိုးဖြင့် ဝင်လာကြခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ နိုင်ငံနှင့်လူမျိုးကောင်း ကျိုးကိုသယ်ပိုးမည်၊ ဆိုးကျိုးမကြုံရအောင် ကာကွယ်စောင့်ရှောက်မည်ဟူသော စိတ်ဓာတ်ဖြင့် တာဝန်ထမ်း ဆောင်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် တပ်မတော်သားအားလုံးသည် ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ် စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်းကူညီလိုသည့် စိတ်ဓာတ်၊ ရဲဘော် ရဲဘက်စိတ်ရှိကြလေသည်။
စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်တို့မှ ကျောင်းဆင်းအရာရှိ များသည် တပ်မတော်နှင့် နိုင်ငံတော်အတွက် အားထားရသောခေါင်းဆောင်များဖြစ်စေရန် တက္ကသိုလ်များက လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ရန် ရှိရမည့်အရည်အချင်းများ လည်း လိုက်နာစောင့်ထိန်းလုပ်ဆောင်ကြရန် လေ့ကျင့်ပေးပြီးဖြစ်ပေသည်။ ခေါင်းဆောင်ဖြစ်သွားသည်နှင့် ကောင်းသော အပြုအမူကို ပြုမူကြရတော့မည်ဖြစ်သည်။ မကောင်းသော အပြုအမူကိုပြုမူလျှင် မိမိ၏ တိုးတက်မှုကို ဆုတ်ယုတ်ထိခိုက်စေနိုင်သည်။ မကောင်းမှုကိုရှောင်ရန် အရည်အချင်းမှာ မကောင်းမှုနှင့် ကောင်းမှုတွင် မကောင်းမှုဘက်သို့သာ နွယ်တတ်သောစိတ်ကို ထိန်းချုပ်နိုင်ရမည်ဖြစ်သည်။ မကောင်းမှုကို ရှောင်ခဲ့လျှင်ပြုသမျှသည် ကောင်းမှုများသာဖြစ်နိုင်လေသည်။ မိမိစိတ်ကို ချုပ်တည်းနိုင်ခြင်းသည် အောင်မြင် မှု၏လမ်းစကို တွေ့မြင်ရခြင်းဖြစ်သည်။
ခေါင်းဆောင်မှုတွင် အကျင့်စာရိတ္တကောင်းရမည်။ စိတ်ဓာတ်ကောင်းရမည်။ သစ္စာရှိရမည်ဟူသော အချက် များဖော်ပြထားသည်။ စာရိတ္တကောင်းသူတစ်ဦးသည် ချစ်ခင်သူများပြားပေမည်။ စာရိတ္တကောင်းခြင်းသည် တစ်သက်တာအတွက်ပင်ဖြစ်လေသည်။ အကျင့်ကောင်းခြင်းသည် စိတ်ကောင်းမှထွက်ပေါ်လာခြင်းဖြစ်သည်။ စိတ်ဓာတ်ကောင်းသူသည် အတတ်ပညာထူးချွန်သူထက် ပေါင်းသင်းအပ်သော မိတ်ဆွေဖြစ်လေသည်ဟု ပညာရှင်များ ရေးသားကြသည်။ တပ်မတော်တက္ကသိုလ်များမှ မွေးထုတ်လိုက်သော အရာရှိ ခေါင်းဆောင် ငယ်များသည် နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်အတွက် တိုးတက်မြင့်မား ပြည့်အင်အားအဖြစ် မြဝတီက ဂုဏ်ယူလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။ ။