(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ကြိုဆို

 

(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ကြိုဆို

 

ရန်ကုန်   အောက်တိုဘာ   ၂၄

၂၀၂၄  ခုနှစ် (၂၅)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များသည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ယနေ့နေ့လယ်ပိုင်းတွင် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက  သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

အဆိုပါကြိုဆိုပွဲကို ရန်ကုန်မြို့  မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ကျင်းပရာ   ရှေးဦးစွာ ၂ဝ၂၄ ခုနှစ် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)တွင်    ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု  ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Video Clip အား ပြသခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများအား ဂုဏ်ပြုငွေများပေးခဲ့သည်။

ထို့နောက်  (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင်   ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင် ခဲ့ကြသူများက ရွှေရောင်လွှမ်းခြုံတိုင်း ရန်ကုန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၂ဝ၂၄ ခုနှစ် (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု   အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ဦးဆောင်ပြီး ပြိုင်ပွဲဝင် ၂၅၈ ဦးဖြင့် နေပြည်တော်တွင် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၆၅ ဆု၊ ငွေတံဆိပ် ၄၃ ဆု၊ ကြေးတံဆိပ် ၁၉ ဆု၊  ဂုဏ်ပြုဆု ၁ ဆု စုစုပေါင်း ၁၂၈ ဆုရရှိခဲ့ကြောင်း သိရသည်။