သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၄ ခုနှစ်) အဋ္ဌမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး

သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၄ ခုနှစ်) အဋ္ဌမအကြိမ် အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ- ၂၅

တပ်မတော်အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (၂၀၂၄ ခုနှစ်) “Conference on Science and Technology Development – 2024” ကို အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ပိတ်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် အဆင့်မြင့် စာပေပညာဗဟိုဌာန ငါးထပ်စာသင်ဆောင်၌ ကျင်းပပြုလုပ်ကြသည်။

အဆိုပါကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ် ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်း များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကိုယ်တိုင်လာရောက် စာတမ်းမဖတ်ကြား နိုင်သော Keynote Speaker များ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ် များနှင့် ပါမောက္ခများက Video Conferencing ဖြင့် အခမ်းအနားသို့ တက်ရောက်ကြသည်။

၂ ရက်တာ ကွန်ဖရင့်ကျင်းပစဉ်ကာလအတွင်း ဖိတ်ကြားထားသော နိုင်ငံခြားသား ပညာရှင် (Keynote Speaker) ၄ ဦးက စာတမ်း ၄ စောင်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနစာတမ်းရှင် ၁၀၂ ဦးက စာတမ်း ၁၀၂ စောင် စုစုပေါင်း သုတေသနစာတမ်း ၁၀၆ စောင် ဖတ်ကြားနိုင်ခဲ့ပြီး ပိုစတာ ၂၃ စောင်ကို ပြသနိုင်ခဲ့သည်။

သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်ကို ၂၀၁၆ ခုနှစ်မှစပြီး နှစ်စဉ် ကျင်းပခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ကိုဗစ် - ၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပြန်လည်ကျင်းပခဲ့သည်။ ၂၀၂၃ ခုနှစ်တွင်  သတ္တမအကြိမ်မြောက်ကျင်းပခဲ့ပြီး ယခု အကြိမ်သည် အဋ္ဌမအကြိမ်မြောက် ကျင်းပသည့် ကွန်ဖရင့်ဖြစ်သည်။

သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(၂၀၂၄ ခုနှစ်)တွင် အကောင်းဆုံး စာတမ်းဆု ၆ ဆုနှင့် အကောင်းဆုံးပိုစတာဆု ၂ ဆု ပေးအပ်ချီးမြှင့်ရာ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်တို့မှ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က အမှာစကားပြောကြားပြီးနောက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၄ ခုနှစ်)ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။