တသွင်သွင်စီးဆင်း မြစ်မင်းဧရာသို့ပမာ

 

တသွင်သွင်စီးဆင်း မြစ်မင်းဧရာသို့ပမာ

 

    နိုင်ငံတော်ကာကွယ်ရေး တာဝန်ဟာ   နိုင်ငံသားတိုင်း မဖြစ်မနေထမ်းဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသားတိုင်းအနေနဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေရှိသလို ထမ်းဆောင်ရမယ့် တာဝန်တွေလည်းရှိနေပါတယ်။ နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်ရဲ့တာဝန်ကို ဝေပုံကျထမ်းဆောင်ပြီး ဝတ္တရားအလိုက် ခံစားထိုက်တဲ့အခွင့်အရေးတွေကို ခံစားပိုင်ခွင့်ရှိသူတစ်ဦးဖြစ်ပါတယ်။ နိုင်ငံသားအဖြစ် ခံယူသူမှန်သမျှ နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်ရမည့်တာဝန်၊ နိုင်ငံတော်က ပေးစွမ်းနိုင်တဲ့အခွင့်အရေး ဟူသမျှကို  ခံစားခွင့်ရှိကြောင်းကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း သတ်သတ်မှတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

အကယ်၍ နိုင်ငံသားတစ်ဦးမှာ ထမ်းဆောင်ရမယ့် တာဝန်တွေပျက်ကွက်နေရင်   တရားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရနေပေမယ့် နိုင်ငံသားဖြစ်ထိုက်တဲ့ အရည်အချင်းမရှိသူအဖြစ်   သတ်မှတ်ရမှာဖြစ်ပါတယ်။

‘‘ နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်ကို တန်ဖိုးထားလေးစားခြင်း၊ အများ၏ အကျိုးအတွက် စိတ်ရော ကိုယ်ပါဆောင်ရွက်ခြင်း၊ တရားဥပဒေအရ လိုက်နာဆောင်ရွက်ခြင်း၊ အသိဉာဏ်နှင့် ယှဉ်၍  ရိုးသားဖြောင့်မတ်စွာ ဆန္ဒမဲပေးခြင်း စသည့်ပြည်သူ့တာဝန်များကို သိရှိနားလည်ပြီး လိုက်နာကြရမည့်အပြင် နိုင်ငံတော်၏အကျိုးစီးပွား ပျက်ပြားစေမည့် ပြည်တွင်းရန်၊ ပြည်ပရန်ဟူသမျှကို ကာကွယ်တွန်းလှန်တိုက်ဖျက်ရမည်ဟူသော သဘောထား၊  နိုင်ငံ၏ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိစွမ်းဆောင်နိုင်သည့် ဘက်မှ ပါဝင်ဆောင်ရွက်ရမည် ဟူသော  သဘောထားများ ရှိရပေမည်’’ လို့   ရင်နှစ်သည်းချာ နိုင်ငံ့ရတနာစာအုပ်မှာ   ဖော်ပြထားပါတယ်။

ဆိုလိုရင်းကတော့ ရှင်းပါတယ်။  ပြည်တွင်းရန်၊ ပြည်ပရန်ဟူသမျှကို ကာကွယ်တွန်းလှန် တိုက်ဖျက်ခြင်းမှာ   နိုင်ငံသားတစ်ဦး အနေဖြင့်  မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ဆိုထားပါတယ်။   ဒီကနေ့နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေဟာ နိုင်ငံ့သားကောင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာမည်သူ တစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်မှမပါဘဲ တပ်မတော်မှာ ဝင်ရောက်တာဝန် ထမ်းဆောင်နေကြသူတွေ  ဖြစ်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံအတွက်မရှိမဖြစ်တဲ့ အဖွဲ့အစည်း တစ်ရပ်ဖြစ်ပါတယ်။  တပ်မတော်ရဲ့အင်အားဟာ   အမြဲတမ်းတောင့်တင်း ခိုင်မာနေရပါတယ်။

ကျစ်ကျစ်လျစ်လျစ်ရှိနေရပါမယ်။ အဲဒီလိုဖြစ်နေဖို့အတွက် စိတ်ဓာတ်အားဖြင့် ကြံ့ခိုင်နေရပါမယ်။ မိမိတို့ဆန္ဒနဲ့ တပ်မတော်ထဲကို   ဝင်ရောက်နေသူတွေကြောင့် တပ်မတော်ရဲ့အင်အား ရှိနေတာဖြစ်ပေမယ့် အကယ်၍   တပ်မတော်သို့ဝင်ရောက် အမှုထမ်းရန်ဆန္ဒပြုသူ နည်းပါးလာခဲ့လျှင်ဆိုတဲ့  ကြိုတင်တွေးခေါ်မှုကိုလည်း ရှိထားကြရမှာဖြစ်ပါတယ်။

အဓမ္မဝါဒီအဖျက်သမားတွေ  ကြီးထွားမလာမီ ဓမ္မဝါဒီတွေ များပြားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပထမဦးဆုံးဖွင့်လှစ်ခဲ့တဲ့   ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှာ သူ့ထက်ငါစာရင်း ပေးသွင်းကြပါတယ်။   စာရင်းပေးသွင်းသူ များပြားလှတဲ့အတွက် နောက်သင်တန်း အပတ်စဉ်တွေမှာ ဆက်လက်တက်ရောက်ကြဖို့ စီစဉ်ပေးထားရပါတယ်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)သင်တန်းကို ၂ဝ၂၄ ခုနှစ် ဧပြီလ   ၈  ရက်မှာ  တိုင်းစစ်ဌာနချုပ်တွေအလိုက် အောင်မြင်စွာဖွင့်လှစ်ခဲ့ပါတယ်။ ယခုဆိုရင် အောက်တိုဘာလ ၂၁ ရက်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆) အထိဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်းရဲ့ သင်တန်းဖွင့်ပွဲတွေ၊ သင်တန်းဆင်းပွဲတွေကို တိုင်းစစ်ဌာနချုပ် အသီးသီးမှာ သတ်မှတ်ရက်တွေအတိုင်း   တစ်ပြိုင်တည်း ကျင်းပနေတာဖြစ်ပါတယ်။ သင်တန်းပြီးမြောက်တဲ့ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများဟာ တာဝန်ကျရာ  တပ်ရင်း/တပ်ဖွဲ့အသီးသီးမှာ  နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို   ဦးလည်မသုန်    ကျေပွန်စွာ ထမ်းဆောင်နေကြပါပြီ။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်   နိုင်ငံသားတိုင်းမှာ တာဝန်ရှိတဲ့အတွက်   အဲဒီတာဝန်တွေကို  ဦးလည်မသုန်ထမ်းဆောင်နိုင်ဖို့အတွက် စစ်ပညာသင်ကြားရန် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ယခင် ၂ဝ၁ဝ ပြည့်နှစ်ထဲက ရေးဆွဲပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်မှာ စတင်အာဏာတည်စေခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ကမ္ဘာ့အခြေအနေကို လေ့လာကြည့်ရင် မိမိနိုင်ငံရဲ့ ကာကွယ်ရေးအင်အားကို ခိုင်မာသည် ထက်ခိုင်မာအောင်၊   တောင့်တင်းသည်ထက် ပိုမိုတောင့်တင်းအောင်  တည်ဆောက်ဖို့ လိုအပ်နေပြီဆိုတာ   တွေ့မြင်သိရှိနိုင်ပါတယ်။  ကာကွယ်ရေး အင်အားမှာဘက်ပေါင်းစုံက ဖြည့်တင်းထားဖို့ လိုအပ်နေပါတယ်။ လူ၊ လက်နက်၊ ခေတ်မီနည်းပညာတွေကို အခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်အောင်၊ ထိုမှတစ်ဆင့် သာလွန်အောင်လုပ်ဆောင် ထားဖို့လိုအပ်နေပြီဖြစ်ပါတယ်။                                     

ဘက်စုံစစ်ပွဲအသွင် ကျူးကျော်ခြင်းများကို တန်ပြန်ကာကွယ်ဖို့ အတွက် လူငယ်တွေမှာ ကာကွယ်ရေး အသိပညာ၊ အတတ်ပညာတွေ ပြည့်ဝတတ်မြောက်နေဖို့ လိုအပ်ပါတယ်။ လူငယ်ဆိုတာတက်ကြွတယ်။ မခံချင်စိတ် ပြင်းထန်တယ်။ သာမန်အရပ်သားတစ်ဦး ထက်  တပ်မတော်သားတစ်ဦး ဖြစ်လာတဲ့အခါမှာ နိုင်ငံနဲ့လူမျိုးချစ်တဲ့စိတ်က ပိုမိုပြင်းထန်လာပါတယ်။

သူတစ်ပါးကို ရန်စစော်ကားဖို့မဟုတ်ဘဲ မိမိနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရှည်ကြာနေစေဖို့၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိဖို့ စိတ်ဓာတ်တွေ ပိုမိုများပြားလာပါတယ်။

တစ်ယောက်တစ်နယ်စီကနေ လာကြတာဖြစ်ပေမယ့်   ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းပြီးလို့ တပ်မတော်သား ဖြစ်လာကြတဲ့အခါမှာ  တကယ့်ကို ညီရင်းအစ်ကိုတွေလို စိတ်ထားဖြစ်သွားပါတယ်။

ရဲဘော်စိတ်ပြည့်ဝ သွားကြပါတယ်။   ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ကျည်တစ်တောင့်၊ လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်း ကူညီလိုသည့်စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်တွေဟာ သူ့အလိုလို ဖြစ်ပေါ်လာခဲ့ပါတယ်။  အဲလိုမျိုးဖြစ်စေဖို့အခြေခံ စစ်ပညာသင်တန်းကျောင်းတွေက သင်ကြားပို့ချပေးလိုက်ပြီး ဖြစ်ပါတယ်။ တပ်မတော်သားတိုင်းသာ နားလည်နိုင်တဲ့   ရဲဘော်စိတ်ဆိုတာရှိပါတယ်။

‘‘ ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ် ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှုတရားပင်ဖြစ်၏’’ လို့  အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

တပ်မတော်သားတွေ အနေနဲ့ မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားတွေထား ရှိရင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြတာမို့   တပ်မတော်ဟာဒီကနေ့တိုင် နိုင်ငံအတွက်  ကျစ်လျစ်ခိုင်မာတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ အခုဆိုရင်ပြည်သူ့ စစ်မှုထမ်း သင်တန်းသားတွေကလည်း မိမိတို့တာဝန်ကျရာ တပ်ရင်း၊  တပ်ဖွဲ့တွေမှာ ‘‘ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်’’  ‘ဆိုတဲ့စိတ်ဓာတ်နဲ့ အထက်ကပေးအပ်လာတဲ့ အမိန့်နဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားရတဲ့ ဧရာဝတီမြစ်ရေဟာ   အလျဉ်မပြတ် စီးဆင်းနေပါတယ်။

နွေမိုးဆောင်းရာသီမရွေး စီးဆင်းလျက်ရှိနေသလို တပ်မတော်သားတွေဟာ   နိုင်ငံတော်အတွက် စဉ်ဆက်မပြတ် တာဝန်ထမ်းဆောင်လျက် ရှိကြပါတယ်။ ပြည်သူ့စစ်မှုထမ်းအဖြစ် စဉ်ဆက်မပြတ်ဝင်ရောက်တာဝန် ထမ်းဆောင်နေကြတာဟာ  ဧရာဝတီမြစ်ရေ အလျဉ်မပြတ်စီးဆင်း နေသလိုပါပဲ။ ဒါ့ကြောင့်  စဉ်ဆက်မပြတ်  နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့   ပြည်သူ့စစ်မှုထမ်း လူငယ်များကိုလည်း တသွင်သွင်စီးဆင်း မြစ်မင်းဧရာသို့ပမာ နိုင်ငံအတွက် အဖိုးတန်လှပါကြောင်း   ဂုဏ်ပြုရေးသား လိုက်ပါတယ်။      ။