ကွန်ပျူတာနှင့် ကျန်းမာရေးပြဿနာ
၂၁ ရာစုမှာ ကွန်ပျူတာနဲ့ အိုင်တီ(IT)ခေတ် ရောက်နေပါပြီ။ ကွန်ပျူတာတစ်လုံးရှေ့မှာ တစ်နေကုန်ထိုင်ပြီး နေ့စဉ်နဲ့အမျှ အလုပ်လုပ်နေသူတွေက ခါးနာတာ၊ လည်ပင်းနာတာ၊ မျက်စိပြဿနာ စတာတွေ ခံစားရနိုင်ပါတယ်။ ရုံးဝန်ထမ်းတွေ၊ ကွန်ပျူတာနဲ့ စာရေး၊ စာရိုက်သူတွေအနေနဲ့ ဒီလိုပြဿနာတွေ မဖြစ်အောင် လိုက်နာနေထိုင်ကြဖို့အကြံပြုအပ်ပါတယ်။
အနေအထား မှန်ကန်သင့်ပါတယ်
ကွန်ပျူတာနဲ့ မျက်စိရဲ့အကွာအဝေးက အရေးကြီးပါတယ်။ကွန်ပျူတာက မျက်စိရဲ့အောက်ဘက် နည်းနည်းနိမ့်နေတာကြောင့် နောက်ကျောနဲ့လည်ပင်းမှာ နာကျင်တာ၊ အပေါ်ဘက်မြင့်နေတာကြောင့် မျက်စိခြောက်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် Computer Screen ထားတဲ့နေရာနဲ့ အနေအထားမှန်ကန်ဖို့အရေးကြီးပါတယ်။
စာလုံးပမာဏကြီးသင့်ပါတယ်ကွန်ပျူတာမှာ ကိုယ်ကြည့်နေကျ စာလုံးပမာဏကို ကြီးတဲ့အနေအထား ပြောင်းသင့်ပါတယ်။ စာလုံးပမာဏ သေးနေတဲ့အခါမျိုးမှာ မျက်စိကအာရုံစိုက်ပြီးကြည့်နေရတာကြောင့် မောပန်းတာနဲ့ ခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။
ရေသောက်သင့်ပါတယ်
ရေသောက်တာက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ အလုပ်စားပွဲမှာရှိတဲ့ရေဘူးကို ရေအမြဲဖြည့်ထားသင့်ပါတယ်။
ဒါမှ ရေသောက်ဖြစ်မှာဖြစ်သလို ဆီးလည်း ထသွားဖြစ်မှာဖြစ်ပါတယ်။ ကွန်ပျူတာရှေ့ကခွာပြီး လမ်းလျှောက်နိုင်ပါတယ်။
(၂၀:၂၀:၂၀)စည်းမျဉ်းလိုက်နာသင့်ပါတယ်
ကွန်ပျူတာကိုပဲ တစ်နေကုန်ကြည့်ပြီး အလုပ်လုပ်နေတဲ့အခါမှာ မျက်စိညောင်းတာမဖြစ်အောင် (၂၀:၂၀:၂၀)စည်းမျဉ်းကို လိုက်နာဖို့ လိုပါတယ်။ မိနစ် ၂၀ ခန့် ကွန်ပျူတာကြည့်ပြီးတိုင်း ပေ ၂၀ ခန့်အကွာကို စက္ကန့် ၂၀ ကြာငေးကြည့်သင့်ပါတယ်။ အလုပ်ကိုနှောင့်နှေးရာမှာ စိတ်မပူသင့်ပါဘူး။ အဲဒီစည်းမျဉ်းကို လိုက်နာလိုက်တာကြောင့် အလုပ်မှာပိုမိုတွင်ကျယ်ပြီး ထိရောက်မှုရှိနေတဲ့ အပြင် မျက်စိအမြင်အာရုံနဲ့ ပတ်သက်တဲ့ပြဿနာတွေကိုလည်း နည်းသွားစေပါတယ်။
သတိပေးနှိုးစက်ထားသင့်ပါတယ်
တစ်နာရီပြည့်တိုင်း သတိပေးတဲ့နှိုးစက်ကို သံပတ်ပေးသင့်ပါတယ်။ အလုပ်ထဲစိတ်ရောက်နေရင် တစ်နာရီပြည့်သွားပေမယ့် အာရုံက အလုပ်ထဲမှာပဲရှိနေတတ်ပါတယ်။ နာရီသံပတ်ပေးထားမယ်ဆိုရင် တစ်နာရီပြည့်တိုင်း ကွန်ပျူတာကနေ မျက်စိခဏခွာဖို့ သတိရနေမှာဖြစ်ပါတယ်။
မျက်စိကို အနားပေးသင့်ပါတယ်
ကွန်ပျူတာကို နေ့စဉ်ကြည့်ပြီး အလုပ်လုပ်ရသူတွေက မျက်စိကို တစ်နေကုန်အနားမပေးဘူးဆိုရင် မျက်စိညောင်းတာသာမက ကွန်ပျူတာကြောင့်ဖြစ်တဲ့ အမြင်ပြဿနာတွေပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ဝေးရာကို ခဏလောက် လမ်းလျှောက်ထွက်ဖို့လိုပါတယ်။
ထိုင်ခုံနေရာမှာ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်
အလုပ်စားပွဲမှာ အလုပ်လုပ်ရင်း လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ရုံးမဆင်းခင် သုံးနာရီလောက်မှာ ထိုင်ခုံမှာပဲထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
ထိုင်ခုံနေရာမှာပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကို လေ့လာကာ ခေါင်း၊ ခါး၊ ခြေ၊ လက်ပါဝင်တဲ့ လေ့ကျင့်ခန်းမျိုး တစ်နာရီကြာတိုင်း ၁၅ မိနစ်ခန့် လုပ်ကိုင်ပေးရင် ကွန်ပျူတာကြောင့်ဖြစ်တဲ့ ကိုက်ခဲတာ၊ မျက်စိမှုန်တာ ကင်းဝေးစေပါတယ်။
ကွန်ပျူတာအသုံးများရင် ကျန်းမာရေးပြဿနာတွေလည်း ရှိသေးလို့ တစ်နေကုန်ထိုင်ပြီး တောက်လျှောက်မကြည့်သင့်ဘူး။ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတတ်ပါတယ်။ ကွန်ပျူတာကို ထိုင်ပြီးအသုံးပြုနေရတာ ဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ ကျောရိုးနဲ့လည်ပင်းမှာရှိတဲ့ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်လာတယ်။ ပခုံးကြွက်သား ကိုက်ခဲလာတယ်။ ခေါင်းမူး၊ ခေါင်းကိုက်လာပါမယ်။
ထိုင်နေတဲ့အခါ လှုပ်ရှားမှုမရှိပေမယ့် ခန္ဓာကိုယ်က တချို့အစိတ်အပိုင်းတွေက အချိန်ကြာကြီး ပုံမှန်အလုပ်လုပ်နေရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးလည်ပတ်မှု နည်းလာမယ်။ နာကျင်မှုတွေခံစားလာရမယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေဖြစ်လာနိုင်ခြေ ပိုမြင့်လာနိုင်ပါတယ်။
- ကွန်ပျူတာ အသုံးပြုဖို့အတွက် သီးသန့် ထုတ်လုပ်ထားတဲ့စားပွဲ၊ ကုလားထိုင်မှာ ထိုင်ပြီး အသုံးပြုသင့်ပါတယ်။
- ကွန်ပျူတာမျက်နှာပြင်က မျက်စိနဲ့တစ်ထပ်တည်း၊ တစ်တန်းတည်း ဒါမှမဟုတ် မျက်စိအောက်နည်းနည်း ရောက်နေသင့်တယ်။
- ထိုင်ခုံမှာထိုင်တဲ့အခါ ကျောရိုးနဲ့လည်ပင်း အရိုးအဆစ်တွေကို ဒဏ်မဖြစ်စေဖို့ သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားနဲ့ ထိုင်သင့်ပါတယ်။
- နာရီဝက်ခြားတစ်ခါ မတ်တတ်ရပ်ပြီး လမ်းထလျှောက်တာ၊ ကွန်ပျူတာနဲ့ အဝေးတစ်နေရာဆီကြည့်တာ၊ အကြောလျှော့တာမျိုး၊ အမြင်လျှော့တာမျိုး လုပ်သင့်ပါတယ်။မျက်စိကိုက်လာတတ်ပါတယ်။ ကွန်ပျူတာ မျက်နှာပြင်ကိုပဲ အချိန်ကြာရှည်စွာကြည့်တဲ့အခါ မျက်စိက ပိုပြီးအားစိုက်ရပါတယ်။ ဒါကြောင့် အချိန်ကြာလာတဲ့ အခါ မျက်စိကဒဏ်ဖြစ်လာပါတယ်။ မျက်စိမှုန်တာ၊ အမြင်အာရုံဝေဝါးတာ၊ အဝေးမှာရှိတဲ့ အရာတွေကို သေချာအားစိုက်ပြီး ကြည့်လို့မရတော့ဘဲ ခေါင်းတွေကိုက်လာပါတယ်။ အာရုံကြောစနစ်လည်း အားနည်းနိုင်ပါတယ်။ ကြိုတင်ကာကွယ်နိုင်ပါတယ်။
- ကြိုတင်ကာကွယ်ရာမှာ ပြတင်းပေါက်ကနေ အလင်းရောင်က ကွန်ပျူတာ မျက်နှာပြင်ပေါ် ကျရောက်နေတာမျိုး မဖြစ်သင့်ပါဘူး။ အလင်းပြန်တဲ့အခါ မျက်စိကိုပိုပြီး ထိခိုက်စေပါတယ်။
- ကွန်ပျူတာနဲ့မျက်စိက တအား မနီးကပ်သင့်ပါဘူး။
- ကွန်ပျူတာ အလင်းအမှောင်(မီး)ကို လျှော့ထားသင့်ပါတယ်။
-မကြာခဏ ကွန်ပျူတာနဲ့ဝေးတဲ့ နေရာကြည့်ပေးသင့်ပါတယ်။မျက်စိကိုခေတ္တမှိတ်ပြီး အနားပေးသင့်ပါတယ်။
- အမြင်အာရုံဝေဝါးတာ၊ ခေါင်းမူးခေါင်းကိုက်တာ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။
- ကိုယ့်မျက်စိအခြေအနေကို မျက်ခြည်မပြတ်အောင် မျက်စိဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါတယ်။
- ကွန်ပျူတာအသုံးပြုတဲ့ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်လာမယ်။ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးထိုင်ပြီး ဂိမ်းဆော့ကြပါတယ်။ စာလုပ်ကြတယ်။ အထိုင်များပြီး လှုပ်ရှားမှုနည်းလာတဲ့အခါ လေးလံထိုင်းမှိုင်းလာမယ်။ အာရုံစူးစိုက်မှုအားနည်း(ကျောင်းစာအားနည်း)လာမယ်။ ကိုယ်အလေးချိန်တက်လာပြီး အဝလွန်လာပါတယ်။ နောက်ဆက်တွဲ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ ဖြစ်နိုင်ခြေမြင့်တက်လာနိုင်ပါတယ်။
ဒါ့ပြင် ကလေးတွေအရွယ်က ကြီးထွားဖွံ့ဖြိုးရမယ့် အရွယ်ဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါမှာ တခြားကလေးတွေနဲ့ယှဉ်လိုက်ရင် သေးငယ်နေမယ်။ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြဿနာတွေဖြစ်တယ်။ ရန်လိုတဲ့အပြုအမူတွေ လုပ်လာမယ်။ မျက်စိအကြောဆွဲတာလိုမျိုး အာရုံကြောနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အနှစ်ချုပ်ဆိုရရင် ကလေးတွေ ကွန်ပျူတာအသုံးများပြီး ကျန်းမာရေးပြဿနာတွေ မကြုံလာစေဖို့အတွက် မိဘတွေက သေချာဂရုစိုက်ပြီး အလေ့အကျင့် လုပ်ပေးထားဖို့လိုပါတယ်။ အပြင်ထွက်ပြီးကစားခိုင်းတာမျိုး၊ ကိုယ်လက်လှုပ်ရှားမှု အတူလုပ်ပေးတာမျိုးစတဲ့ ကလေးတွေကို စိတ်ဓာတ်တက်တက်ကြွကြွဖြစ်အောင် နေထိုင်ပုံတွေကို စိတ်ရှည်ရှည်နဲ့ ပုံသွင်းပေးသင့်ပါတယ်။