အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များနှင့် ပြည်သူ့ဆေးရုံများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၂၆

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင် ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာ‌ကျောင်းများနှင့် တက္ကသိုလ်များတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အပါအဝင် မြို့နယ် ၇ မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အပါအဝင် မြို့နယ် ၆ မြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အပါအဝင် မြို့နယ် ၁၇ မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌လည်းကောင်း တက္ကသိုလ်များ၊ စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို စုပေါင်း ဆောင်ရွက်ပေးကြသည်။

ထိုသို့ တက္ကသိုလ်များနှင့် စာသင်ကျောင်းများပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းဆောင်ရွက်ပေးကြသည်။

ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းယန်းမြို့နှင့်မိုင်းတုံမြို့တို့ရှိ ပြည်သူ့ဆေးရုံ များ၌ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ နှင့်အတူ ဆေးရုံဝန်း အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

 ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။