ဆင်ခြင်စဉ်းစား အသိတရား(အသေဝနာ စ ဗာလာနံ)

ဆင်ခြင်စဉ်းစား အသိတရား(အသေဝနာ စ ဗာလာနံ)

၃၈ ဖြာမင်္ဂလာ

 

ကျောင်းဆင်းခေါင်းလောင်းထိုးပြီဖြစ်သည်။

"လယ်ထဲမှာ ကဏန်းသွားနှိုက်ရအောင်ကွာ"

ပိုင်စိုးက ပစ္စည်းများကိုသိမ်းရင်း စိုးသူကို အဖော်ညှိလိုက်သည်။ စိုးသူက အဖြေပြန်မပေးဘဲ သူ့ပစ္စည်း များကို ဆက်သိမ်းနေသည်။

"တင့်လွင်လည်းလိုက်မယ်၊  မောင်လတ်လည်းလိုက်မယ်ကွ" ပိုင်စိုးက အဖော်ထပ်ညှိပြန်သည်။

စိုးသူက တင့်လွင်နှင့်မောင်လတ်တို့ကို လှည့်ကြည့်လိုက်သည်။

"လိုက်ခဲ့ပါကွာ" တင့်လွင်ကပြောသည်။

"ငါလည်းပါတယ်ကွ" ဟု မောင်လတ်က ထပ်ဆိုသည်။

"အမေဆူမှာစိုးတယ်၊ သိပ်နောက်မကျနဲ့နော်"

အဖော်ကောင်း၍ စိုးသူမငြင်းသာတော့။ နိုင်ငံတော် သီချင်းကို သူတို့သံပြိုင်သီဆိုလိုက်ကြသည်။ ပြီးနောက် "မင်္ဂလာပါဆရာ" ဟု အတန်းပိုင်ဆရာကို နှုတ်ဆက်လိုက်သည်။

စိုးသူတို့ ကျောင်းလေးသည် ပြည်ခရိုင်အတွင်းပါဝင်သော ပြည်မြို့ရှိ မှော်ဇာ ကျေးရွာအုပ်စု အတွင်း၌ တည်ရှိပါသည်။ စိုးသူတို့အားလုံး မင်းတန်းရွာအခြေခံပညာ အလယ်တန်းကျောင်း ပဉ္စမတန်း၌ ပညာသင် နေသော ကျောင်းသားလေးများ ဖြစ်သည်။

သူတို့မိဘများမှာ လယ်ယာလုပ်ငန်း၊ ဥယျာဉ်လုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများ ဖြစ်ကြသည်။

ထိုနေ့က သူငယ်ချင်းများနှင့် အပျော်လွန်သွား၍အိမ်ကို မိုးချုပ်မှပြန်ရောက်ခဲ့သည်။ ရွှံ့များလိမ်းကျံ ပေပွနေသော စိုးသူကို အမေက ညည်းညူအပြစ်တင်ရင်း ရေမိုးသန့်စင်ပေးသည်။ စိုးသူအိမ်ပြန် နောက်ကျသဖြင့် အဖေလိုက်ရှာနေသည်ဟု အမေကပြောပြသည်။ ထို့ပြင် စိုးသူတို့ ကဏန်း သွားနှိုက် သောလယ်ပိုင်ရှင် ဒွေးမြကလည်း စိုးသူတို့ကြောင့် သူ့လယ်ပျက်သွားကြောင်း အဖေ့ကို လာတိုင်သွား သည်ဟုသိလိုက်ရသည်။ ကိုယ့်အပြစ်နှင့်ကိုယ်မို့ စိုးသူ ငြိမ်နေကာ ထမင်းစားပွဲခင်း၍ အိမ်စာကို လုပ်နေလိုက်သည်။ ခဏနေတော့ အဖေပြန်ရောက်လာပြီးလျှင် အိမ်စာလုပ်နေသော စိုးသူအနားမှာ ဝင်ထိုင်လိုက်သည်။

"သား ဒွေးမြတို့လယ်ထဲမှာ ကဏန်းသွားနှိုက်နေတယ်ဆို"

"ဟုတ်ကဲ့" ဟု စိုးသူဝန်ခံလိုက်သည်။

"ဘယ်သူတွေနဲ့လဲ"

"ပိုင်စိုးတို့နဲ့ပါ ဖေဖေ"

"သားရယ် သားတို့အတန်းထဲမှာ ပေါင်းစရာရှားလို့၊  ပိုင်စိုးနဲ့မှ ပေါင်းရလားကွယ်၊ စာဆိုရင်လည်း နောက်ဆုံးမှာ၊ ရွာထဲမှာ ရန်ဖြစ်တော့ထိပ်ဆုံးက၊ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးစီးပွား မဲ့စေတဲ့သူနဲ့ မပေါင်းပါနဲ့သားရယ်၊ မကောင်းတဲ့ အကြံကိုကြံမယ်၊ မကောင်းတဲ့ စကားပြောမယ်၊ မကောင်းတဲ့ အလုပ်ကိုလုပ်မယ်၊  အဲဒီလိုလက္ခဏာရှိသူတွေဟာ ပစ္စည်းဥစ္စာကြွယ်ဝနေပါစေ၊ အမျိုးမြတ် နေပါစေ၊ သူတို့ကို လူမိုက်လို့ခေါ်တယ်သားရဲ့၊ လောကမှာ ဘေးအန္တရာယ်ဆိုတာ လူမိုက်တွေကြောင့် သာဖြစ်လာကြရတာ" စိုးသူ နားထောင်နေမှန်းသိတော့ ဖေဖေက ဆက်ပြောပါသည်။

အဖေစကားပြောနေစဉ် အမေကလည်း စိုးသူအနားမှာလာထိုင်ပြီး စကားဆုံးတော့ အမေက ဝင်ပြော သည်။

"မြွေပါးကင်းပါးအန္တရာယ်ကို မကြောက်ဘူးလား သားရယ်"

မေမေပြောမှ လွန်ခဲ့သောရက်က ကဏန်းနှိုက်ရင်းပိုးထိခံလိုက်ရသော ထွန်းလွင်ပုံရိပ်ကို စိုးသူပြန်မြင် ယောင်လာမိသည်။ ယခုမှပင် အကြောက်တရားသည် စိတ်ကို လှုပ်နှိုးလာတော့သည်။

"သားတို့ ကဏန်းနှိုက်ရင်းနဲ့ ပိုးထိမယ်၊ ထိခိုက်အနာတရဖြစ်မယ်၊ အဲဒီလိုဖြစ်ပေါ်လာတဲ့ ဘေး အန္တရာယ်တွေ မှန်သမျှဟာ သားအပေါင်းအသင်းမှားလို့ဖြစ်ရ၊ ကြုံတွေ့ရတာပဲ။ သူခိုးနဲ့ ပေါင်းမိရင် သူခိုးဖြစ်မယ်၊ ဓားပြနဲ့ပေါင်းမိရင် ကိုယ်တိုင်ဓားပြဖြစ်မယ်၊ သူခိုးဓားပြဖြစ်ရင် ပြင်းထန်တဲ့ပြစ်ဒဏ်ကို တစ်နေ့ခံရလိမ့်မယ်။"

အဖေ့စကားဆုံးတော့ ကျောင်းပြေးတတ်သော ပိုင်စိုးက သူ့ကိုကျောင်းပြေးရန် လာဆွယ်ဖူးသည်ကို သတိရလိုက်သည်။ ပိုင်စိုးနှင့် ပေါင်းမိပါကသူလည်း ကျောင်းပြေးဟူသော နာမည်ဆိုးနှင့် သူငယ်ချင်း များအလယ်  မျက်နှာငယ်ရမည်ကို တွေးဆလိုက်မိသည်။

"မြစ်ရေဟာချိုတယ်၊ သောက်လို့ရတယ်၊ သမုဒ္ဒရာထဲရောက်ရင်တော့ ရေသောက်လို့ မရတော့ဘူး ဖြစ်သွားတယ်၊ ရေမှန်ပေမယ့် သောက်လို့ရမှသာတကယ့်ရေဖြစ်တာ၊ သောက်လို့မရ၊ သုံးစွဲလို့ မဖြစ်တဲ့ အခြေအနေမှာ ဘဝဟာလည်း အဓိပ္ပာယ်မဲ့သွားမှာပေါ့၊ သားရော မြစ်ရေ ဖြစ်ချင်လား၊ သမုဒ္ဒရာရေ ဖြစ်ချင်လား" ဖေဖေက စကားကို အဆုံးသတ်လိုက်သည်။

မိဘ၊ ဆရာဟူသည် ပဲ့ကိုင်ကောင်းများပင် ဖြစ်ကြသည်။ လူမိုက်ကို ဆရာတင်ခြင်း၊ ပေါင်းသင်း ဆက်ဆံခြင်းတို့ကို တားမြစ်ပိတ်ပင် ဆုံးမနေခြင်းတို့သည် မိမိအတွက်သာဖြစ်ကြောင်း စိုးသူ နားလည်လိုက် မိပါသည်။  ။

ကိုဇော်ဌေး(ယဉ်ကျေးမှု)