အိုးထဲကနပ်ဖို့ လိုပါတယ်
လူငယ်များသို့ပေးစာ
တူမောင် . . .
တက္ကသိုလ်သွားပြီလို့သိရတယ်။ ပျော်ရွှင်စရာ တက္ကသိုလ်ကျောင်းသားဘဝမှာ ပျော်ရွှင်ပါ၊ သင်ယူစရာ ရှိတာတွေကိုလည်း ဆည်းပူးသင်ယူခဲ့ပါ။ တူမောင့်ရဲ့ သူငယ်ချင်းတချို့ကတော့ အခုထိ အထက်တန်း ကျောင်းသား ဘဝအဖြစ် ကျန်ရစ်ခဲ့တုန်းပဲ။ တကယ်စိတ်မကောင်း ဖြစ်ထိုက်ဖွယ် လူငယ်တွေ အတွက်ဆိုရင် ဝမ်းနည်းမိမှာမှန်ပေမယ့် အခြေခံမကောင်းခဲ့တဲ့ ကျောင်းသားတွေအတွက်တော့ ဦးလေး စိတ်မကောင်း မဖြစ်ပေးနိုင်ဘူး။
ဆယ်တန်းအောင်ဖို့ဆိုရင် ကိုးတန်းမှာ အခြေခံကောင်းခဲ့ရမယ်။ ကိုးတန်းအောင်ဖို့ ရှစ်တန်းမှာ စာတွေ ပိုင်ခဲ့ရမယ်။ ဆိုရရင် မူလတန်းကျောင်းသားဘဝမှာကတည်းက တစ်တန်းစာကို တစ်တန်း ကျေကျေ ညက်ညက်ဖြစ်ခဲ့မှသာ အထက်တန်းရောက်တဲ့အခါ အဆင်ပြေပြေကျော်ဖြတ်နိုင်မှာပေါ့။ တချို့မိဘတွေ ကိုယ့်သားသမီးရဲ့ ပညာရေးအရည်အချင်းအစစ်အမှန်ကို မသိကြဘူး။ အထက်တန်းရောက်ရင် ဘော်ဒါဆောင်ပို့မယ်။
ဆယ်တန်းအောင်အောင်လုပ်မယ်ဆိုပြီးတော့ပဲ တွေးထားကြတယ်။ အခြေခံဘယ်လိုမှမပါတဲ့ ကျောင်းသားကို ဘယ်ဘော်ဒါဆောင်ကမှလည်း သိက္ခာအကျခံပြီး မထားကြပါဘူး။ အဲ့ဒီတော့ ဦးလေးရဲ့ အဖေပြောဆိုနေကျ စကားလေးနဲ့ ထပ်ဆင့်ပြောရရင် “အိုးထဲကမနပ်တဲ့ထမင်း ပန်းကန်ထဲလည်း ဘယ်နပ်ပါ့မလဲကွာ”တဲ့။
နားရှုပ်သွားသလား တူမောင်။
ဦးလေးရှင်းပါ့မယ်။ ထမင်းအိုးထဲမှာ နပ်အောင် မချက်ထားတဲ့ ထမင်းတွေကို စားဖို့ဆိုပြီး ပန်း ကန်ထဲကို ထည့်လိုက်ရင်ရော အဲဒီထမင်းတွေက အလိုလိုနပ်လာပါ့မလား။ စားလို့ကောင်းပါ့မလား။
တစ်ခါတည်းအိုးထဲမှာကျက်လာမှ ပန်းကန်ထဲမှာ လည်း စားကောင်းတဲ့ထမင်းဖြစ်လာမှာပေါ့။ ဆိုရရင် အခြေခံမှာကတည်းက ကောင်းလာဖို့လိုတယ်ဆိုတာပါပဲ။ တူမောင့် သူငယ်ချင်းတွေထဲမှာ ကျောင်း ပြေးပြီး စာမလုပ်ခဲ့သူတွေ၊ မိဘပိုက်ဆံ ညာတောင်းပြီး သုံးဖြုန်းခဲ့သူတွေ ဘယ်လိုအခြေအနေရှိလဲ တူမောင် ပြန်တွေးကြည့်လိုက်ပါ။ ကျောင်းစာကိုတောင်မှ သင်ယူဖို့ခက်ခဲနေရင် ဘဝသင်ခန်းစာတွေကို သူတို့သင်ယူဖို့ပိုခက်ခဲကြလိမ့်မယ်။ အဲဒီအခက်အခဲတွေကို ဆင်ခြင်တုံတရားနဲ့ မဖြေရှင်းနိုင်တဲ့တစ်နေ့ သူတို့ဘဝတွေ အဆုံးသတ်သွားမှာပဲ။
အခုဆို တက္ကသိုလ်မှာ သူငယ်ချင်းအသစ်တွေနဲ့ တူမောင်ဆုံရပြီ။ အဲဒီအသစ်အသစ်သော သူငယ်ချင်း တွေ ထဲမှာလည်း လမ်းကြောင်းမှားပေါ် လျှောက်ချင်သူတွေ၊ မကောင်းတာကို လက်တည့် စမ်းချင်သူ တွေ ရှိနေကြလိမ့်မယ်။ တူမောင့် ဘေးပတ်ပတ်လည်မှာ ရည်းစားအများကြီးထားတဲ့ ကျောင်းသား တွေ၊ ဖဲကစားတာသဘောကျသူတွေ၊ ဘောလုံးပွဲကြိုက်ပြီး လောင်းကစားဘက်ပါနေသူတွေ၊ ကလပ်သွား ပျော်ပါးလိုစိတ်များသူတွေ၊ မိန်းကလေးတွေဆိုလည်း အလှအပကြိုက်လွန်းပြီး ငွေမက်မောသူတွေ၊ ကောင်လေးတွေရဲ့ အာရုံစိုက်မှုခံယူချင်လွန်းသူတွေ၊ ကျောင်းစာထက် ပြင်ပအပျော်ကိုပဲ မက်မောသူ တွေကို တူမောင် သေချာပေါက်တွေ့ရပါလိမ့်မယ်။ အခုတက္ကသိုလ် တက်နေကြသူတွေထဲမှာကို ဆယ်တန်းမှာ ကံကောင်းပြီး အောင်လာကြသူတွေ သေချာပေါက်ပါလိမ့်မယ်တူမောင်။ သူတို့ဟာ ဘဝဆိုတာ အမြဲကံကောင်းလေ့ရှိတယ်လို့ ထင်သူတွေပေါ့။ တကွေ့ကွေ့မှာ ထိကြပါလိမ့်မယ်။
ဦးလေးတို့ တက္ကသိုလ်တက်စဉ်ကလည်း ဦးလေးပြောခဲ့သလို ပျော်ရွှင်မှုရှာ ပျက်စီးခဲ့တဲ့ လူငယ်တွေရှိခဲ့တယ်။ ဘွဲ့တစ်ခုကို ရုန်းကန်ပြီးရအောင်တော့ယူခဲ့ကြတယ်။ ဒါပေမဲ့လည်း ငယ်စဉ် ကျောင်းသား ဘဝကတည်းက စွဲမြဲခဲ့တဲ့ မကောင်းတဲ့အကျင့်တွေနဲ့ တက္ကသိုလ်မှာ ဆက်သင်ခဲ့တဲ့ အပေါင်းအသင်းစုံကြားက ပညာတွေကို လုပ်ငန်းခွင်ဆီ ဆက်သယ်လာကြတယ်။ လုပ်ငန်းခွင်မှာ ကျတော့ ကိုယ်ပိုင်ဝင်ငွေရှိလာပြီလေ။ မကောင်းတဲ့ အတတ်ပညာတွေကို ကိုယ်ပိုင်ဝင်ငွေနဲ့ပေါင်းပြီး ဆက်လုပ်တော့ တဖြည်းဖြည်းချင်းဘဝက နစ်သထက်နစ်လာတယ်။ သတိမထားမိကြဘူး။ ငွေရှိတဲ့ လုပ်ငန်းခွင်မှာ ငွေကြေးအလွဲသုံးစားမှုတွေ၊ မိန်းမရှိတဲ့ လုပ်ငန်းခွင်မှာ လူမှုရေးဖောက်ပြန်မှု ပြဿနာ တွေ၊ ဆေးလိပ်ကစလိုက်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာတွေ မနည်းမနော ဖြစ်လာကြတယ်။ ကျောင်းသားဘဝကတည်းက ဖဲရိုက်စွဲလမ်းသူက ဖဲကြောင့် ဘဝပျက်တယ်၊ မိန်းမပွေသူက မိန်းမ ကြောင့်ပဲ ထောင်ကျရတယ်။ အရက်သမားက အရက်ကြောင့်ပဲ သေကြ ဘဝဆုံးကြရတယ်။ လစ်ရင် လစ်သလို ခိုးမယ် ဝှက်မယ်ဆိုသူတွေကလည်း တည်တည်ငြိမ်ငြိမ်လေးနဲ့ပဲ ရသမျှ အိတ်ထဲထည့်၊ တဖြည်းဖြည်းချင်း နေရာတွေယူလာရင်း မရှူနိုင် မကယ်နိုင်တဲ့ တစ်နေ့ကျတော့ ဝုန်းခနဲ အထိနာနာ ကျရပါလေရော။ ဒါတွေအားလုံးဟာ ဦးလေးတို့ မျက်စိရှေ့မှာ မြင်နေကြားနေရတာတွေပဲ တူမောင်။ ဦးလေးအဖေစကားနဲ့ပဲ ဆက်ပြောပါမယ်။ သူတို့အားလုံး အိုးထဲက မနပ်ခဲ့ကြတဲ့ ထမင်းတွေပါ။
ကမ္ဘာမှာရော မြန်မာမှာပါ ပန်းကန်ထဲရောက် လာတဲ့ ပျော့တူးမနပ်ထမင်းတွေ မနည်းတော့ ပါဘူး။ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုရင် စတင်ပြီး ချက်ပြုတ်သူတွေကိုယ်တိုင် သေသေချာချာ စနစ် တကျ စေတနာပါပါချက်ဖို့လိုမယ်ထင်ပါတယ်။
ဒါမှ စားသုံးသူတွေ အဆင်ပြေစိတ်ချမ်းသာရမယ်မဟုတ်လား။ ဦးလေးရဲ့ သူငယ်ချင်းတွေထဲမှာကိုပဲ အဲဒီပုံစံတွေနဲ့ တိမ်းပါးသွားကြသူတွေ မနည်းပါဘူး။ တူမောင့်ကိုတော့ ဦးလေးယုံကြည်ပါတယ်။ ဆက်ပြီးတော့ ကိုယ်တွေဖန်တီးရမယ့်အခိုက်မှာ ပျော့တူးမနပ်တွေမဖြစ်စေဖို့ အိုးထဲကနပ်လာစေဖို့ ကြိုးစားလိုက်စမ်းပါ တူမောင်။
စိုးနွေ