ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကြည့်ရှုစစ်ဆေး
နေပြည်တော် အောက်တိုဘာ ၂၇
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်း တွင် အင်းစိန်မြို့နယ်ရှိ သုတေသနဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆေးဝါးစက်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးနှင့် MSME များကို အထောက်အကူပြုနိုင်ရန် ကြိုးစားဆောင်ရွက်ရန်၊ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေးအတွက် စားသောက်ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြပ်မတ်ပေးရန်နှင့် ပြည်သူများအတွက် လိုအပ်သောဆေးဝါး အမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မူလဓာတ်ခွဲခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ဆောင်မှု လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရေး ဝန်ထမ်းများကို သင်တန်းများ ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးရန်၊ ဘေးကင်းလုံခြုံရေး၊ ဓာတ်ခွဲခန်းပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထား စီမံဆောင်ရွက်ရန်၊ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်များ ရရှိရေး စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ရောက်ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ မှာယူထားသည့်ဆေးပြားများ အချိန်မီပေးပို့နိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်ရှိ ကြွေရည်စိမ် ပစ္စည်းစက်ရုံ (လှိုင်)သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဈေးကွက်နှင့် ကိုက်ညီသည့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်၊ စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေး သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများအတွက် လိုအပ်သောကုန်ပစ္စည်းများ ထုတ်လုပ်ရန်၊ ပြည်ပသွင်းကုန် အစားထိုး ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား၍ စက်ရုံအတွင်း ရော်ဘာအခြေပြု ဖိနပ်အမျိုးမျိုး ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။