ဆေးဖက်ဝင်စေသည့် မုန်လာဉဖြူပင်

ဆေးဖက်ဝင်စေသည့် မုန်လာဉဖြူပင်

မုန်လာဥဖြူကို မုန်လာဥဟု အလွယ်ခေါ်ကြသည်။ မုန်လာဥဖြူကို အင်္ဂလိပ်လို Daikon Radish Radish (Mooli) ဟုခေါ်ပြီး ရုက္ခဗေဒအရ Raph- anus sativus ဟုခေါ်သည်။ မုန်လာဥဖြူပေါက် ရောက်ရာ မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံ၌ ရှေးနှစ်ပေါင်းများစွာကတည်းက စတင် စိုက်ပျိုး လာခဲ့ရာမှ အီဂျစ်နှင့် ဂရိနိုင်ငံတို့သို့ ကုန် သွယ်ဖောက်ကားလာခဲ့ကြပြီး ထိုမှတစ်ဆင့် ကမ္ဘာ့ နိုင်ငံများ၌ မုန်လာဥဖြူစားသုံးသောဓလေ့ ဖြစ်ထွန်းလာသည်။ ဆောင်းရာသီ သီးနှံထဲတွင်ပါဝင်ပြီး မိုးတွင်းတွင် စိုက်ပျိုးနိုင်သော်လည်း ဆောင်းမုန်လာဥလောက် မကြီးထွားပေ။

မုန်လာဥဖြူစားဖွယ်စုံ

မုန်လာဥဖြူကို ငါးခူ၊ ငါးရံ့၊ ငါးမြင်း၊ ငါးကြင်းစသည့် ငါးများနှင့်အမဲသား၊ ချဉ်ရည်ချက်စားကြသကဲ့သို့ ဆိတ်သားဟင်းလျာများတွင်လည်း ထည့်၍ ချက်စားနိုင်သည်။ မုန်လာဥဖြူကို ခပ်ပါးပါး လှီး၍ ဝက်သား၊ ကြက်သား၊ ဝက်အူချောင်း၊ ကြက်ဥ တို့နှင့် နှစ်သက်သလို ကြော်စားနိုင်သည်။ မုန်လာဥ ပိုးတီချဉ်၊ မုန်လာဥသနပ်၊ မုန်လာဥချဉ်ဖတ်တို့က လည်း ထမင်းမြိန်စေသည်။

မုန်လာဥဖြူနှင့် ကျန်းမာရေး (မုန်လာဥဖြူနှင့် မြန်မာ့ဆေးကျမ်း)

- ဒဗ္ဗဂုဏပကာသနီဆေးကျမ်းတွင် မုန်လာဥသည် စပ်သည်။ ပွသည်။ ကြေလွယ်သည်။ အစာကိုကြေစေ တတ်သည်။ အဖျားနာ၊ ပန်းနာ၊ နှာခေါင်းနာ၊ လည် ချောင်းနာ၊ မျက်စိနာတို့ကိုနိုင်သည်။ မုန်လာရွက် သည် အဆီမရှိ၊ ကြေကျက်ရန်လွယ်ကူသည်။ ပူသည်။ သလိပ်၊ သည်းခြေနာတို့ကိုနိုင်သည်။ အစာကို ကြေစေသည်။ ဆီဖြင့်ချက်ပါက ဒေါသသုံးပါးစလုံးကိုနိုင်သည်။ အစိမ်းဖြစ်ပါက သလိပ်၊ သည်းခြေတို့ကို ပျက်စေတတ်သည်ဟုဆိုထားသည်။

- မြန်မာ့ဆေးကျမ်း အကျော်အမော်များတွင် မုန်လာဥဖြူသည် ပူသောဓာတ်ရှိပြီး စပ်သောအရသာရှိ သဖြင့် နှုတ်ကိုမြိန်စေတတ်သည်။ ဖျားခြင်း၊ လည် ချောင်းနာခြင်းနှင့် မျက်စိနာခြင်းတို့ကို ပျောက်ကင်း စေသည်။ မုန်လာရွက်သည် ကြေလွယ်၊ ကျက်လွယ် ပြီး အဆီမရှိ၊ ပူသောဓာတ်ရှိသည်။ သလိပ်နာနှင့် သည်းခြေနာတို့ကို ပျောက်ကင်းစေနိုင်သည်ဟု ဆို ထားသည်။

ဒေသနာနယဆေးပညာအရ မုန်လာရွက်မျိုးစုံ သည် အပူအကြောင်းခံသောရောဂါများ ပျောက်ကင်း စေသည့် အအေး (သီတ) ဓာတ်ဖြစ်သည်။ ဆီးများ၊ လေသက်စေသည်ဟု ဆိုထားသည်။

မုန်လာဥဖြူနှင့် ကျန်းမာရေးအသွယ်သွယ်

ဆေးသိပ္ပံနည်းအရ လေ့လာကြည့်ရာတွင် တစ်ခွက် စာပမာဏရှိသော မုန်လာဥဖြူတွင် ကယ်လိုရီ ၁၉၊ ကစီဓာတ် ၄ ဂရမ်၊ အမျှင်ဓာတ် ၂ ဂရမ်၊ ပရိုတင်း ၁ ဂရမ်နှင့် တခြားသော အာဟာရပြုဓာတ်များ ဖြစ်ကြသည့် ကယ်လ်စီယမ် ၂၉ မီလီဂရမ်၊ သံဓာတ် ဝ ဒသမ ၄ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၁ ဒသမ ၆ မီလီဂရမ်၊ မီးစုန်း ၂၃ ဒသမ ၂ မီလီဂရမ်နှင့် ပိုတက် စီယမ် ၂၇ဝ မီလီဂရမ်တို့ အသီးသီးပါရှိနေကြသည်။ မုန်လာဥဖြူကို နေ့စဉ်စားပေးသင့်ကြောင်း ကျန်းမာ ရေးသုတေသီများက အကြံပြုထားကြသည်။

- မုန်လာဥဖြူတွင် ဗီတာမင်ဓာတ်များ၊ ဖောလစ် အက်စစ်နှင့် Anthocyanin ဓာတ်များ ပေါင်းစပ် ဖွဲ့စည်းထားသောကြောင့် ယင်းဓာတ်တိုးဆန့်ကျင် ပစ္စည်းများက ကင်ဆာရောဂါများကို တိုက်ထုတ်ပေး နိုင်သည်။ အထူးသဖြင့် အူမကြီး၊ အစာအိမ်၊ အူသိမ် နှင့် ကျောက်ကပ်ကင်ဆာများအတွက် ကောင်းကျိုး ပြုသည်။

- မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ ဗီတာ မင်စီနှင့် ဗီတာမင်ကေဓာတ်များက ခန္ဓာကိုယ်အရေပြား ပျက်စီးခြင်းကို ကာကွယ်ပေးသည်။ မုန်လာဥဖြူကို စားပေးခြင်းဖြင့် ဆဲလ်ထုတ်လုပ်မှုအား ပိုကောင်း လာပြီး ပျက်စီးနေသော အရေပြားဆဲလ်များကို ပြန်လည်ကောင်းမွန်လာစေသည်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါရှိသော မုန်လာဥဖြူက ခန္ဓာကိုယ်အတွင်း ဘေးဖြစ်စေသော Free Radical များကို တိုက်ထုတ်ပေးကာ ကိုယ်ခံစွမ်း အားကို ပိုမိုကောင်းမွန်လာစေသည်။

- အသည်းနှင့် ဆီးအိမ်တို့ကို ကောင်းကျိုးပြုနိုင်သည်။ မြောက်မြားစွာပါရှိသော မုန်လာဥဖြူတွင် အမျှင်ဓာတ်များက အစာကိုကြေညက်စေကာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်းမွန်မှန်ကန် စေသည်။ သံဓာတ်အလုံအလောက်ပါရှိနေ၍ သွေးအားကောင်းစေကာ နှလုံးဆောင်ရွက်ချက်များ ကိုလည်း ကောင်းကျိုး သက်ရောက်စေသည်။ ထို့ပြင် မုန်လာဥ ဖြူထဲရှိ သံဓာတ်က အရေပြား၊ ဆံသား၊ ခြေသည်း၊ လက်သည်းများ၏ ဆဲလ်များကို ကျန်းမာစေသည်။

- မိမိနှင့်မတည့်သော အစားအစာများစားမိပြီး နောက် နံနက်အိပ်ရာထချိန် မအီမသာဖြစ်ခြင်းအတွက် မုန်လာဥဖြူကို ဟင်းချက်စားပေးပါ။ မုန်လာဥဖြူက ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန် လာစေသည်။ မုန်လာဥဖြူတွင် ရေဓာတ်မြင့်မားစွာပါရှိကာ ကြေညက်ရန်ခက်ခဲသော ကစီဓာတ်များ လည်း ပါရှိနေသည်။ မုန်လာဥဖြူစားခြင်းဖြင့် ကယ်လိုရီ လျှော့ချပေးနိုင်သကဲ့သို့ ခန္ဓာကိုယ်တွင်း အဆီများ စုဝေးခြင်းကိုလည်း တားဆီးပေးပြီး ခန္ဓာကိုယ်အလေး ချိန်လျှော့ချပေးနိုင်သည်။

- မုန်လာဥဖြူထဲရှိ အာဟာရဓာတ်များက ခန္ဓာ ကိုယ်ကြွက်သားများကို ကောင်းစွာတည်ဆောက်ပေး သည်။ ထို့ပြင် သဘာဝအရင်းအမြစ် ပရိုတင်းဓာတ် များကလည်း ခန္ဓာကိုယ်အတွက် အားသစ်လောင်း ပေးသည်။

- တခြားသော ကျန်းမာရေးအတွက် ဆေးဖက်ဝင် သည့် ဟင်းသီးဟင်းရွက်များကဲ့သို့ပင် မုန်လာဥဖြူက လည်း သွေးထဲရှိ ကိုလက်စထရောများကို လျှော့ချ ပေးနိုင်ကာ ကိုလက်ထစရောကြောင့်ဖြစ်သော နှလုံး သွေးကြောရောဂါများနှင့် နှလုံးပြဿနာများကို ကြိုတင်ကာကွယ်ပေးနိုင်သည်။

- မုန်လာဥတွင်ပါရှိသော ပိုတက်စီယမ်၊ သံဓာတ်၊ ဆိုဒီယမ်နှင့် ကယ်လ်စီယမ်တို့က ခန္ဓာကိုယ်ဇီဝဖြစ်စဉ် အတွက် အရေးပါသည်။ ယင်းသတ္တုဓာတ်များက သွေးထဲသို့ အောက်ဆီဂျင်သယ်ဆောင်ပေးခြင်း၊ ကိုယ်ဝန်ဆောင်စဉ် အာဟာရဖြစ်စေခြင်း၊ သွေးထဲရှိ သကြားဓာတ်ကို ထိန်းချုပ်ပေးခြင်းနှင့် သွေးဖိအားကို ထိန်းပေးခြင်းတို့ဖြင့် ကောင်းကျိုးပြုပေးသည်။

- ပိုတက်စီယမ်မြင့်မားစွာပါရှိသောကြောင့် သွေး တိုးရောဂါကို သက်သာပျောက်ကင်းစေသည်။

- မုန်လာဥမြစ်က Antibacterial နှင့် Antimi- crobial အစွမ်းသတ္တိများပါရှိနေ၍ ကူးစက်ရောဂါ များအတွက် ဆေးဖက်ဝင်သည်။ ထို့ပြင် Amylase၊ Esterase နှင့် Diastase စသည့်အင်ဇိုင်းဓာတ်များ ပါရှိနေ၍ မှိုပိုးအန္တရာယ်ကိုကာကွယ်ပေးနိုင်သည်။ ခန္ဓာကိုယ်ပြင်ပ၌ အင်းဆက်ပိုးမွှားများကိုက်ခံရပါက မုန်လာဥဖြူကိုပါးပါးလှီး၍ ဒဏ်ရာပေါ်သို့ ကပ်ပေးပါ။

 - အဆိပ်အတောက်များကို စွမ်းအားပြည့်ချေမှုန်း ပေးနိုင်ပြီး သွေးကိုသန့်စင်စေကာ အသည်းနှင့် အစာအိမ်တို့ကိုကျန်းမာစေပြီး အူမကြီးနှင့် ကျောက် ကပ်တို့ကို သန့်စင်ပေးသည်။

- အသည်းရောင်အသားဝါရောဂါအတွက် မုန်လာ ဥဖြူကို ဓာတ်စာအဖြစ် မှီဝဲစားသုံးသင့်သည်။

- အိန္ဒိယနိုင်ငံရှိ The University of Allahabad မှ ဆီးချိုရောဂါသည်များကို လေ့လာချက်အရ မုန်လာဥဖြူထဲတွင်ပါရှိသော Hypoglycemia နှင့် Antidiabetic ဂုဏ်သတ္တိများက သွေးထဲရှိ ဂလူး ကို့စ်ပမာဏကို မျှတစေ၍ နာတာရှည်ဆီးချို၊ သွေးချို ရောဂါသည်များ မုန်လာဥဖြူစားပေးသင့်ကြောင်း အကြံပြုထားသည်။

- မုန်လာဥဖြူက ချွဲသလိပ်များကို ပျော်ကျစေကာ အသက်ရှူလမ်းကြောင်းစနစ်ကို အထောက်အပံ့ပေး သည်။ တုပ်ကွေး၊ ချောင်းဆိုး၊ ပန်းနာ၊ ရင်ကျပ်နှင့် ကူးစက်ရာသီဖျားနာများကို ကာကွယ်ပေးနိုင်သည်။

- မုန်လာဥဖြူတွင် Sulfur နှင့် Raphanin ဓာတ် များပါရှိပြီး သိုင်းရွိုက်ဟော်မုန်းများကို မျှတစေသည်။ လိပ်ခေါင်းရောဂါရှိသူများ မုန်လာဥဖြူကို အစိမ်းဝါးစားပါ သို့မဟုတ် ကြိတ်ခြေ၍ ဖျော်ရည် အဖြစ် သောက်ပါ။

- ခန္ဓာကိုယ်တွင်း အပူအပုပ်များသူများ ပူအိုက် သောရာသီတွင် အအေးစာဖြစ်သည့် မုန်လာဥဖြူကို အပူငြိမ်းအေးစေတတ်သော ဓာတ်စာကုထုံးအဖြစ် စားပေးသင့်သည်။ ထို့ပြင် မုန်လာဥဖြူတွင် ဇင့်၊ မီးစုန်းနှင့် ဗီတာမင်စီတို့ပါရှိနေ၍ ခန္ဓာကိုယ်တွင်း ရေဓာတ်လုံလောက်စေကာ တစ်သျှူးကြွက်သား များကို အာဟာရဖြစ်စေသည်။

- အထူးသဖြင့် မုန်လာဥဖြူအစေ့ထဲတွင် ကယ်လ် စီယမ်အမြောက်အမြားပါရှိ၍ အရိုးကိုသန်မာစေ

သည်။

- ခန္ဓာကိုယ်အရေပြား သန့်စင်စိုပြည်ဝင်းမွတ်လိုသူများ မုန်လာဥဖြူ များများစားပေးပါ။ ဒူး၊ တံတောင်ဆစ်၊ ခြေဖနောင့်များ အသားမာ တက်၍ ညိုမည်းကွဲအက်ခြင်းအတွက် မုန်လာဥဖြူ ကိုကြိတ်ခြေ၍ သံလွင်ဆီဖြင့် အသားထဲစိမ့်ဝင် အောင်လိမ်းပေးပါ။

- ဆံပင်ကျွတ်လွန်းသူများနှင့် ဗောက်ထသူများ မုန်လာဥဖြူများများစား၍ ယင်းမုန်လာဥဖြူကို ကြိတ် ခြေကာ ဦးရေပြားအနှံ့လိမ်းပေးပါ။ ဦးရေပြား ကျန်းမာစေကာ ဆံသားအရောင်လည်း တောက်ပလာ စေနိုင်သည်။

မှတ်ချက်

- လတ်ဆတ်သောမုန်လာဥသည် အပေါ်ယံအခွံ တင်းနေပြီး အမြစ်မှာ ကြွပ်ဆတ်ဆတ်ဖြစ်၍ အရွက် များ စိမ်းစိုကာ အခွံပေါ်၌ အစက်အပြောက်၊ အက်ကွဲခြင်းမရှိစေဘဲ ချောမွတ်နေရမည်။

- မုန်လာဥကို ရေခဲသေတ္တာထဲ၌ သိမ်းထားရန် မလိုအပ်ပေ။

- မုန်လာဥကို စက္ကူအိတ်ဖြင့် လေမဝင်အောင် ထုပ်ပိုးကာ အေး၍ခြောက်သွေ့သောနေရာ၌ သိမ်းထားပေးခြင်းခြင့် ရက်သတ္တပတ်ခန့်ကြာသည် အထိ လတ်ဆတ်နေမည်ဖြစ်သည်။

သတိပြုရန်

မုန်လာဥဖြူနှင့် မစားအပ်သော အစားအစာများ မှာ မတ်ပဲ၊ သားမျိုးခြောက်၊ ဟင်းရွက်ခြောက်တို့ဖြစ် သည်။

ပေါက်ပေါက်

Dates: 
Monday, October 28, 2024 - 07:16