တိုးတက်ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် ဝန်ထမ်းများ အရည်အသွေး ပြည့်ဝရန်လို
နေပြည်တော် အောက်တိုဘာ ၂၈
တိုးတက်ပြောင်းလဲလာသည့် နည်းပညာခေတ်တွင် ဝန်ထမ်းများ အရည်အသွေး ပြည့်ဝရန်နှင့် လုပ်ရည်ကိုင်ရည်တိုးတက်ရန် သိသင့်သိထိုက်သည်များကို အစဉ်လေ့လာ သင်ယူရန် လိုအပ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော် ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး တို့မှ ဦးစီးအရာရှိအဆင့်အရာရှိ သင်တန်းသား ၂၀ ဦးနှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုနှင့် ထိတွေ့နေရသည့်ဌာန ဖြစ်သည့်အတွက် ဝန်ထမ်းများကိုယ်တိုင် အတွေးအခေါ် ၊ အယူအဆ ရင့်သန်ရန်နှင့် စိတ်ဓာတ်ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ဌာန၏လုပ်ငန်းများ အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် အပတ်တကုတ် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း(၂/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။